www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 23, 2014

ပျူရှေးမြို့ဟောင်းများ ဖြစ်သော ဟန်လင်းမြို့ဟောင်း ၊ ဗိဿနိုးမြို့ဟောင်း နှင့် သရေခေတ္တရာ မြို့ဟောင်း တို့အား မြန်မာနိုင်ငံ အတွက် ပထမဆုံးအကြိမ် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် အဖြစ်သတ်မှတ်


Doha, 22 June – Myanmar made its entry onto the World Heritage List today, with the inscription of its first site, Pyu Ancient Cities.

နေပြည်တော် ၊ ၂၃-၆-၂၀၁၄

မြန်မာနိုင်ငံ ပျူရှေးဟောင်း သုံးမြို့အား ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် အဖြစ် ယမန်နေ့တွင် ကာတာနိုင်ငံ ၊ ဒိုဟာမြို့ ၌ ကျင်းပသည့် (၃၈) ကြိမ်မြောက် ကမ္ဘာ့ အမွေအနှစ် ကော်မတီ အစည်းအဝေး 38th Session of the World Heritage Committee ( Doha 2014) က အတည်ပြု သတ်မှတ် လိုက်ကြောင်း သိရသည်။

ဤ ကမ္ဘာ့ အမွေအနှစ် အဖြစ် သတ်မှတ် ခံရမှုသည် မြန်မာနိုင်ငံ အတွက် ပထမဆုံး အကြိမ် ကမ္ဘာ့အဆင့် သတ်မှတ်ခံရမှု ဖြစ်ပြီး မြန်မာ့ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားစွာ တည်ရှိမှုကို ကမ္ဘာက လက်ခံပြီး ထိန်းသိမ်း စောင့်ရှောက်မှု ကို ကမ္ဘာ့အဆင့် သတ်မှတ်ချက် များနှင့်အညီ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ၁၉၉၄ ခုနှစ် ၊ အောက်တိုဘာလ ၄ ရက်က ပျူမြို့ဟောင်း ၃ မြို့ ၊ မြောက်ဦး ၊ ပြဒါးလင်းဂူ ၊ အင်းလေးကန် ၊ မင်းကွန်းဒေသ ၊ မန္တလေး ၊ အင်းဝ ၊ ဟံသာဝတီ စသည့် ရှေးဟောင်း နေရာဒေသ ၈ ခုအား အဆိုပြု အမွေအနှစ် အဖြစ် တင်သွင်း ခဲ့သည်။

အဆိုပါ အဆိုပြု အမွေအနှစ် ၈ ခုအနက် မြို့ပြ ယဉ်ကျေးမှု အစောဆုံး ထွန်းကားခဲ့ခြင်း ၊ ထေရ၀ါဒ ဗုဒ္ဓဘာသာ အစောဆုံး ထွန်းကား ခဲ့သည့် ရှေးမြို့ဟောင်း အဖြစ် ထင်ရှားစွာ ကြွင်းကျန် နေခဲ့ခြင်း ၊ ပုဂံခေတ်အား လက်ရာ မြောက်မှု ယဉ်ကျေးမှု အဆင့် မြင့်မားမှုတို့ ပေါက်ဖွား လာအောင် မျိုးစေ့ချ ပေးခဲ့ခြင်း တို့၏ အကောင်းဆုံး ပြယုဒ် ဖြစ်သော ဟန်လင်း ဗိဿနိုး ၊ သရေ ခေတ္တရာ ပျူမြို့ဟောင်း ၃ မြို့အား Serial Nomination အဖြစ် ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းရန် ၂၀၀၈ ခုနှစ်မှ စတင် ဆောင်ရွက် ခဲ့ပြီး ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ယူနက်စကို World Heritage Center နှင့် ဆက်သွယ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ပျူမြို့ဟောင်း ၃ မြို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က စတင် ဖွံ့ဖြိုးခဲ့သည့် မြန်မာနိုင်ငံ ၏ အစောဆုံး မြို့ပြများ ဖြစ်ခြင်း ၊ လွန်စွာ ရှေးကျပြီး ကြံ့ခိုင်မှု အားနည်း နေခြင်း ၊ မြေပေါ် အမွေအနှစ် အထောက်အထား အကြွင်းကျန်မှု နည်းပါးနေခြင်း ၊ မြန်မာများ ပင်လျှင် ပျူခေတ် အမွေအနှစ်၏ အရေးပါမှု တန်ဖိုးရှိမှု ကို ဂဃနဏ သိသူ နည်းပါးခြင်း တို့ကြောင့် အမြန်ဆုံး ကာကွယ် ထိန်းသိန်းရန် လိုအပ် နေပြီဖြစ်သည့် ရှေးဟောင်း မြို့များ ဖြစ်ခြင်း တို့ကြောင့် ဦးစားပေး၍ ကမ္ဘာ့ အမွေအနှစ် တင်သွင်းရန် ရွေးချယ် ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် သတ်မှတ် သင့် မသင့်ကို လာရောက် စစ်ဆေးသော ICOMOS အဖွဲ့သည် သက်ဆိုင်ရာ နိုင်ငံက တင်သွင်း ထားသည့် စာရွက်စာတမ်း များနှင့် ကွင်းဆင်း စစ်ဆေးမှု အပေါ် အခြေခံ စိစစ်ပြီး 

  • (၁) Inscribes ( ကမ္ဘာ့ အမွေအနှစ် အဖြစ် သတ်မှတ် သင့်ကြောင်း) ၊
  • (၂) Referrel ( သတ်မှတ်စံနှုန်း များနှင့် ကိုက်ညီအောင် ဆောင်ရွက်ရမည် များရှိ၍ တစ်နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ပါက ရှေ့တစ်နှစ်တွင် သတ်မှတ် သင့်ကြောင်း )၊
  • (၃) Defers ( သတ်မှတ် စံနှုန်းများနှင့် မကိုက်ညီသေး၍ နှစ်နှစ်အတွင်း ပြည့်စုံအောင် ဆောင်ရွက်ပြီး ပြန်တင်ပြရန် ဖြစ်ကြောင်း) နှင့်
  • (၄) Not to Inscribes ( မသတ်မှတ် သင့်ကြောင်း ) 


စသည်ဖြင့် သုံးသပ်ချက် ၄ မျိုးကို ကျိုးကြောင်း ဖော်ပြ၍ ကမ္ဘာ့ အမွေအနှစ် ဗဟိုအဖွဲ့သို့ တင်ပြရကြောင်း သိရသည်။

မြန်မာနိုင်ငံ ၏ ပျူမြို့ဟောင်း ၃ မြို့ကို တတိယအဆင့် Defers ဟု သတ်မှတ်ခဲ့ပြီး လိုအပ်ချက်များ ပြည့်စုံအောင် ဆောင်ရွက်ပြီးနောက် ၂ နှစ်ကြာမှသာ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် အဖြစ် သတ်မှတ်မည် ဟု ၄င်းတို့က စိစစ် တင်ပြခဲ့သည်။

သို့ဖြစ်၍ ကမ္ဘာ့ အမွေအနှစ် ကော်မတီသို့ တင်ပြခဲ့သော Nominational Dossier အား ICOMOS က စိစစ်ခဲ့ရာ အချို့ အားနည်းချက် ၊ ယူဆမှု မှားယင်းမှု များကြောင်း Defers ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သဖြင့် မြန်မာနိုင်ငံက ကမ္ဘာ့ အမွေအနှစ် အဖွဲ့သို့ Pyu Com နေဖြင့် ပြန်လည် ရှင်းလင်း တင်ပြခဲ့ခြင်း ၊ ကမ္ဘာ့ အမွေအနှစ် ကော်မတီဝင် ၂၁ နိုင်ငံနှင့်လည်း အပြန်အလှန် ဆွေးနွေး ညှိနှိုင်းခဲ့ခြင်း တို့ကြောင့် ယခု အစည်းအဝေး တွင် ယူနက်စကို ၏ အားပေးမှု နှင့် ကမ္ဘာ့ အမွေအနှစ် ကော်မတီဝင် ၂၁ နိုင်ငံ၏ ထောက်ခံမှု များကြောင့် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် အဖြစ် သတ်မှတ် အတည်ပြု နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယူနက်စကို ၏ ယမန်နေ့ ထုတ်ပြန်ချက် တွင် " ဟန်လင်း ၊ ဗိဿနိုး နှင့် သရေ ခေတ္တရာ တို့သည် လွန်ခဲ့သော နှစ် ၂၀၀၀ ကျော်မှ စတင်၍ အရှေ့တောင် အာရှ ဒေသအတွင်း ဗုဒ္ဓဘာသာ ပျံ့နှံ့ ခဲ့သည်ကို သက်သေပြလျက် ရှိကြောင်း ၊ ထို့ပြင် ယင်း မြို့ဟောင်း များသည် စီးပွားရေး ၊ လူမှုရေး ၊ နိုင်ငံရေး ၊ ယဉ်ကျေးမှု ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု များကြောင့် ဒေသတွင်း သက်တမ်းရှည် သော အဆင့်မြင့် ယဉ်ကျေးမှု မြို့တော်များ ဖြစ်ခဲ့ကြောင်း ၊ အဆိုပါ ခေတ်များ အတွင်း ဆန်းသစ်သော နည်းပညာများ ဖြစ်သည့် အရင်းအမြစ် စီမံ ခန့်ခွဲမှု ၊ အရည် ဖိအားသုံး အတတ်ပညာ ၊ စိုက်ပျိုးရေး ပညာ ၊ အုတ်ဖုတ်ပညာ နှင့် ပန်းပဲဆိုင်ရာ အတတ်ပညာ တို့ဖြင့် တီထွင် ဆန်းသစ်မှုများ ပြုလုပ် နိုင်ခဲ့ကြောင်း ၊ ကောင်းမွန်သော မြို့ပြ စီမံကိန်း နှင့် အဆောက်အဦ ဆောက်လုပ်ခြင်း တို့သည် အရှေ့တောင် အာရှဒေသ အတွင်း စံပြအဖြစ် ရပ်တည် နိုင်ခဲ့ကြောင်း ၊ မြန်မာနိုင်ငံ ယဉ်ကျေးမှု ၀န်ကြီးဌာန သည် အီတလီ ငွေကြေး ထောက်ပံ့သော စီမံကိန်း တစ်ခုမှ တစ်ဆင့် ယူနက်စကို ၏ ထောက်ပံ့ ကူညီမှု ရယူပြီး ယခုကဲ့သို့ ရှေးဟောင်း အမွေအနှစ် စာရင်းဝင်အောင် ဆောင်ရွက် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ယင်း ကော်မတီသည် တောင်ကိုရီးယား ၊ တရုတ် ၊ အိန္ဒိယ တို့မှ ရှေးဟောင်း အမွေအနှစ် များအပြင် ပိုးလမ်းမကြီး ၏ အစိတ်အပိုင်း တစ်ခုကိုပါ ရှေးဟောင်း အမွေအနှစ် စာရင်းသို့ ထည့်သွင်း နိုင်ခဲ့ကြကြောင်း " ဖြင့် ဖော်ပြ ထားကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger