www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 31, 2013

လွတ်လပ်ရေးအတွက် မိန့်မှာချက်


လွတ်လပ်ရေးအတွက် မိန့်မှာချက်

လွတ်လပ်ရေး ကို လူတိုင်း နှစ်သက် ကြသည်။ မြတ်နိုး ကြသည်။ သို့သော် လွတ်လပ်ရေး ကို ထိန်းသိမ်း စောင့်ရှောက်ရန် နှင့် လွတ်လပ်ရေး ကို တန်ဖိုးထားရန် လေးစား လိုက်နာရမည့် အချက်များကို လူအများ သတိမမူ မိဘဲ ရှိနေ ကြသည်။

လွတ်လပ်ရေး နှင့် ပတ်သက်၍ ပြည်သူများ လိုက်နာ ရမည့် အချက်မှာ စည်းကမ်း ရှိရမည်။ ညီညွတ်မှု ရှိရမည်။ ထူထောင်ရေး လုပ်ငန်းများ လုပ်ရမည်။ အလုပ်ကို ကြိုးစား လုပ်ကိုင်ရမည် စသည်တို့ ဖြစ်သည်။ ထိုအချက် များမှာ ရရှိပြီးသော လွတ်လပ်ရေး ကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက် ရာ၌ မဖြစ်မနေ ဆောင်ရွက် ရမည့် အချက်များ ဖြစ်သည်။

လွတ်လပ်ရေး နှင့် ပတ်သက်၍ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်က လူထုကို မိန့်ခွန်း ပြောကြားရာ၌ '' လွတ်လပ်ရေး ကို လိုချင်ရင် လွတ်လပ်ရေး ရနိုင် လောက်တဲ့ စည်းကမ်း ရှိကြပါ။ လွတ်လပ်ရေး ကို လိုချင်ရင် လွတ်လပ်ရေး ရနိုင် လောက်တဲ့ ညီညွတ်မှု ကို ထိန်းသိမ်း ကြပါ။ လွတ်လပ်ရေး ကို လိုချင်ရင် လွတ်လပ်ရေး ရနိုင် လောက်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ ရှေ့ကို လွတ်လပ်ရေး အရသာကို ခံစား စံစား ချင်တယ်ဆိုရင် အလုပ်လုပ် ကြဖို့ စည်းကမ်း ရှိကြဖို့ ...'' အစ ရှိသည်ဖြင့် မှာကြား ခဲ့သည်။

ဗိုလ်ချုပ် အောင်ဆန်း ၏ အထက်ပါ မိန့်ခွန်းမှာ (၆၇) နှစ်ကြာ ခဲ့ပြီ ဖြစ်သော်လည်း ပြည်သူတို့ ယနေ့တိုင် မမေ့နိုင် မှတ်မိနေဆဲ ဖြစ်သည်။ ထိုသို့ ဗိုလ်ချုပ် အောင်ဆန်း နှင့် ဗိုလ်ချုပ် ၏ မိန့်ခွန်းကို မမေ့ပင် မမေ့ငြား သော်လည်း မှာကြားခဲ့သည့် လိုက်နာ ကျင့်သုံး ရမည့် အချက်များကို ပြည်သူများ မေ့ကောင်း မေ့နေ ပေမည်။

ဗိုလ်ချုပ် မိန့်ကြား ခဲ့သည့် အတိုင်း စည်းကမ်း ရှိကြပါ၏လော ၊ ညီညွတ်မှုကို ထိန်းသိမ်း ကြပါ၏လော ၊ ထူထောင်မှုကို လုပ်ကြ ပါ၏လော ၊ အလုပ်ကို ကြိုးစား လုပ်ကိုင် ကြပါ၏လော ဟူ၍ ပြည်သူ များအနေဖြင့် မိမိတို့ကိုယ် မိမိတို့ ပြန်လည် ဆန်းစစ် သုံးသပ်ကြည့်ရန် လိုပါသည်။

သို့ဖြစ်ရာ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း ၏ လွတ်လပ်ရေး နှင့် ပတ်သက်သည့် မိန့်ကြားချက်ကို မမေ့ပါဟု ဆိုပါက ပြည်သူတိုင်း ကိုယ်စီ လိုအပ်ချက် များကို မိန့်မှာချက် အတိုင်း လိုက်နာ ကျင့်သုံး ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း တင်ပြ ရေးသားလိုက် ရပေသည်။

( ၃၁-၁၂-၂၀၁၃ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger