www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 27, 2014

မကွေးမြို့ ကင်းရွာမှ နှစ် တစ်ရာကျော် ပြာသာဒ်ကျောင်းကြီး



မကွေးမြို့ ကင်းရွာမှ နှစ် တစ်ရာကျော် ပြာသာဒ်ကျောင်းကြီး

မကွေးဝင်းမြင့်

မကွေးမြို့ တောင်ဘက် နှစ်မိုင်ခန့် အကွာရှိ ကင်းရွာမှာ သမိုင်းကြောင်း အရ စောလူးမင်း လက်ထက် ဧရာဝတီ မြစ်ဘေး၌ " ကင်း " တပ်များ ချထားခဲ့ သောကြောင့် ကင်းရွာ ဟုခေါ်ကြောင်း သမိုင်း မှတ်တမ်းများ အရ သိရသည်။

ကုန်းဘောင်ခေတ်တွင် အဆိုပါ ကင်းရွာသည် အိမ်ခြေ ၁၀၀ ခန့်ရှိသော ရွာကလေး ဖြစ်လာသည်။ ကင်းရွာ၏ တောင်ဘက်တွင် အုတ်ဖိုရွာ ရှိသည်။ ဘုရင့် စစ်သည်တော်များ ဘုရား ကျောင်းကန် တည်ဆောက်ရန် အုတ်ဖုတ်ရင်း မှ တဖြည်းဖြည်း ရွာဖြစ်လာသည်။ ယခုထက်တိုင် အုတ်ဖုတ် လုပ်ငန်းကို လုပ်ကိုင်လျက် ရှိကြသည်။ ကင်းရွာ နှင့် အုတ်ဖိုရွာ ကြားတွင် နှစ်တစ်ရာကျော် သက်တမ်းရှိသည့် ရှေးဟောင်း ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်း ရှိသည်။ ပြာသာဒ်ကျောင်း ဟု ခေါ်သည်။ ကျောင်း ပရိဝုဏ်သည် ၅ ဧက ကျယ်သည်။ ထန်းပင်များ ၊ မန်ကျည်းပင်ကြီး များဖြင့် အုပ်ဆိုင်းကာ အရိပ် အာဝါသ ကောင်းလှသည်။ ကျေးငှက်တို့၏ သဘာဝ ကျူးရင့်သံ များဖြင့် သာယာ နာပျော်ဖွယ် ကောင်းလှသည်။ ပြာသာဒ်ကျောင်း သည် တိုင်အလိုင်းပေါင်း ၁၀၆ လုံးရှိပြီး အဆောင် ၄ ဆောင် ရှိရာ နှစ်ဆောင်မှာ ပြိုပျက်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ကုန်းဘောင် ခေတ်နှောင်းပိုင်း ကာလ မြန်မာ ဗိသုကာ ပညာရှင်များ၏ ဖွဲ့စည်း တည်ဆောက် ထားပုံမှာ သစ်ထွန်းပန်းပု ရုပ်လုံး ရုပ်ကြွ များနှင့် ခမ်းနား လှပေသည်။ ပြာသာဒ် ကျောင်းတော်ကြီး ကို တောင်ဘက်သို့ မျက်နှာမူ၍ အရှေ့အရပ် သို့ ခေါင်းပြုကာ တည်ဆောက် ထားသည်။ မူလ တည်ဆောက်စဉ် က ပြဿဒ်ဆောင် ၊ ဓနုဆောင် ၊ ခန်းမဆောင် နှင့် ဘောဂဆောင် ဟူ၍ ရှိခဲ့ရာ ယခုအခါ နှစ်ဆောင်မှာ ပျက်စီး သွားပြီ ဟု သိရသည်။ လှေကားများမှာ အုတ်လှေကားများ ဖြစ်သည်။

သီပေါမင်း လက်ထက် ပထမ ဆရာတော် ဦးဝိသုဒ္ဓ ဆောက်လုပ် ခဲ့ကြောင်း ယခု ကျောင်းထိုင်နေသော ဦးဝိသုတ က အမိန့်ရှိခဲ့သည်။ ဆရာတော်ကြီး ငါးဆက် ကျောင်းထိုင်ခဲ့ကာ ပထမ ဆရာတော် ဦးဝိသုဒ္ဓ ၊ ဒုတိယ ဆရာတေ် ဦးပညာဓဇ ၊ တတိယ ဆရာတော် ဦးပညာ စာရ ၊ စတုတ္ထ ဆရာတော် ဦးနေမိန္ဒ နှင့် လက်ရှိ ဆရာတော် ဦးဝိသုတ တို့ ဖြစ်ကြသည်။

ပထမ ဆရာတော် လက်ထက် ကတည်းက ကိုးကွယ်ခဲ့သော ရှေးဟောင်း ကြေးဆင်းတု တစ်ဆူနှင့် ရှေးဟောင်း သိမ်ကြီးထဲ၌ စကျင်ကျောက် ရုပ်ပွားတော် တစ်ဆူအား ဖူးတွေ့ ရသည်။

ထို ပြာသာဒ် ကျောင်းကြီးတွင် ၁၉၅၀ ပြည့်နှစ်မှ ၁၉၈၅ ခုနှစ်အထိ အစိုးရ မူလတန်းကျောင်း အဖြစ် စာသင်ခဲ့ပြီး ပထမဆုံး ကျောင်းအုပ် ဆရာကြီးမှာ ဆရာ လှကြီး ဆိုသူဖြစ်သည်။ ယခုအခါ ရှေးဟောင်း ပြာသာဒ် ကျောင်းကြီးမှာ ယိုင်နဲ့လျက် အခင်း ၊ အကာများ ၊ အမိုးများ ဆွေးမြေ့ ပေါက်ပြဲကာ လေပြင်း မုန်တိုင်း နှင့် ကြုံတွေ့ပါလျှင် ပြိုလဲ သွားနိုင်သည့် အနေအထား တွင် ရှိသည်။ ရှေးဟောင်း အမွေအနှစ် မြန်မာမှု ဗိသုကာများ ဆက်လက် ထိန်းသိမ်း ထားနိုင်ရန် အထူး လိုအပ်လှ ပါကြောင်း ရေးသား တင်ပြလိုက်ရ ပါသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger