www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 27, 2014

မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ ပထမအကြိမ် ကဗျာ ၊ ဆောင်းပါး ၊ ၀တ္ထုတို စာမူပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ



ရန်ကုန် ၊ ၂၇-၁-၂၀၁၄

မြန်မာနိုင်ငံ စာရေးဆရာ အသင်း၏ ပထမအကြိမ် ကဗျာ ၊ ဆောင်းပါး ၊ ဝတ္ထုတို စာမူပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပန်းဆိုးတန်း လမ်းရှိ မြန်မာနိုင်ငံ စာရေးဆရာ အသင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် က နိုင်ငံ တစ်နိုင်ငံတွင် ဘာသာစကား ၊ စာပေနှင့် ယဉ်ကျေးမှု တို့သည် ထိုနိုင်ငံ၏ နယ်နိမိတ် ၊ နိုင်ငံတော် အလံ ၊ သုံးစွဲသော ငွေကြေးတို့ ကဲ့သို့ နိုင်ငံ၏ အမျိုးသားရေး အမှတ် လက္ခဏာများ ဖြစ်ပါကြောင်း ၊ ဤလုပ်ငန်း များကို ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည့် မြန်မာနိုင်ငံ စာရေးဆရာ အသင်း၏ ဆောင်ရွက်ချက် များအား ဂုဏ်ယူ ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ စာရေးဆရာ အသင်းဥက္ကဋ္ဌ စည်သူ ဦးတင်လှိုင် ( လယ်တွင်းသား စောချစ်) က နှုတ်ခွန်းဆက် စကားနှင့် နိုင်ငံ အကျိုးပြု စာပေများ ပေါ်ထွန်းလာရေး ဆောင်ရွက် သွားမည့် အစီအစဉ် များကို ရှင်းလင်း
တင်ပြသည်။

ဆက်လက်၍ ကဗျာ ၊ ဆောင်းပါး ၊ ဝတ္ထုတို စာမူပြိုင်ပွဲ ကျင်းပရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးအုန်းမောင် ( မြင်းမူ မောင်နိုင်မိုး ) က ပြိုင်ပွဲ ကျင်းပရခြင်း နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ထို့နောက် ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည် က ကဗျာပြိုင်ပွဲ တွင် ပထမဆုရ ဇော်မျိုးဟန် (ငါးသိုင်းချောင်း) အား ဆုပေးအပ် ချီးမြှင့်သည်။

ယင်းနောက် မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌ စည်သူ ဦးတင်လှိုင် (လယ်တွင်းသား စောချစ်) ၊ ဒုတိယ ဥက္ကဋ္ဌ(၁) ဦးကျော်ဝင်း ( မနုဿ ကျော်ဝင်း ) နှင့် ဒုတိယ ဥက္ကဋ္ဌ(၂) ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး) တို့က ကဗျာ ၊ ဆောင်းပါး ၊ ၀တ္ထုတို စာမူပြိုင်ပွဲတွင် ဆုရရှိကြ သူများအား ဆုများပေး အပ်ချီးမြှင့် ကြသည်။

အခမ်းအနား အပြီးတွင် ပြည်ထောင်စု ၀န်ကြီး နှင့် တာဝန်ရှိ သူများ ၊ ဆုရရှိကြ သူများသည် စုပေါင်း၍ မှတ်တမ်း ဓာတ်ပုံ ရိုက်သည်။

မြန်မာနိုင်ငံ စာရေးဆရာ အသင်း၏ ပထမအကြိမ် ကဗျာပြိုင်ပွဲ တွင် ပထမဆု ဇော်မျိုးဟန် (ငါးသိုင်းချောင်း) ၊ ဒုတိယဆု ဒေါက်တာ မင်းလဲ့ရီ ၊ တတိယဆု အဖျောက်မြေ မောင်ဆွေမွန် ၊ အထူးဆု(၁) မောင်လွန်းမြိုင် (ပင်လယ်ဘူး) ၊ အထူးဆု(၂) မြေလတ် မင်းလွင် တို့ ရရှိကြသည်။

ဆောင်းပါး ပြိုင်ပွဲတွင် ပထမဆု ရွှေငယ်ဝိုင်း (ကြို့ပင်ကောက်) ၊ ဒုတိယဆု နေမင်းသူရိန် ၊ တတိယဆု မောင်ချိုဝေ၊ အထူးဆု (၁)ခိုင် (မိတ္ထီလာ) ၊ အထူးဆု(၂) ပန်းမြိုင်လယ် စိန်ဝင်း တို့ ရရှိကြပြီး ဝတ္ထုတို ပြိုင်ပွဲတွင် ပထမဆု မောင်အင်း (ဥက္ကံ)၊ ဒုတိယဆု ပန်းမြိုင်လယ် စိန်ဝင်း ၊ တတိယဆု ကောင်းကင်မေ (စီးပွားရေး တက္ကသိုလ်)၊ အထူးဆု(၁) မောင်နီမှိုင်း (ကျောက်တန်း) ၊ အထူးဆု(၂) သွဲ့ထားညို (သက္ကလ) တို့ ရရှိကြသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger