www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 21, 2013

တိုင်းပြည် ကြီးပွား တိုးတက်ခြင်း၏ အခြေခံစိတ်ဓာတ်


နေမိုး (လူငယ်ဘုံရိပ်သာ)

တာဝန်သိစိတ် နှင့် တာဝန်ယူစိတ် အကြောင်း စဉ်းစား နေမိတာ အတော် ကြာပါပြီ။ အထူးသဖြင့် လမ်းပေါ်မှာ အမှိုက် သရိုက် တွေကို မရှက်မကြောက် ပစ်ချင်တိုင်း ပစ်နေကြ တာတွေကို တွေ့ရတဲ့ အခါတိုင်း စဉ်းစားမိတယ်။

တာဝန်သိစိတ် နှင့် တာဝန်ယူစိတ် ဟာ ကျွန်တော်တို့ နိုင်ငံနှင့် ကျွန်တော်တို့ ဘ၀တွေ ဖွံ့ဖြိုး တိုးတက်ဖို့ ဘယ်လောက် အတိုင်းအတာ အထိ အရေးပါ နိုင်သလဲ ဆိုတဲ့ မွေးခွန်းကို ကိုယ့်ကိုယ်ကို မေးနေမိ တာလည်း အတော် ကြာပါပြီ။ ကျွန်တော် စဉ်းစား မိတဲ့ တာဝန်သိစိတ် နှင့် တာဝန်ယူစိတ် ရဲ့ အရေးပါမှုကို အနည်းငယ် ပြေချင်ပါတယ်။

ပထမဆုံး ကျွန်တော် စဉ်စားမိတာက တာဝန်ယူစိတ် ဆိုတာ တာဝန်သိစိတ် မရှိဘဲ ဖြစ်မလာ နိုင်ဘူး ဆိုတာပဲ။ ကိုယ့်မှာ တာဝန်ရှိတယ် ဆိုတာ သိမှ အဲဒီ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မှုဆီ ဦးတည်စေမဲ့ တာဝန်ယူစိတ် က ပေါ်ပေါက် လာရခြင်း ဖြစ်ပါတယ်။ ဒါဆို တာဝန်သိစိတ် ဆိုတာ ဘယ်လို ဟာမျိုးလဲ။ ဒီ အကြောင်းအရာ ဟာ ပြင်ပ ပတ်ဝန်းကျင် နှင့် ဆက်စပ် တွေးကြည့် ရမယ် ထင်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ကျွန်တော်တို့ လူသားတွေဟာ ပတ်ဝန်းကျင် နဲ့ တစ်နည်း မဟုတ် တစ်နည်း ပတ်သက် နေလို့ပါပဲ။ အကယ်၍သာ ဒီလောကမှာ ဘယ်သူနဲ့ မှလည်း ထိစပ် စရာ မရှိဘူး။ ကိုယ် တစ်ယောက် တည်းပဲ ရှိတယ် ဆိုရင်တော့ ကိုယ် ကြိုက်သလို နေနိုင် ၊ ပြုမူနိုင် ၊ လုပ်ဆောင် နိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်မှာ ပတ်ဝန်းကျင် ဆိုတာ ကြီးက ရှိနေတော့ အဲဒီ ပတ်ဝန်းကျင် နဲ့အတူ ပတ်ဝန်းကျင် ကို ကိုယ့်ကြောင့် မထိခိုက် စေဖို့ ၊ ဒုက္ခ မဖြစ်စေဖို့ ၊ အဆိုးတွေ မဖြစ်စေဖို့ ဆိုတဲ့ တာဝန်ကြီးက ကပ်ပါ လာပါတယ်။

အပြန်အလှန် ပါပဲ။ ကိုယ့် ပတ်ဝန်းကျင် ကို အဆိုးတွေ မကျရောက် စေဖို့ ကိုယ့်မှာ တာဝန်ရှိ သလို ကိုယ့်အပေါ် အဆိုးတွေ မကျရောက် စေဖို့ ကိုယ့် ပတ်ဝန်းကျင် မှာလည်း တာဝန် ရှိပါတယ်။ အကယ်၍သာ ကျွန်တော် တို့က ပတ်ဝန်းကျင် ကို အဆိုးတွေ ဖြစ်စေမယ် ၊ ပတ်ဝန်းကျင် ကလည်း ကျွန်တော်တို့ အပေါ် အဆိုးတွေ သက်ရောက် စေမယ် ဆိုရင် ကျွန်တော်တို့ လူ့လောက ကြီးဟာ ဘာဖြစ် သွားမလဲ။ လောက ငရဲဘုံကြီး ဖြစ်သွားမှာ အသေအချာ ပါပဲ။ အဆိုး ဟူသမျှ အကုန် ကျရောက် လာနိုင်မဲ့ လောကကြီး ဖြစ်သွား နိုင်ပါတယ်။ ဒါကြောင့် မည်သူ့ အပေါ်မှ အဆိုးတွေ မကျရောက် စေဖို့ ကျွန်တော်တို့မှာ တာဝန် ရှိတာပါပဲ။ လူ့လောကကြီး သာယာဖို့ ၊ ဖွံ့ဖြိုး စည်ပင်ဖို့ ဆိုရင် ကျွန်တော်တို့ အားလုံး တာဝန် သိဖို့ ၊ တာဝန် ယူဖို့ ၊ တာဝန် ကျေဖို့ အလွန် အရေးကြီး ပါတယ်။

ကျွန်တော် တို့ဟာ အမှိုက်သရိုက် တွေ လမ်းပေါ်မှာ ပွနေတဲ့ အကြောင်း အမြဲ ပြောတတ် ကြပါတယ်။ ဒါဟာ အစိုးရက ၊ စည်ပင် သာယာက အလုပ်မလုပ် လို့ပဲလို့ လည်း အမြဲ အပြစ်တင် လေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်တော် တို့မှာ ရန်ကုန် မြို့တော် သန့်ရှင်းဖို့ အတွက် ဘယ်လောက် တာဝန်ရှိ သလဲဆိုတဲ့ မေးခွန်းမျိုး ကို မိမိကိုယ်မိမိ ပြန်မေးဖို့ သိပ်ဝန်လေး ကြပါတယ်။ အကယ်၍ ကိုယ့်မှာ တာဝန် ရှိပါလား ဆိုတာ သိလာရင် အဲဒီ တာဝန်ကို မယူချင် လို့လားတော့ မပြောတတ်ဘူး။ သေချာတာ တစ်ခုကတော့ ရန်ကုန်မြို့ သန့်ရှင်းရေး အတွက် သူတို့ ပူးပေါင်း ပါဝင် ဆောင်ရွက်မှု မရှိဘူး ဆိုတာပါပဲ။ တစ်ချို့ ဆိုရင် " တို့က စည်ပင် သာယာရေး အခွန် ပေးပြီးသား ၊ ဒါကြောင့် တို့မှာ လမ်းပေါ်မှာ အမှိုက် ပစ်ခွင့် ရှိတယ် ..... " လို့ ယူဆကြ သေးတယ်။ ဒါဟာ တာဝန် မသိတဲ့ ၊ တာဝန် မယူတဲ့ တာဝန်မဲ့ စိတ်အပြည့် ရှိနေတဲ့ နိုင်ငံသား တစ်ယောက်ရဲ့ အောက်တန်းစား စိတ်ဓာတ် ပဲ ဖြစ်ပါတယ်။

တာဝန်သိမှု ၊ တာဝန်ယူမှု ဆိုတာတွေဟာ အမှိုက် ကိစ္စ မှာတင် မဟုတ်ဘဲ အခြား နေရာ ဌာန ၊ ကိစ္စ ၀ိစ္စ တွေမှာပါ အရေးကြီး တာပါ။ အခွန်ဆောင် ရမယ့်သူက အခွန် မရှောင်ဘဲ ကိုယ်ကျတဲ့ အခွန်ကို ပေးဆောင်ပြီး တာဝန်ကျေတဲ့ နိုင်ငံသား တစ်ယောက် ဖြစ်ခြင်း ၊ ကျောင်းဆရာက ကျောင်းသား တွေကို အသိပညာ ၊ အတတ် ပညာတွေကို တတ်မြောက်အောင် သင်ကြား ပေးခြင်းဖြင့် မိမိတာဝန် ကျေပွန်ခြင်း ၊ ရဲက ရဲတာဝန် ကျေပွန်စွာ ထမ်းဆောင် နိုင်ခြင်း ၊ စစ်သားက စစ်သား တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် နိုင်ခြင်း များအား နိုင်ငံတစ်ခု ကြီးပွား တိုးတက်ဖို့ မရှိမဖြစ် အခြေခံ လိုအပ်ချက် ပါပဲ။ ဒီ တိုင်းပြည်မှာ ရှိတဲ့ နိုင်ငံသား တိုင်းက ကိုယ်ကျရာ အခန်းကဏ္ဍ မှာ တာဝန်သိမှု ၊ တာဝန်ယူမှု နဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် နိုင်မယ် ဆိုရင် ဒီတိုင်းပြည်ကြီး မကြီးပွား မတိုးတက် နိုင်စရာ အကြောင်း မရှိပါဘူး။ တာဝန်သိခြင်း ၊ တာဝန်ယူခြင်း နဲ့ ယူရတဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် နိုင်ကြ ပါစေ ။   ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger