www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 18, 2015

မန္တလေးစက်မှုဇုန် အတွင်းမှ မိုးရေနှင့်အတူ စွန့်ပစ်ရေဆိုးများကြောင့် တောင်သမန်အင်း အတွင်း ငါးများသေဆုံးမှု တတိယအကြိမ်ဖြစ်ပွား





မန္တလေး ၊ ၁၈-၉-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး ၊ အမရပူရ မြို့နယ် အတွင်းရှိ တောင်သမန်အင်း အတွင်း ယနေ့နံနက် ၉ နာရီက ငါးများ အစုလိုက် သေဆုံးမှု တတိယအကြိမ် ဖြစ်ပွားကြောင်း ဒေသခံများက ပြောပြ၍ သိရသည်။

တောင်သမန်အင်း အတွင်း ငါးသေဆုံးမှုမှာ ဧပြီ ၁၂ ရက် က ပထမအကြိမ်၊ သြဂုတ် ၁၁ ရက်က ဒုတိယအကြိမ် ဖြစ်ပြီး ယခု သေဆုံးမှုမှာ တတိယ အကြိမ် ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ နံနက် ၈ နာရီက တောင်သမန်အင်း အရှေ့ဘက်မှ ငါးအသေများ မျောပါလာပြီး တောင်သမန်အင်း အရှေ့မြောက်ဘက် ရေစီးကြောင်း အတိုင်း ကမ်းကပ် မျောပါလျက် ရှိကြောင်း သိရသည်။

ယခုအကြိမ် ငါးသေဆုံးမှုသည် ဒုတိယအကြိမ်က ကဲ့သို့မများ သော်လည်း ကမ်းကပ် မျောပါလာသော အရေအတွက်မှာ လေးလက်မမှ ခုနစ်လက်မ ခန့်ရှိ တီလားဗီးယား၊ ငါးပတ်နှင့် အခြား ငါးအကောင်သေး များ ဖြစ်ကြောင်း သိရသည်။

ငါးသေဆုံး မျောပါရာ နေရာသို့ မန္တလေးတိုင်း ဒေသကြီး ၊ အမရပူရမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးမှူး ၊ လက်ထောက် ဦးစီးမှူး နှစ်ဦးနှင့် ပြည်ပပို့ကုန် အရည်အသွေး စစ်ဆေးရေး (ဓာတ်ခွဲခန်း) မှ တာဝန်ရှိသူ နှစ်ဦးတို့ သည် ရေနမူနာ ယူခြင်း၊ ငါးသေ နမူနာယူခြင်း များကို ယနေ့နံနက် ၁ဝ နာရီက သွားရောက် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

''ဓာတ်ခွဲခန်း စစ်ဆေးချက်အရ ငါးပါးဟက်ထဲမှာ အမည်းရောင်၊ အညိုရောင် တွေနဲ့ အူလမ်းကြောင်း မှာ အမည်းရောင်တွေ တွေ့ရပါတယ်။ ခန္ဓာကိုယ်မှာ ရောဂါဖြစ်တဲ့ လက္ခဏာ မတွေ့ရပါဘူး။ အင်းအတွင်း ဝင်ရောက်တဲ့ ရေဆိုးရေညစ် တွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒုတိယ အကြိမ်က သေဆုံးခဲ့တဲ့ ငါးတွေရဲ့ ရလဒ်နဲ့ တူပါတယ် .. ''  ဟု မန္တလေးခရိုင် ငါးလုပ်ငန်းဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

တောင်သမန်အင်း အတွင်း ဝင်ရောက်နေသည့် ရေဆိုးမြောင်းများကို ရှင်းလင်းခြင်း ၊ စက်ရုံများမှ စွန့်ပစ်ရေဆိုး၊ ရေညစ်များကို အင်းနှင့်ဝေးရာ နေရာသို့ အမြဲတမ်း စီးဝင်နိုင်စေရန် ဆောင်ရွက်နိုင်မှသာ ယခုကဲ့သို့ ငါးသေဆုံးမှုများကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း တောင်သမန်အင်း ပတ်ဝန်းကျင်တွင် နေထိုင်သူများက ပြောပြ၍ သိရသည်။ (၁၅၆)

ရတနာပုံနေ့စဉ် ၊ စာ(၃၁)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger