www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 31, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြား


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် ဗိုလ်လောင်းတပ်ခွဲများ၏ ချီတက်အလေးပြုခြင်းကို ခံယူစဉ်



နေပြည်တော် ၊ ၃၁-၁၂-၂၀၁၅

မိမိနိုင်ငံ သမိုင်းတွင် မြန်မာအမျိုးသမီး များသည် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားပြီး မျိုးချစ်စိတ်ဓာတ် နှင့်အတူ စစ်သွေးစစ်မာန်များ အစဉ်ထက်မြက် ခဲ့သည်ကို ဂုဏ်ယူဖွယ်ရာ တွေ့ရှိရမှာ ဖြစ်ကြောင်း၊ မိမိတို့ တိုင်းရင်းသား များသည် ယောင်္ကျား/ မိန်းမ မခွဲခြားဘဲ မျိုးချစ်စိတ်ဓာတ် နှင့် ဇာတိသွေး၊ ဇာတိမာန်များ အစဉ် ကိန်းအောင်းလျက် ရှိကြောင်း၊ ၁၉၅၄ ခုနှစ်တွင် နိုင်ငံတော် ကာကွယ်ရေး အတွက် အမျိုးသမီး စစ်ဝန်ထမ်း တပ်ဖွဲ့များကို ဖွဲ့စည်းခဲ့ရာ ထူးချွန် ပြောင်မြောက်သည့် အမျိုးသမီး စစ်မှုထမ်း များစွာလည်း ပေါ်ပေါက်ခဲ့ပြီး တပ်မတော် (ကြည်း၊ရေ၊လေ) တွင် အဆင့်၊ ရာထူး အမျိုးမျိုးနှင့် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ ကြကြောင်း၊ ယခု သင်တန်းဆင်းများ အနေဖြင့်လည်း ပေးအပ်လာမည့် တာဝန်များကို ကျေပွန်အောင် ကြိုးပမ်း ထမ်းဆောင် သွားကြရန် တိုက်တွန်းပြောကြား လိုကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် က ယမန်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သော ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ခင်အောင်မြင့် နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီးများ နှင့်ဇနီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ကျောင်းအုပ်ကြီး နှင့် ရန်ကုန်တပ်နယ်မှ အရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များနှင့် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းများ၏ မိဘဆွေမျိုးများ တက်ရောက် ကြသည်။

ဦးစွာ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် က ဗိုလ်လောင်းတပ်ခွဲ များ၏ အလေးပြုခြင်း ကိုခံယူပြီး ဗိုလ်လောင်းတပ်ခွဲ များကို စစ်ဆေးသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ဗိုလ်လောင်း တပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက် တို့ဖြင့် ချီတက်အလေးပြု ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂)မှ အကောင်းဆုံး ဗိုလ်လောင်းဆု ရရှိသူ ဗိုလ်လောင်း အမှတ်၊ ၁၀၃ ဗိုလ်လောင်း သိမ့်သိမ့်နွယ်စိုး အား ဆုပေးအပ် ချီးမြှင့်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်းအမှတ်၊ ၁၀၃ ဗိုလ်လောင်း သိမ့်သိမ့်နွယ်စိုး အား ဆုပေးအပ် ချီးမြှင့်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် ဗိုလ်လောင်းတပ်ခွဲများကို စစ်ဆေးစဉ်

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က သင်တန်းဆင်း ဗိုလ်လောင်းများအား မိန့်ခွန်း ပြောကြားရာတွင် ကမ္ဘာ့နိုင်ငံများ၏ တပ်မတော် အများစုတွင် အမျိုးသမီးများကို စစ်မှုထမ်းဆောင်ခွင့် ပေးထားပြီး စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ဆိုသည့် အုပ်ချုပ်မှု တာဝန်များအပြင် စစ်မြေပြင်အထိ တိုက်ခိုက်ရေး တာဝန်ကိုပါ ထမ်းဆောင် စေလျက် ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများမှာ ဆိုလျင် အမျိုးသမီး လေသူရဲများအဖြစ်ပါ တာဝန် ထမ်းဆောင် နေကြကြောင်း၊ သင်တန်းတွင် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ စစ်ပညာ၊ အုပ်ချုပ်မှုပညာများ၊ စစ်ဘက်ဥပဒေ၊ ခေါင်းဆောင်မှုနှင့် နိုင်ငံတကာ ဆက်ဆံရေး အစရှိသည့် စစ်အတတ်ပညာ များကို သင်ကြား လေ့ကျင့်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ မကြာမီ ကာလအတွင်း လက်ရုံးတပ်ဖွဲ့ အသီးသီးတွင် တပ်မတော်၏ အဓိကကျသည့် အုပ်ချုပ်မှုဆိုင်ရာ တာဝန်များကို လက်တွေ့ကျကျ စတင်ထမ်းဆောင် ကြရမှာ ဖြစ်ကြောင်း၊ ရှေ့တန်း စစ်မြေပြင်တွင် အောင်ပွဲရရန် အတွက် စစ်အတတ်ပညာ အပြင် အုပ်ချုပ် ထောက်ပံ့မှု ကောင်းရန်လည်း လိုအပ်ကြောင်း၊ အုပ်ချုပ် ထောက်ပံ့မှု ကောင်းမှ စိတ်ဓာတ်လည်း မြင့်မားလာမည် ဖြစ်သလို ယုံကြည်မှု ပိုမိုခိုင်မာ လာမည် ဖြစ်ကြောင်း။

မိမိနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုနှင့် ပထ၀ီ အနေအထား ပေါ် မူတည်ပြီး “ ပြည်သူ့စစ် မဟာဗျူဟာ ” ကို နိုင်ငံတော် ကာကွယ်ရေးမူဝါဒ အဖြစ် သတ်မှတ် ထားကြောင်း၊ ပြည်သူ့စစ် မဟာဗျူဟာ ဆိုသည်မှာ ပြည်သူကို ဗဟိုပြု ထားခြင်းဖြစ်၍ တပ်မတော်နှင့် ပြည်သူ တစ်သားတည်း ရှိရန် လိုအပ်ကြောင်း၊ ထိုသို့ တစ်သားတည်း ရှိနေရန် ဦးစွာ အုပ်ချုပ်မှုစွမ်းရည် ထက်မြက်ရမည်၊ အုပ်ချုပ်မှု စွမ်းရည် ထက်မြက် လာသည်နှင့် အညီ စစ်ရေးစွမ်းရည်၊ စည်းရုံးရေး စွမ်းရည် ဆိုသည်မှာ အလိုအလျှောက် မြင့်မားတိုးတက် လာမည်ဖြစ်ကြောင်း၊ အခြေခံအကျဆုံး နှင့် အဓိက လုပ်ငန်းတာဝန်ကြီး ဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို အသက်ပေး ထမ်းဆောင် နေရသည့် တပ်မတော် အနေဖြင့် ပိုမိုကျစ်လျစ် ခိုင်မာနေရန် လိုအပ်ကြောင်း၊ နိုင်ငံ၏ သမိုင်းကြောင်း တစ်လျှောက်တွင် မိမိ၏ဆန္ဒကို ဦးစားပေးခဲ့ခြင်းကြောင့် သဘောထား ကွဲလွဲမှုများနှင့် အတူ ပြည်တွင်း လက်နက်ကိုင် ဆူပူ သောင်းကျန်းမှု များလည်း ဖြစ်ပွားခဲ့ရကြောင်း၊ ပြည်တွင်း သောင်းကျန်းမှု သမိုင်းကြောင်းကို ပြန်လည်လေ့လာ ကြည့်လျှင် နိုင်ငံရေးပါတီ များ၏ ပဋိပက္ခများ၊ သဘောထား ကွဲလွဲမှုများမှ တစ်ဆင့် နိုင်ငံရေးအသွင်မှ လက်နက်ကိုင် သောင်းကျန်းမှု အသွင်အဖြစ် ပြောင်းလဲ လာခဲ့ရကြောင်း၊ ယင်းအချိန်တွင် တပ်မတော်သာ စည်းလုံး ညီညွတ်မှု မရှိခဲ့လျင် ရရှိခဲ့ပြီးဖြစ်သည့် လွတ်လပ်ရေး သည်လည်း ခဏအတွင်း ကွယ်ပျောက် သွားခဲ့မှာပင် ဖြစ်ကြောင်း၊ တပ်မတော်၏ စည်းလုံးညီညွတ်မှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုများ ကြောင့်သာ ယနေ့တိုင် လွတ်လပ်ရေး အဓွန့်ရှည် နေခြင်းပင် ဖြစ်ကြောင်း၊ “ ဘယ်သူခွဲခွဲ ဒို့မကွဲ၊ အမြဲစည်းလုံးမည် ” ဆိုသည့် တပ်မတော်၏ ဆောင်ပုဒ်နှင့် အညီ တပ်တွင်းစည်းလုံး ညီညွတ်ရေးကို ပိုမိုကျစ်လျစ် ခိုင်မာလာအောင် တည်ဆောက်ကြ ရမှာဖြစ်ပြီး တစ်ဆက်တည်း တွင်လည်း တပ်ပြင် စည်းရုံးရေးကို ကြိုးပမ်းဆောင်ရွက် သွားကြရမှာ ဖြစ်ကြောင်း၊ ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်များ ထမ်းဆောင်မှုနှင့် ပတ်သက်ပြီး နိုင်ငံတော်တွင် သဘာဝ ဘေးအန္တရာယ်များ ကျရောက်သည့် အချိန်တိုင်း တပ်မတော်သည် ရှေ့ဆုံးက သွားရောက်ကူညီ ခဲ့ကြောင်း၊ ထို့ပြင် နိုင်ငံ တနံတလျား သွားလာမှု ခက်ခဲသည့် နေရာများထိ သွားရောက်ပြီး ဆေးဝါးကုသပေးမှု များအပါအ၀င် ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက်လည်း ကူညီဆောင်ရွက် ပေးလျက် ရှိကြောင်း၊ ယင်းမှာ တပ်မတော်၏ အလွန် မွန်မြတ်သော ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ထမ်းရွက် လုပ်ဆောင် နေခြင်းပင် ဖြစ်ကြောင်း။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ(၂၀)တွင် “ တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိကတာဝန် ရှိသည် ” ဟု အတိအလင်း ဖော်ပြထားပြီး ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် ရမည်ဖြစ်သလို ပြဋ္ဌာန်းချက်များ ကိုလည်း လေးစားလိုက်နာ ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ မည်သို့ပြည့်စုံ ကောင်းမွန် စေကာမူ နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်မည့် ခေတ်မီ တပ်မတော်တစ်ရပ် မရှိခဲ့လျင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည်မှာလည်း အရှည်သဖြင့် မတည်တံ့ နိုင်သည်ကို သိရှိထားရန် လိုအပ်ကြောင်း။

မိမိတို့နိုင်ငံသည် လူဦးရေများပြားသည့် နိုင်ငံများကြားတွင် တည်ရှိပြီး ပထ၀ီနိုင်ငံရေး အနေအထားအရ အရေးပါသော မဟာဗျူဟာမြောက် တည်နေရာကို ပိုင်ဆိုင်ထားရှိသည့်အတွက် သမားရိုးကျ မဟုတ်သော ခြိမ်းခြောက်မှုများဖြစ်သည့် လူဦးရေစိမ့်ဝင် ထိုးဖောက်လာမှု၊ လူဦးရေမညီမျှမှု ပြဿနာများကို ရင်ဆိုင် ကျော်လွှားနိုင်ရန်လိုကြောင်း၊ တိုင်းရင်းသား အားလုံးသည် မိမိတို့၏ တိုင်းရင်းသား အဖြစ်တည်ရှိမှု၊ ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှုများကို ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ဖြင့် ထိန်းသိမ်းသွားရန် လိုအပ်ကြောင်း၊ တိုင်းရင်းသားများ၏ ဘ၀လုံခြုံရေး၊ ရှင်သန်ရပ်တည်ရေးများ အတွက်လည်း အာမခံချက်ရှိသည့် ဥပဒေများနှင့် အရှည်မျှော်တွေးပြီး ကာကွယ်စောင့်ရှောက် သွားရန် လိုအပ်ကြောင်း၊ ပထ၀ီ နိုင်ငံရေးအရ အရေးပါမှုကို လွှမ်းမိုးအသုံးချခြင်း မခံရအောင် သတိကြီးစွာထားရန်လည်း လိုအပ်ကြောင်း၊ ရရှိခဲ့ပြီးဖြစ်သည့် သင်ခန်းစာများ အပေါ်မူတည်ပြီး တပ်မတော်ကို စွမ်းရည်ပြည့်ဝသော တပ်မတော် ဖြစ်အောင် ဖွဲ့စည်း တည်ဆောက် သွားရမည် ဖြစ်ကြောင်း။

စည်းကမ်းကောင်းခြင်း၊ အမိန့်နာခံမှု ကောင်းခြင်းသည် တပ်၏စွမ်းရည်ကို များစွာ အထောက်အကူ ပြုကြောင်း၊ တပ်မတော်အစဉ်အလာ တွင်လည်း စည်းကမ်းကောင်း မွန်ခြင်းသည် ထိပ်ဆုံးက နေပါရှိနေပြီး ဆက်လက် ထိန်းသိမ်း ထားခြင်းဖြင့် ဂုဏ်ယူကြရမှာ ဖြစ်ကြောင်း၊ ဥပဒေနှင့် ပတ်သက်လာလျှင်လည်း ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများကို လေးလေးစားစား လိုက်နာကြရန် မှာကြား လိုကြောင်း။

ခေတ်မီဖွံ့ဖြိုးတိုး တက်ပြီး စည်းကမ်းပြည့်ဝ သည့် ဒီမိုကရေစီ နိုင်ငံတော်အဖြစ် တည်ဆောက်ရာမှာ ငြိမ်းချမ်းရေးသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ ငြိမ်းချမ်းမှု မရှိသည့်ဒေသတွင် ဖွံ့ဖြိုးတိုးတက်မှု ဆိုတာ အလှမ်းဝေး နေမည်ဖြစ်သလို ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စသည်များလည်း နိမ့်ကျနေမည် ဖြစ်ကြောင်း၊ တိုင်းရင်းသား ပေါင်းစုံနှင့် စုစည်းထားသည့် တပ်မတော် အနေဖြင့် လူမျိုးရေးခွဲခြားမှု လုံးဝမရှိဘဲ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုနှင့် တိုင်းရင်းသားများ၏ လူမှုအကျိုးစီးပွား တိုးတက်မှုကိုသာ အဓိက လိုလားပါကြောင်း၊ သို့ဖြစ်၍ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးရရှိရန် ငြိမ်းချမ်းရေး မူဝါဒ(၆)ရပ် ကိုချမှတ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ် အရင်းခံနှင့်ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရ၊ ပြည်သူတို့နှင့်အတူ အားသွန်ခွန်စိုက် ကြိုးပမ်းနေကြောင်း၊ တပ်မတော်၏ ချမှတ်ထားသည့် ငြိမ်းချမ်းရေး မူဝါဒများသည် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုနေကြောင်း၊ ယခုဆိုလျှင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုး ခဲ့ပြီးဖြစ်၍ ယင်းဒေသက ပြည်သူများသည်လည်း ဒေသတွင်း ဖွံ့ဖြိုးမှုနှင့် လူမှုစီးပွားဘ၀ မြင့်မားလာခြင်း ဆိုသည့် ငြိမ်းချမ်းရေး၏ အနှစ်သာရကို စတင်ခံစား နေကြရပြီ ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အနာဂတ်ဆိုသည်မှာ တိုင်းရင်းသား ညီအစ်ကိုအားလုံးတွင် တာဝန် ရှိကြောင်း၊ တိုင်းရင်းသား တစ်ဦးတစ်ယောက် ဆုံးရှုံးခြင်းသည် နိုင်ငံတော်အတွက် လူသား အရင်းအမြစ်တစ်ခု ဆုံးရှုံးခြင်းပင်ဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးရန် ကျန်ရှိသည့် လက်နက်ကိုင် အဖွဲ့များအတွက်လည်း တပ်မတော် အနေဖြင့် အမြဲတမ်းတံခါး ဖွင့်ပေးထားပြီး ကြိုဆိုလျက် ရှိကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးကို ငြိစွန်းစေသော အပြုအမူ အပြောအဆိုများကို အထူးဂရုပြု ရှောင်ရှားကြရန် မှာကြားလိုကြောင်း။

အမျိုးသမီး စစ်မှုထမ်း အရာရှိများအဖြစ် တာဝန်ထမ်းဆောင် သွားကြမည့် သူများအနေဖြင့် တပ်မတော်၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုတွင် အထောက်အကူ ပေးနိုင်အောင် ကြိုးစား ဆောင်ရွက်သွားကြရန်၊ သမိုင်းကြောင်းနှင့် ယှဉ်လျက်ရှိသော မြန်မာ့တပ်မတော်၏ မွန်မြတ်သည့် အစဉ်အလာ ကောင်းများကို ဆက်လက်ထိန်းသိမ်း ကြိုးပမ်းဆောင်ရွက် သွားကြရန်၊ ခေါင်းဆောင်မှု အင်္ဂါရပ် ၁၆ ချက် နှင့်အညီ ကျင့်ကြံနေထိုင်ပြီး တပ်မတော်၏ ဂုဏ်ကို ဆောင်နိုင်သော အရာရှိများဖြစ်အောင် ကြိုးစားသွားကြရန်၊ ဒို့တာဝန်အရေး သုံးပါးကို အစဉ်ကာကွယ် ထိန်းသိမ်းပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် အားကိုးထိုက်သည့် ခေါင်းဆောင်များ ဖြစ်လာအောင် အစဉ်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်းဖြင့် ပြောကြားသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြ အခမ်းအနားမှ ပြန်လည် ထွက်ခွာခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ရိပ်သာဧည့်ခန်းမ၌ အကောင်းဆုံးဗိုလ်လောင်းဆုရ ဗိုလ်လောင်း သိမ့်သိမ့်နွယ်စိုး ၊ သေနတ်ပစ် အကောင်းဆုံးဆုရ ဗိုလ်လောင်း သွယ်သွယ်အောင် တို့အား မိဘများနှင့်အတူ တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားစဉ်


တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် သင်တန်းဆင်း ဗိုလ်လောင်းများ၏ မိဘဆွေမျိုးများအား တွေ့ရစဉ်

စစ်ရေးပြ အခမ်းအနား အပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် သည် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ရိပ်သာဧည့်ခန်းမ၌ အကောင်းဆုံး ဗိုလ်လောင်းဆုရ ဗိုလ်လောင်း သိမ့်သိမ့်နွယ်စိုး အဘ ဒုတိယအရာခံဗိုလ် ကြည်ဝင်း၊ အမိ ဒေါ်သန်းသန်းမြင့် (စစ်မြေပြင် ဆေးတပ်ရင်း၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး)၊ သေနတ်ပစ် အကောင်းဆုံးဆုရ ဗိုလ်လောင်း သွယ်သွယ်အောင် အဘ ဦးအောင်ညွန့်၊ အမိ ဒေါ်စန်းဝင်း (အမှတ်(၁) ကျောင်းရွာရပ်ကွက်၊ စကုမြို့၊ မကွေးတိုင်းဒေသကြီး) တို့အား မိဘ များနှင့်အတူ တွေ့ဆုံ၍ ဂုဏ်ပြု အမှာစကား ပြောကြားသည်။

ထိုသို့ပြောကြားရာတွင် တပ်မတော်အနေဖြင့် New Page သို့သွားသည့် အခန်းကဏ္ဍတွင် အမျိုးသမီးများ အနေဖြင့်လည်း ဦးဆောင် မှုအခန်းကဏ္ဍတွင် ပါဝင်လာပြီဖြစ်၍ ကြိုးစား အားထုတ်မှု၊ လုပ်ရည်ကိုင်ရည် ပြသမှုများနှင့် ရှေ့မှဦးဆောင်သွားကြ ရမည်ဖြစ်ကြောင်း၊ အားလုံးကလည်း New Page ကိုသွားသည့် အချိန်တွင် ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆို နေသကဲ့သို့ ကိုယ်တိုင်လည်း အားပေးမှု၊ အသိအမှတ်ပြုမှုများ ရရှိအောင် ဆက်လက် ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မလျှော့သော ဇွဲ၊ လုံ့လဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်၍ တက္ကသိုလ်ဘွဲ့ ရသည်အထိ ကြိုးစားအားထုတ် လာခဲ့ပြီး စစ်သားဘဝ တိုတောင်းသော ဗိုလ်သင်တန်းကာလ တွင်လည်း အားထုတ်မှုကြောင့် ထူးချွန်ဆု ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း အခြေခံကောင်း များကို မိမိဘဝတစ်လျှောက် ဆက်လက် ထိန်းသိမ်းပြီး ကြိုးစားဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ တပ်မတော်တွင် သင့်တော်သည့်နေရာ၊ သင့်တော်သည့်တာဝန်များ ပေးအပ်ရန် အသင့်ရှိကြောင်း၊ မိမိ၏ မိဘ၊ တပ်မတော်နှင့် နိုင်ငံတော်အား ကျေးဇူးဆပ်ရန်လိုပြီး နိုင်ငံတော်နှင့် တပ်မတော်မှ မျှော်မှန်းထားသည့် အတိုင်းဖြစ်လာစေရန် ကြိုးစားအားထုတ် စေလိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger