www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 3, 2015

ကလေးများတွင် အဖြစ်များသော သတိပြုရမည့် ဦးနှောက်အမြှေးရောင် ရောဂါ



သီရိ

ဦးနှောက် အမြှေးရောင် ရောဂါသည် အသက် ၁၅ နှစ်အောက် ကလေးများတွင် အများဆုံး ဖြစ်ပွားသော်လည်း ယခုအချိန်တွင် အသက် ငါးနှစ်အောက် ကလေးများတွင် ပို၍ အဖြစ်များ လာကြောင်း သိရသည်။

ထိုသို့သော အသက်အရွယ် များတွင် ကလေးများ၏ ဦးနှောက် ဖွံ့ဖြိုးမှုသည် အရေးကြီးဆုံး အချိန် ဖြစ်သောကြောင့် အထူး ဂရုစိုက်ရမည် ဖြစ်သည်။ ထိုရောဂါမှာ အချိန်မီ ကုသမှု မရှိခဲ့ပါက ဉာဏ်ရည် မမီသည့် ကလေးငယ်များ အဖြစ် ပြောင်းလဲ သွားနိုင် သောကြောင့် ယခုအချိန်တွင် ထိုဦးနှောက် အမြှေးရောင် ရောဂါသည် ကလေးငယ်များ အတွက် အထူး ကြောက်စရာ ကောင်းသော ရောဂါတစ်ခု ဖြစ်နေသည်။

ဦးနှောက် အမြှေးရောင် ရောဂါတွင် ဗိုင်းရပ်စ်ပိုး အမျိုးပေါင်း ၄ဝ နှင့် ၅ဝ ကြားတွင် ရှိနေကြောင်း သိရသည်။ ခြင်မှတစ်ဆင့် ကူးစက်နိုင် သကဲ့သို့ အသက်ရှူ လမ်းကြောင်း မှတစ်ဆင့် ကူးစက်မှု များလည်း ရှိသည်။

မြန်မာနိုင်ငံ၌ လက်ရှိအချိန်တွင် ဦးနှောက် အမြှေးရောင် ရောဂါသည် အဖြစ် အများဆုံး ရောဂါတွင်  ပါဝင်နေသည်။ အဆင့်မြင့် နည်းပညာ တချို့လိုအပ်ချက်များ ရှိနေသေး သောကြောင့် အဆိုပါ ဗိုင်းရပ်စ်ပိုး များ၏ အခြေခံကို နိုင်ငံတကာ၌ ရှာဖွေ မတွေ့ရှိ သေးသလို မြန်မာနိုင်ငံ ၌လည်း တိကျ သေချာစွာ မသိနိုင် သေးသဖြင့် ဆေးဝါးများ ပေးအပ်ရာတွင် လိုအပ်သည့် ဆေးအပြင် မလိုအပ်သည့် ဆေးများကိုပါ တွဲဖက် ပေးနေရကြောင်း သိရသည်။

ဦးနှောက် အမြှေးရောင် ရောဂါ ဖြစ်လာပါက နှစ်ရက်၊ သုံးရက် အဖျားတာ ရှည်နေပြီး တက်ခြင်း၊ သတိလစ်ခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ မူမမှန်မှုများ ဖြစ်လာ တတ်သည်။ မတက်ဘဲ အကြောဆွဲခြင်း၊ အကြောများ တောင့်တင်း လာခြင်း များလည်း ဖြစ်လာလေ့ ရှိသည်။

ထိုသို့ ဦးနှောက် အမြှေးရောင် ရောဂါ၏ လက္ခဏာ များဟု သံသယ ရှိပါက ဆေးဝါး ကုသမှုကို အချိန်မီ ခံယူရမည်။ အသက် ကိုးလနှင့် တစ်နှစ်အရွယ် ကလေးများသည် ၄င်းတို့၏ ဝေဒနာကို သေချာစွာ ပြောမပြ နိုင်သောကြောင့် နောက်ဆက်တွဲ ဖြစ်ပွားနိုင်သည့် မသန်စွမ်းသော ကလေးများ အဖြစ်သို့ ပြောင်းလဲ သွားကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် မိဘများ အနေဖြင့် ငယ်ရွယ်သော ကလေးများ ဖျားပြီဆိုပါက ဆေးရုံ၊ ဆေးခန်းများသို့ ဂရုတစိုက် အချိန်မီ သွားရောက် ကုသသင့်သည်။

ဦးနှောက် အမြှေးရောင် ရောဂါ ဆိုသည်မှာ ဗဟိုအာရုံကြော ဖွဲ့စည်းမှု စနစ် ရုတ်တရက် ပြင်းထန်စွာ ရောင်ရမ်းခြင်း ကြောင့် ဆက်စပ် နေသည့် ဦးနှောက်နှင့် အာရုံကြော များ၏ ပုံမှန် လုပ်ငန်းစဉ်များ ပျက်သွားခြင်း ဖြစ်ပြီး ဦးနှောက်မှာ မူမမှန်တော့ဘဲ မသန်စွမ်း ကလေးများ အဖြစ်သို့ ပြောင်းသွားသည်။ ဦးနှောက် အမြှေးရောင် ရောဂါသည် ကူးစက် တတ်သော ရောဂါလည်း ဖြစ်သည်။ အရှေ့တောင် အာရှ ဒေသတွင်းရှိ ကလေးများ ဆေးရုံတက် ခြင်းနှင့် သေဆုံးခြင်း တို့မှာ ဦးနှောက် အမြှေးရောင် ရောဂါကြောင့် အများဆုံး ဖြစ်နေသည်။

''ဦးနှောက် အမြှေးရောင် ရောဂါက ဖြစ် ဖြစ်ချင်း လက္ခဏာ ပြတယ်။ ဒီရောဂါက အရမ်းမြန် ပါတယ်။ အသက်ဆုံး ရင်လည်း တစ်ပတ်အတွင်း မှာပဲ ဆုံးတာ များတယ်။ ကလေးတွေမှာ ဦးနှောက် အမြှေးရောင် ရောဂါက ဗိုင်းရပ်စ်က တစ်ဆင့် ကူးစက် တာကြောင့် ဒီရောဂါ ဖြစ်လာရင် သေဆုံးနှုန်း ကလည်း မြင့်မားသလို မသေခဲ့ ရင်လည်း နောက်ဆက်တွဲ ကျန်ခဲ့တဲ့ ဆိုးကျိုးတွေက အများကြီး ရှိပါတယ်။ ဒါကြောင့် အချိန်မီ အမြန်ဆုံး ကုသသင့် ပါတယ်'' ဟု ဦးနှောက်နှင့် အာရုံကြော အထူးကု ဆရာဝန် ဒေါက်တာ ကျော်လင်း ကပြောသည်။

မြန်မာ တစ်နိုင်ငံလုံး၌ ဦးနှောက် အမြှေးရောင် ရောဂါသည် နယ်စပ် ဒေသများ ဖြစ်သည့် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့၌ အများဆုံး ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။ အထူးသဖြင့် ဂျပန် ဦးနှောက် အမြှေးရောင် ရောဂါပိုးသည် နည်းမျိုးစုံဖြင့် ကူးစက် နေသည်။ အသက်ရှူ လမ်းကြောင်းမှ တစ်ဆင့် ကူးစက်မှု အများဆုံး ဖြစ်သည်။ ထို့ကြောင့် ဂျပန် ဦးနှောက် အမြှေးရောင် ရောဂါအတွက် ကာကွယ်ဆေးများ ထုတ်လုပ်ပြီး အသက် ငါးနှစ်အောက် နှင့် မွေးကင်းစ ကလေးများကို စတင်ထိုးနှံ ပေးမှုများ ဆောင်ရွက်လျက် ရှိသည်။

ယခင် ကာကွယ်ဆေး ထိုးနှံမှု များတွင် အဆိုပါ ဂျပန်ဦးနှောက် အမြှေးရောင် ကာကွယ်ဆေးကို ထပ်မံ အသစ်တိုး၍ ထိုးနှံ ပေးနေကြောင်း သိရသည်။

ထို့ကြောင့် ဦးနှောက် အမြှေးရောင် ရောဂါ လက္ခဏာဟု သံသယ ရှိပါက ဆေးရုံ၊ ဆေးပေးခန်း များသို့ အမြန်ဆုံး သွားရောက်၍ လိုအပ်သည့် ဆေးဝါးများကို အချိန်မီ ကုသမှု ခံယူသင့်ကြောင်း တင်ပြ အပ်ပါသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger