www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 16, 2014

ခေတ်သစ်ပွဲစား


ခေတ်သစ်ပွဲစား

မဒါလေး

အိမ်ငှားဆိုသည့် စကားကို မကြားချင်မှ အဆုံး ပွဲစားများ ကြားတွင် ကြားနေ ရသည်။ ပွဲစားကို အိမ်လိုချင်တယ် ပြောလျှင် ယခင်ကဆို သူတို့ ပြောသော နေရာ ဝေးသည် ဖြစ်စေ၊ နီးသည် ဖြစ်စေ လူကိုယ်တိုင် လိုက်ကြည့် ရသည်။ လိုက်ပြ ရသည်။ သူတို့ပြောသော အိမ်မွှမ်းဘွဲ့များ ကိုလည်း နားမခံ သာအောင် နားထောင် ရသည်။ သူတို့မှာလည်း အတော် သနားစရာ ကောင်းသည်။ နေပူမိုးရွာ မရှောင် လိုက်ပြ ပေးရှာသည်။ အာပေါက်အောင် ရှင်းပြ ပြောပြ ပေးရှာသည်။ ထိုသို့ လိုက်ပြ ပြောပြ ပြီးမှ တစ်ဖက်ဖက်က အဆင်မပြေလျှင် မောလေသမျှ နဖူးကချွေး ခြေမ ကျသည်နှင့် မကာမိဘဲ ဖြစ်ကြ ရသည်။ တစ်ခါတလေ အိမ် အရောင်းအဝယ် သို့မဟုတ် အိမ်ငှား အလုပ်ဖြစ် သွားသည့်တိုင် ခွဲဝေ ယူရမည့် သူများ များနေသဖြင့် ပင်ပန်းရကျိုး မနပ် ဖြစ်တတ်သည်။

ပြောသည့် အခြေအနေက တစ်မျိုး၊ မြင်ရသည့် အခြေအနေ ကတစ်ဖုံ ကွဲလွဲ နေပြန် လျှင်လည်း စကား မပြောလိုက် ရဘဲ အလုပ်ပျက် သွားသည် ကလည်း ရှိသေးသည်။ ဒီကြားထဲ ဆီဖိုး၊ ကွမ်းဖိုး၊ ရေဖိုး စသဖြင့် အဖိုးအခ များကလည်း ကုန်သေးသည်။ တစ်ခါတစ်ရံ စကားပြော မဖြစ်သည့် နေရာများတွင် လက်ဖက်ရည်ဆိုင် သွားပြောပါက လက်ဖက်ရည်ဖိုး က စိုက်ရ သေးသည်။ ပွဲစား ဆိုသည် ကလည်း နာမည်သာ စားပါသည်။ တကယ် မြိုးမြိုးမြက်မြက် စားရသည်က ဆယ်ခါရံ တစ်ရံ မလွယ်ပါ။

သို့သော် ယခုကတော့ အရင်က ကဲ့သို့ မပင်ပန်း တော့ပါ။ နည်းပညာ ဆိုသည်များ တိုးတက် ပြောင်းလဲ လာသည်နှင့် ပွဲစားများလည်း ခေတ်သစ်ပွဲစား အမီလိုက် ရတော့သည်။ ယနေ့ နည်းပညာ တိုးတက် လာသဖြင့် ပွဲစားများ အတွက် အချိန်ကုန် သက်သာ သွားသကဲ့သို့ တစ်ဖက် ကလည်း ဆီဖိုး၊ လက်ဖက်ရည်ဖိုး များ ကုန်ကျမှု နည်းသွားသည်။ နေပူထဲလည်း ချွေး တလုံးလုံးဖြင့် အချိန် ကြာမြင့်စွာ သွားစရာ မလိုတော့ပါ။ ဖုန်းကို အင်တာနက်နှင့် ချိတ်ဆက်ကာ ဖေ့ဘွတ်လို၊ ဗိုင်ဘာလို ဆော့ဝဲလ်များမှ ပုံရိုက်ပို့ကာ ရောင်း၊ ဝယ်၊ ငှား လုပ်ကြသည်။ ဖုန်းဆက်ရုံ၊ ပုံပို့ပေးရုံဖြင့် အချိန်ကုန် သက်သာ သကဲ့သို့ လူပင်ပန်းလည်း သက်သာသည့် နည်းတစ်ခု ဖြစ်သည်။

ယခင်လက အိမ်တစ်လုံး ငှားရန် အကြောင်းဖန် လာသည်။ ငှားချင်သည့် အိမ်ငှားက နယ်မှဖြစ်သည်။ ပွဲစားများက တစ်ဆင့် ဆက်သွယ် လာသည်။ အိမ်ရှင်ဘက် ကလည်း အပ်ထားသော ပွဲစားနှင့် ဆက်စပ်ပြီး ပွဲစားချင်း ဆုံလာ ကြသည်။ ပိုင်ရှင်က ကိုယ်တိုင် မလာနိုင် သဖြင့် အိမ် အခြေအနေ များကို အင်တာနက်မှ တစ်ဆင့် ဓာတ်ပုံ ရိုက်ကာ ပို့ပေးရသည်။ ပထမဆုံး အိမ် အခြေအနေ ပတ်ဝန်းကျင် ကို ရိုက်ပြရသည်။ ပြီးလျှင် အတွင်း၊ အပြင် အခြေအနေ ကို ရိုက်ပြ ရသည်။ အပေါ်ထပ်၊ အောက်ထပ်၊ ရေ၊ မီး စုံနေတာပါပဲ။ တစ်ဖက်က ကြိုက်သည်ဆိုမှ ရက်ချိန်း ပေးကာ ကိုယ်တိုင် လာကြည့်သည်။ ရောက်သည်နှင့် စာချုပ် ချုပ်ဆို ငွေချေပြီး ပြန်သွားသည်။ ငွေချေပြီးတော့ သူ့ဘက် ကိုယ့်ဘက် ပွဲစားတွေ ပွဲခ အသီးသီး ခွဲဝေ ယူကြသည်။ ဒီလိုဆို တော့လည်း ငွေရတာ လွယ်သလိုလို။ ဒီလို တိုးတက် လာတော့လည်း ပွဲစားများက သွားရင်း လာရင်း ဓာတ်ပုံလေး ရိုက်ထား လိုက်ရုံပင်။ အိမ်ငှားချင်၊ ဝယ်ချင်တဲ့ သူရှိရင် အသင့်ရိုက် ထားတဲ့ ပုံလေးပြ၊ ပုံ အနေအထား ကြိုက်တယ်ဆိုမှ ကိုယ်တိုင် လိုက်ပြ လိုက်ရုံနှင့် ပွဲပြီး သွားသည်လည်း ရှိသည်။ တစ်ခါတစ်ရံ ကိုယ်ရိုက်ပြ သည့်ပုံက အပြင်နှင့် လွဲနေပြန် လျှင်လည်း အဆင်မပြေ ဖြစ်တတ် သေးသည်။ တချို့ အတော်ချေး များသော အိမ်ငှားများနှင့် တွေ့လျှင် အိမ်၏ အပြစ်အနာအဆာ များကို ကြံဖန် ရှာပြတတ် သေးသည်။

ဒီလို အခါမျိုးမှာ ရွှေပွဲစားများ ကလည်း ရှာရှာဖွေဖွေ အပြစ်ကို အချစ် ဖြစ်အောင် ပြောတတ်ကြ သေးသည်။ တစ်ခါတစ်ရံ ပွဲစားခ ဈေးဆစ်သော အိမ်ရှင်၊ အိမ်ငှားနှင့် အရောင်းအဝယ် ပြုကြ သူများနှင့် တွေ့လျှင် ပွဲစားများ ခေါင်းချင်းဆိုင် ကြရ သေးသည်။ ရမည့်ပွဲစားခ အတွက် နှစ်ဖက် ကျေနပ်မှ လက်ခံသည်က လည်းရှိသည်။ ဘာပဲဖြစ်ဖြစ် တိုးတက် လာသော ခေတ်တွင် အချိန်ကုန် လူကုန် သက်သာအောင် ထိုသို့သော ပွဲစားများက ဝန်ဆောင် ပေးနေခြင်း မဟုတ်ပါလား။ တစ်ခါတလေ ပွဲခ နှစ်ဖက်စလုံးမှ စားခြင်း၊ ပွဲညွန့်စားခြင်း ကလွဲလျှင် သူတို့က တချို့ တချို့သော လူများအတွက် အထူး ဝန်ဆောင်မှု ပေးနေသော ကြားခံ ကိရိယာ တစ်ခုသဖွယ် မရှိ မကောင်းသော သူများဖြစ်၍ ခေတ်သစ်ပွဲစား ဟု တင်စားချင် ပါတော့သည်။ 

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger