www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 1, 2015

ဘ၀အောင်မြင်မှုအတွက် ရှောင်ကြဉ်ရမည့် အချက်


ဘ၀အောင်မြင်မှုအတွက် ရှောင်ကြဉ်ရမည့် အချက်

ဗုဒ္ဓ၏ နေ့စဉ်ဘဝ ဖြတ်သန်းမှုတွင် နေ့စဉ် ရှောင်ကြဉ်ရမည့် အချက်များနှင့် လိုက်နာ ကျင့်သုံး ရမည့်အချက်ကို ဖော်ပြရမည် ဆိုလျှင် ရှောင်ကြဉ်ရမည့် အချက်များမှာ မသိတတ်ခြင်း၊ မရှက်တတ်ခြင်း၊ မကြောက်တတ်ခြင်း၊ လိုချင် တပ်မက်ခြင်း၊ အမြင်မှားခြင်း၊ ထောင်လွှားခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ ဝန်တိုခြင်း တို့ဖြစ်သည်။

မသိတတ်ခြင်း သည် မောဟဖြစ်ပြီး တွေဝေခြင်းဟု ခေါ်သည်။ မသိတတ်ခြင်း ကြောင့် မိမိ ပတ်ဝန်းကျင် တွင် အနှောင့်အယှက် များ အဆင်မပြေမှု များ နေ့စဉ်မြင်တွေ့ ကြရသည်။ ကွမ်းတံထွေး မထွေးရ၊ ဆေးလိပ် မသောက်ရ၊ ကားမရပ်ရ၊ အမှိုက်မပုံရ စသည့် ဆိုင်းဘုတ်များ ရေးထား စေကာမူ လိုက်နာမှု မရှိကြသည်ကို တွေ့ရသည်။ ထို မသိတတ်ခြင်း သည် ဘဝ အောင်မြင်မှု အတွက် အထောက်အကူ မပြုသောကြောင့် ရှောင်ကြဉ် ရမည်ဖြစ်သည်။

ယနေ့ခေတ်တွင် မရှက်တတ်ခြင်း ကြောင့် ပြောရဲ၊ ဆိုရဲ၊ လုပ်ရဲကြပြီး ဝတ်စား ဆင်ယင်မှု သည်လည်း အရှက်တရား ကင်းမဲ့လာသည်။ အပြိုင်အဆိုင် မလုံမခြုံ ဝတ်ဆင်နေကြကာ ဂုဏ်ယူနေ ကြသည်။ မရှက်တတ်ခြင်း၊ အရှက်မဲ့ခြင်း သည် ဘဝတွင် နေ့စဉ် ရှောင်ကြဉ်ရမည့် အချက် ဖြစ်သည်။ မရှောင်နိုင်ပါက ဘဝတွင် အောင်မြင်မှုနှင့် ကင်းကွာ မည်ဖြစ်သည်။

နောက်ထပ် ရှောင်ကြဉ်ရမည့် အချက် တစ်ချက်မှာ မကြောက်တတ်ခြင်း ပင်ဖြစ်သည်။ မကောင်းသည့် အလုပ်ကို လုပ်ကိုင်ရမှာ မကြောက်ခြင်း၊ မပြောသင့်သည့် စကားကို ပြောရမှာ မကြောက်ခြင်း တို့သည် အကြောက်တရား မရှိသူများ အတွက် ပြုလုပ် တတ်ကြ သောကြောင့် မကောင်းမှု၏ အကျိုးဆက်ကို ခံစားရသည်။

မကောင်းမှု မှန်သမျှသည် ထိတ်လန့် ကြောက်မက်ဖွယ် ကောင်းသော်လည်း ထို မကောင်းမှု များကိုပင် မကြောက်မရွံ့ ပြုလုပ်နေကြ သူများရှိသည်။ ထိုအချက် များသည် ပတ်ဝန်းကျင်ကို ဂရုမစိုက်ခြင်း၊ အလေးမထားခြင်း များကို ဖြစ်စေသည့် အတွက် မိမိဘဝ အောင်မြင်မှု ရရှိလိုသူများ အမှန်တကယ် ရှောင်ကြဉ်ရမည့် အချက်ဖြစ်သည်။

အရာရာကို လိုချင်ခြင်း၊ မက်မောခြင်း သည် လောဘ ဖြစ်သည်။ လောဘ၏ လက္ခဏာကို စာပေများ ထဲတွင် ပူလောင်မှုကို ဖြစ်စေသည်ဟု ဖော်ပြသည်။ လူတို့တွင် လောဘနှင့် ဆန္ဒကို ကွဲပြားစွာ နားလည် သဘောပေါက်ရန် လိုသည်။ အောင်မြင်မှု ရရှိရန်အတွက် ကြိုးစား အားထုတ် ခြင်းသည် လောဘ မဟုတ်ဘဲ ဆန္ဒဖြစ်သည်။ လောဘသည် မကောင်းတာကို လိုချင်ခြင်း ဖြစ်ပြီး ဆန္ဒသည် ကောင်းတာကို လိုချင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘဝ အောင်မြင်မှုများ ရရှိနိုင်ရန် တပ်မက်ခြင်း လောဘကိုပယ်ပြီး ကောင်းမွန်သော ကောင်းမှုများတွင် ဆန္ဒရှိကြရန် လိုသည်။

အမှန်တရားကို အမှားတရားဟု မြင်ခြင်းသည် စာပေထဲတွင် ဖောက်ပြန်စွာ မြင်ခြင်းဟု ရေးသားကြသည်။ လက်တွေ့ ဘဝတွင် ဆရာမိဘ တို့၏ ဆိုဆုံးမမှုကို နားမလည်ခြင်း များကို ကြုံတွေ့ နေကြရသည်။ ဆရာမိဘ တို့က ပညာတတ် စေချင်သောကြောင့် ပြောဆိုညွှန်ပြမှု များကို အမြင်မှားပြီး ချုပ်ချယ်သည်ဟု ထင်မှတ်ကြသည်။ ထို့ကြောင့် အမြင်မမှားအောင် မဖောက်မပြန် နှင့် အမှန်မြင်နိုင် အောင် ကြိုးစား နေထိုင်မှသာ နေ့စဉ် ဘဝတွင် အောင်မြင်မှု ရရှိမည် ဖြစ်သည်။

သို့ဖြစ်ရာ အထက်ဖော်ပြပါ နေ့စဉ်ဘဝ ဖြတ်သန်းရာတွင် ရှောင်ကြဉ်ရမည့် အချက်များသည် လူသားတို့၏ ကောင်းကျိုး ချမ်းသာကို ရည်ရွယ်ပြီး ဗုဒ္ဓက လမ်းညွှန်ပေးခဲ့ခြင်း ဖြစ်သောကြောင့် ထို လမ်းညွှန်ချက် များသည် လူ့ဘဝတွင် နေထိုင်သမျှ ကာလပတ်လုံး အောင်မြင်မှု ရရှိစေမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger