www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 11, 2014

ကုန်ထုတ်စွမ်းအား မြင့်မားရေး ကူညီဆောင်ရွက်ပေး


ကုန်ထုတ်စွမ်းအား မြင့်မားရေး ကူညီဆောင်ရွက်ပေး

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာန မှ အလုပ်ရုံ နှင့် အလုပ်သမား စစ်ဆေးရေး ဦးစီးဌာန နှင့် ကိုရီးယား သမ္မတနိုင်ငံ ကိုရီးယား လုပ်ငန်းခွင်  ဘေးအန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး အေဂျင်စီ တို့အကြား နှစ်နိုင်ငံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေး နည်းပညာရပ် ဆိုင်ရာ တို့တွင် ပူးပေါင်း ဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ ကို ရန်ကုန်မြို့၌ ဖေဖော်ဝါရီ ၇ ရက်တွင် လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်သည်။

ကိုရီးယား လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး အေဂျင်စီသည် ၂ဝ၁၃ ခုနှစ်မှ စ၍ မြန်မာနိုင်ငံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး စနစ် မြှင့်တင်ရေး ဆိုင်ရာ အကြံပြု စာများ တင်သွင်းခြင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး ဥပဒေအပေါ် အကြံပြုချက် များပေးပို့ခြင်း၊ မြန်မာနိုင်ငံ သို့ ကျွမ်းကျင် ပညာရှင်များ စေလွှတ်၍ စစ်ဆေးရေး အရာထမ်း များအား သင်တန်း ပို့ချပေးခြင်း၊ လုပ်ငန်းခွင် ပတ်ဝန်းကျင် အခြေအနေ တိုင်းတာရေး ကိရိယာ ထောက်ပံ့ ပေးခြင်းများ ဆောင်ရွက် ခဲ့သည်။

ယခု နှစ်နိုင်ငံ လက်မှတ် ရေးထိုးခြင်း များအားဖြင့် မြန်မာနိုင်ငံ ၏ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး ဆိုင်ရာ စွမ်းဆောင် သူများ မြှင့်တင် ပေးနိုင်ရန် အလုပ်ရုံ ဆွေးနွေးပွဲ များ ကျင်းပခြင်း၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း နှင့် နည်းပညာရပ် ဆိုင်ရာ သတင်း အချက်အလက် နှင့် အထောက်အကူ ပစ္စည်းများ ဖလှယ်ခြင်း တို့ကို ဆောင်ရွက် သွားမည် ဖြစ်သည်။

နိုင်ငံတော်တွင် စိုက်ပျိုးရေးကို ပိုမို ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်၍ စက်မှုနိုင်ငံ တည်ဆောက်ရေး ကြိုးပမ်း နေချိန်တွင် အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရေး စီမံကိန်းများ အကောင် အထည်ဖော် လျက်ရှိရာ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး စနစ်များ မြှင့်တင်ရမည် ဖြစ်သည်။ 

လုပ်ငန်းခွင် အန္တရာယ် ဟူသည်မှာ စိုက်ပျိုးရေး လုပ်ငန်း၊ စက်ရုံ အလုပ်ရုံ တို့မှ ကုန်ထုတ် လုပ်ငန်း၊ သယံဇာတ တူးဖော်ရေး လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်း စသည်တို့ အားလုံး အကြုံးဝင်သည်။ ၂ဝ၁၃ ခုနှစ် အတွင်းက အိမ်နီးချင်း နိုင်ငံများတွင် စက်ရုံ အဆောက်အအုံ ပြိုကျခြင်း၊ စက်ရုံအတွင်း မီးလောင်ခြင်း၊ သတ္တု တူးဖော်ရေး လုပ်ငန်းများ တွင် မြေပြိုခြင်း စသည့် ဖြစ်စဉ် များကြောင့် လုပ်ငန်းခွင် တွင် အလုပ်သမားများ သေဆုံးမှု နှင့် ထိခိုက် ဒဏ်ရာရမှုများ ဖြစ်ပေါ် ခဲ့သည်။

၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် အရှေ့အာရှ နိုင်ငံများ၏ (၈) ကြိမ်မြောက် ထိပ်သီး အစည်းအဝေးကို ဘရူနိုင်း ဒါရူဆလမ် နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်မြို့ ၌ ကျင်းပခဲ့ရာ အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင်များ၊ အာဆီယံ ဆွေးနွေးဖက် နိုင်ငံများ ဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန်၊ ရုရှားနှင့် အမေရိကန်နိုင်ငံ တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြသည်။ ထိပ်သီး အစည်းအဝေး တွင် ရိက္ခာနှင့် စွမ်းအင် လုံခြုံရေး၊ ရာသီဥတု ပြောင်းလဲမှု၊ ဘေးအန္တရာယ် စီမံခန့်ခွဲရေး နှင့် ကူးစက် ရောဂါ ကာကွယ်ရေး တို့ကို ဆွေးနွေးခဲ့ ကြသည်။

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေး နှစ်တွင် ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်လာမည့် နိုင်ငံများမှာ ဂျပန်၊ တောင်ကိုရီးယား နှင့် ထိုင်းနိုင်ငံတို့ ဖြစ်လာနိုင်ပြီး ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများမှာ ၄င်း သုံးနိုင်ငံထက် လျော့နည်း မည်ဖြစ်ကြောင်း လေ့လာသူ များက သုံးသပ် ထားသည်။

သို့ဖြစ်၍ မြန်မာနှင့် ကိုရီးယား တို့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး စနစ် မြှင့်တင်ရေး သည် မြန်မာနိုင်ငံ၏ ကုန်ထုတ် စွမ်းအား မြင့်မားရေး အတွက် အထောက် အကူပြု လုပ်ငန်းများ ဖြစ်ခြင်းကြောင့် မြန်မာ ပြည်သူ အပေါင်းက ပါဝင် ကူညီ ဆောင်ရွက် ပေးကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( ၁၁-၂-၂၀၁၄ ရက် မြ၀တီနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger