www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 19, 2014

ကျောင်းဖွင့်ချိန်


ကျောင်းဖွင့်ချိန်

ယနေ့ နိုင်ငံတော်သည် ခေတ်မီ နိုင်ငံတော်သစ် တည်ဆောက်ရေး အတွက် အဓိက အရေးပါသည့် အခန်းကဏ္ဍ နှစ်ခုဖြစ်သည့် ပညာရေး နှင့် ကျန်းမာရေးကို အလေးထား ဖော်ဆောင်လျက် ရှိသည်။ ပညာရေးတွင် မူလတန်း ပညာ အခမဲ့မှ အလယ်တန်း ပညာ အခမဲ့ သင်ကြားနိုင်ရေး တိုးတက် ဆောင်ရွက် နိုင်ခဲ့သည်။

ထို့ကြောင့် ယခုနှစ် ကျောင်းဖွင့် ရာသီတွင် မိဘများနှင့် သားသမီးများ ပညာ သင်ကြားရေး အတွက် အခက်အခဲ အချို့ကို ကျော်ဖြတ် နိုင်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ကျောင်းဖွင့် ချိန်တွင် မိဘနှင့် သားသမီးများ၊ ဆရာများ အနေဖြင့် တွေ့ကြုံ ခံစားရမည့် အခက်အခဲ များလည်း ရှိနေရာ မိဘ၊ ဆရာနှင့် ကျောင်းသားတို့ ပူးပေါင်း၍ ဖြေရှင်း သွားကြရမည် ဖြစ်သည်။

ကျောင်းဖွင့် ချိန်သည် မိုးဦးကာလ ဖြစ်၍ ရေကြီးရေလျှံ မှုနှင့် ရေ မသန့်ရှင်းမှု တို့ကြောင့် ဝမ်းပျက် ဝမ်းလျှောနှင့် ခြင်မှတစ်ဆင့် ဖြစ်သော ရောဂါများ၊ ရာသီ အကူးအပြောင်း ကြောင့် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါများ၊ အများဆုံး ဖြစ်ပွားလေ့ ရှိ၍ မိဘများက သားသမီးများ ၏ ကျန်းမာရေး အတွက် ဂရုစိုက် ရမည် ဖြစ်သကဲ့သို့ ကျောင်းမှဆရာ၊ ဆရာမများ ကလည်း ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး အတွက် ဂရုစိုက် ပေးကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရေ မသန့်ရှင်းမှုကြောင့် တစ်နှစ်လျှင် ကလေးငယ်များစွာ သေဆုံးလျက် ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ စာရင်းများအရ သိရ သကဲ့သို့ ၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားသူ ဦးရေ နှစ်သောင်းကျော် ရှိခဲ့ပြီး ရှစ်ဆယ်ကျော် သေဆုံး ခဲ့ကြောင်း၊ ယခုနှစ် တွင်လည်း သွေးလွန် တုပ်ကွေးရောဂါ ကြောင့် အသက် သေဆုံးမှုများ ရှိနေကြောင်း ကျန်းမာရေး ဦးစီးဌာန၏ စာရင်းများ အရ သိရသည်။

ထို့အတူ ကျောင်း၌ ပညာ သင်ကြားရာတွင် အခမဲ့ ပညာ သင်ကြားရေး ဖြစ်ပေါ် လာသောကြောင့် မိဘနှင့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ပညာ သင်ကြားရေး အဆင်ပြေ သော်လည်း ကျောင်းတွင် သင်ထောက်ကူ ပစ္စည်းများ မလုံလောက်မှု၊ သင်ကြားမည့် ဆရာ၊ ဆရာမ အင်အား မပြည့်စုံမှု၊ သင်ရိုး ညွှန်းတမ်း စာအုပ်များ အချိန်မီ မရရှိမှု စသည့် အခက်အခဲ များကြောင့် ကျောင်းသား၊ ကျောင်းသူများကို ပညာ တတ်မြောက်အောင် သင်ကြားရေး၌ အခက်အခဲများ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

ယနေ့ နိုင်ငံတော်က လူသား အရင်းအမြစ် ဖွံ့ဖြိုးရေး၊ ကျန်းမာ ကြံ့ခိုင်သော နိုင်ငံသားများ ဖြစ်ပေါ်လာရေး အတွက် ပညာရေး နှင့် ကျန်းမာရေး ကို အလေးပေး ဆောင်ရွက်လျက် ရှိရာတွင် အခြေခံ လိုအပ်ချက်များ ဖြစ်သည့် ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ရောဂါ ကြိုတင် ကာကွယ်ရေး၊ ဆရာ၊ ဆရာမ များ အလုံအလောက် ရှိရေး၊ သင်ရိုးညွှန်းတမ်း၊ စာအုပ်များ အချိန်မီ ဖြန့်ချိပေး နိုင်ရေးတို့ကို သက်ဆိုင်ရာ ဌာနများက အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက် သွားကြရမည် ဖြစ်သည်။

သို့မှသာ နိုင်ငံတော်၏ ရည်မှန်းချက်၊ ရည်ရွယ်ချက် များ အောင်မြင်၍ ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ပေါ် လာမည်ဖြစ်ရာ မိဘ၊ ဆရာ၊ ကျောင်းသားများ နှင့် ဌာနဆိုင်ရာ အားလုံးက တွဲလက်ညီညီ အချိန်နှင့် တစ်ပြေးညီ ပူးပေါင်း ဆောင်ရွက် သွားကြ ရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger