www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 27, 2014

သစ္စာမှတ်တမ်းကို မေတ္တာဇာတ်လမ်းဖြင့် ကကြရမည်


သစ္စာမှတ်တမ်းကို မေတ္တာဇာတ်လမ်းဖြင့် ကကြရမည်

ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းလင်း တောက်ပသော ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ကြီး ၌ ယခုလို ကာလအတွင်း တရား ဓမ္မသံများ အဆက်မပြတ် ကြားနေ ရသည်တွင် သတ္တဝါ အပေါင်းတို့အား မေတ္တာ ပို့သသော အသံများ ပါဝင်သည်။ သဗ္ဗေသတ္တာ အဝေရာ ဟောန္တု သတ္တဝါတို့ ရန်မရှိကြ ပါစေကုန် သတည်း။ အဗျာပဇ္ဇာ ဟောန္တု ကြောင့်ကြ ကင်းကြ ပါစေကုန် သတည်း။ အနီဃာ ဟောန္တု ဆင်းရဲခြင်း ကင်းကြပါစေ ကုန်သတည်း။ သုခိအတ္တာနံ ပရိဟရန္တု မိမိကိုယ်ကို ချမ်းသာစွာ ရွက်ဆောင် နိုင်ကြပါစေ ကုန်သတည်း ဟူသော မေတ္တာလေးပါး ပို့သ ကြသော အသံများမှာ ကြားရသူ အဖို့ စိတ်နှလုံး ချမ်းမြေ့ ရပါ၏။ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များတွင် အားလုံး ပါဝင်၍ ကြိုးပမ်း နေကြသည့် မြင်ကွင်းများ မှာလည်း ပြည်သူအပေါင်း ဝမ်းမြောက် ဝမ်းသာ ဖြစ်ကြရသော မြင်ကွင်းများ ပင် ဖြစ်သည်။

ဤသို့ ပြည်သူများ ဝမ်းမြောက် ဝမ်းသာ ရှိနေစဉ်မှာ ပင် သြဂုတ် ၂၅ ရက်ထုတ် နေ့စဉ် သတင်းစာများမှ သတင်း တစ်ပုဒ်ကြောင့် စိတ်မချမ်း မြေ့ဖွယ် ဖြစ်ကြ ရသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့နယ် ခချယ်ကျေးရွာ ရှိ ရွာသူ ရွာသားများ အား KIA (ကချင်) အဖွဲ့က တပ်သားသစ် စုဆောင်း သဖြင့် ပြည်သူ ၈၃ ဦး မိုးကုတ်မြို့သို့ ထွက်ပြေး တိမ်းရှောင် လာကြ ရသည်။ သြဂုတ် ၂၃ ရက်တွင် တပ်မတော် အရာရှိကြီး များနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ မြို့မိမြို့ဖများက သွားရောက် ကြည့်ရှု၍ အားပေးစကားပြောကြားပြီး ဆန် ၂၈ အိတ်၊ ဆီ ၂၁ ပိဿာ၊ ခေါက်ဆွဲခြောက် ၁၄ ဖာ၊ ကြက်ဥ ၄၁၅ လုံး၊ မုန့်ကြွပ် ၈၃ ထုပ်၊ စောင် ၈၃ ထည် စုစုပေါင်း တန်ဖိုးငွေ ကျပ် ၁၃ သိန်းနှင့် ထောက်ပံ့ငွေ ကျပ် ၁၅ သိန်းတို့အား ပေးအပ် လှူဒါန်းခဲ့သည့် အပြင် တပ်မတော် နယ်လှည့် ဆေးအဖွဲ့ ကလည်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည်။

သတင်းကို ဖတ်ပြီးသည် နှင့် ၁၉၅၇ ခုနှစ် စက်တင်ဘာ ၂၇ ရက်က ကျင်းပခဲ့သော ပြည်သူ့ လွှတ်တော် အစည်းအဝေး ၌ ထိုအချိန်က ဝန်ကြီးချုပ် ပြောသော မိန့်ခွန်းမှ အချက်များကို ပြန်လည် ကြားယောင် မိသည်။ သူပုန် ရောင်စုံ တွေဟာ စေ့စပ်ရေး ဆိုတဲ့ အချက်ကို ကိုင်ထားပြီး ပြည်သူလူထု ကို ဆက်လက် နှိပ်စက်နေတာ တော့ မတရား ပါဘူး။ ပြည်ထောင်စု ကြီးဟာ ကျွန်တော် တို့ရဲ့လက်ထက်မှာ သာမက ကျွန်တော်တို့ရဲ့နောင်လာ နောက်သား အဆက်ဆက် တို့ရဲ့ လက်ထက် တိုင်အောင် တည်တံ့ ခိုင်မြဲတဲ့၊ အားအင်လည်း တောင့်တင်းတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်စေချင်တယ် ဆိုရင် ပြည်ထောင်စုကို တည်ဆောက်တဲ့ နေရာမှာ ရန်ငြိုးတွေ၊ ကလဲ့စားချေ ချင်တဲ့ စိတ်တွေ၊ ကျဉ်းမြောင်း သိမ်ဖျင်းတဲ့ စိတ်တွေကို လုံးဝ ဖယ်ရှားပစ် ရမယ်။

အဲဒီလို ယုံကြည်တဲ့ အတိုင်းပဲ သူပုန် ရောင်စုံ တွေနဲ့ ပတ်သက်ပြီး လွတ်ငြိမ်း ချမ်းသာခွင့် တွေ၊ သက်ညှာခွင့် တွေကို ကျွန်တော်တို့ အကြိမ်ကြိမ် ပေးခဲ့ပါတယ်။ အရပ် လေးမျက်နှာ ကမ္ဘာ တစ်ဝန်းလုံးမှာ ကြည့်လိုရာ ကိုကြည့်ပါ။ ယဉ်ကျေးတဲ့အစိုးရမှန်သမျှ ဘယ်အစိုးရက ကျွန်တော်တို့ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေ၊ သက်ညှာ ခွင့်တွေထက် ပိုပြီး မပေးနိုင်ဘူး ဆိုတာကို သမာသမတ်စိတ် ရှိသူတိုင်း အတိအလင်း ဝန်ခံ ရပါလိမ့်မယ် ဟု ပြောကြား သွားသည်။

ထိုစကား တို့သည် နှစ်ပေါင်း ၅၇ နှစ်ကြာ ခဲ့ပေပြီ။ နောက်အစိုးရ အဆက်ဆက် တို့ကလည်း အထက်ပါ သဘောထား အတိုင်းပင် ကျင့်သုံး ခဲ့ကြ သည်မှာ ယခု ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရအထိ ဖြစ်သည်။

သို့ဖြစ်၍ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များတွင် နှစ်ဦးနှစ်ဖက် သဘောတူ လက်မှတ်ရေးထိုး ခဲ့သည့် သစ္စာ မှတ်တမ်း ကို မေတ္တာ ဇာတ်လမ်း ဖြင့် ဆက်လက်ကပြ ကြမှသာ တိုင်းရင်းသား ပြည်သူ အပေါင်း စိတ်နှလုံး ချမ်းမြေ့ ကြရမည် ဖြစ်ပါကြောင်း။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger