www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 6, 2015

ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး တို့ကို မျက်စိကျလာသည့် အိမ်ခြံမြေ ဈေးကွက်



ရန်ကုန် ၊ ၆-၁-၂၀၁၅

အိမ်ခြံမြေ ဈေးကွက်၏ လက်ရှိ အခြေအနေမှာ ရန်ကုန်မြို့ထက် ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့ရှိ အိမ်ခြံမြေ ဈေးကွက်များကို မျက်စိကျ နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များ ထံမှ သိရသည်။

လက်ရှိတွင် ရန်ကုန် အိမ်ခြံမြေ ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံ ထားသူအချို့မှာ ရန်ကုန်မြို့နှင့် ဆင်ခြေဖုံးမြို့နယ် များ၌ ဝယ်ယူ ရင်းနှီးမြှုပ်နှံ ထားသည့် မြေကွက်များကို ဈေးနှုန်းလျှော့၍ ပြန်လည် ရောင်းချမှုများ ပြုလုပ် လာခဲ့ကြသည်။ ထိုကဲ့သို့ မြေကွက် များကို လျှော့ဈေးဖြင့် ပြန်လည်ရောင်းချ နေခြင်းမှာ မှန်းချက်နှင့် နှမ်းထွက် မကိုက်၍ အရှုံးခံ ပြန်လည် ရောင်းချနေခြင်း ဖြစ်ကြောင်း သိရသည်။

အိမ်ခြံမြေ ဈေးကွက်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု သတင်းများနှင့် တန်ဖိုးနည်း အိမ်ရာ စီမံကိန်း တိုက်ခန်း တစ်ခန်းလျှင် ငွေကျပ် သိန်းနှစ်ရာ ဟူသော သတင်းများ ကြောင့် ၂ဝ၁၄ ခုနှစ်တွင် ဈေးကွက် သွက်လက် လှုပ်ရှား ခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လို သူများ အနေဖြင့် မျှော်လင့်ကြီးစွာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြ သကဲ့သို့ ငွေကြေး အနည်းငယ် ရှိသူများ ကလည်း မြေတစ်ကွက်စ၊ နှစ်ကွက်စ ဝယ်နိုင် သလောက် အင်အားဖြင့် အိမ်ခြံမြေ ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခဲ့ ကြောင်း သိရသည်။ သို့သော် အိမ်ခြံမြေ ဈေးကွက်မှာ ဈေးနှုန်း မြင့်တက် နေသဖြင့် ရောင်းချ လိုသူသာ များပြားနေပြီး ဝယ်ယူသူ မရှိသလောက် နည်းပါး လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အိမ်ခြံမြေ ဈေးကွက်မှာ တန်ဖိုးနည်း မြေကွက်လေး များသာ အနည်းငယ် အရောင်းအဝယ် ဖြစ်နေသဖြင့် မျှော်လင့်ချက် ကြီးစွာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခဲ့ကြ သူများမှာ တွက်ခြေ မကိုက် ဖြစ်နေခဲ့သည်။

ရန်ကုန်မြို့ အိမ်ခြံမြေ ဈေးကွက်မှာ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ မှစ၍ ဈေးကွက် ငြိမ်သက်နေ၍ စလစ်မြေကွက် များသာ အရောင်းအဝယ် ရှိနေပြီး သာကေတ၊ အင်းစိန်၊ မြောက် ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း စသည့်မြို့နယ် များရှိ မြေကွက် အချို့ အရောင်း အဝယ် ဖြစ်ခဲ့သည်။

ရန်ကုန်မြို့ ၌သာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင် လိုသည့် လုပ်ငန်းရှင်များ အတွက် မြေကွက် ရှားနေပြီး အငှား ဈေးကွက်သာ သွက်လက် လှုပ်ရှား နေခဲ့သည်။ အိမ်ခြံမြေ ဈေးကွက် အနေဖြင့် ရန်ကုန်မြို့နှင့် ပတ်ဝန်းကျင် ဈေးကွက် များမှာ တွက်ခြေကိုက်မှု နည်းပါး နေသဖြင့် ဧရာဝတီတိုင်း ဒေသကြီး နှင့် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ စီမံကိန်း နယ်မြေများ ရှိရာနေရာ များကို မျက်စိကျ လာကြောင်း သိရသည်။

အဆိုပါ နေရာဒေသ များမှာ ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ဟံသာဝတီ လေဆိပ် စီမံကိန်း ဝန်းကျင်နှင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ငွေဆောင် နှင့် ချောင်းသာ စီမံကိန်းများ ဖြစ်ကြောင်း သိရသည်။

ကံထူး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger