www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 2, 2019

မန်းရွှေစက်တော် ဘုရားဖူး ပြည်သူများ ဆင်စီး၍ သဘာဝရှုခင်းများ လည်ပတ်ကြည့်ရှုနိုင်မည်

-
မင်းဘူး ဇန်နဝါရီ ၁ 
-
မြန်မာနိုင်ငံရှိ အရှည်ကြာဆုံး ပွဲတော်များတွင် တစ်ပွဲ အပါအဝင်ဖြစ်သည့် မကွေးတိုင်းဒေသကြီး   မင်းဘူးမြို့နယ် အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကို  နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ထိ ကျင်းပလျက်ရှိရာ ယခုနှစ် မန်းရွှေစက်တော် ဘုရားပွဲတော်ကာလအတွင်း၌ ဘုရားဖူးလာပြည်သူများ ဆင်စီး၍   သဘာဝရှုခင်းများ လည်ပတ်ကြည့်ရှုနိုင်စေရန် ဘုရားပွဲတော်ကာလအမီ ဆင်စခန်းဖွင့်လှစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ''ကျွန်တော်တို့ အနေနဲ့ ဆင်စခန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့စီစဉ်မှုနဲ့  ၂ဝ၁၉ ခုနှစ် မန်းရွှေစက်တော် ဘုရားပွဲတော် ကာလ   ဖေဖော်ဝါရီ ၁၃ ရက်မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။  ကနဦး ခန့်မှန်းကုန်ကျငွေ ကျပ် ၃ဝ၄၄၇၂ဝဝ ခန့်သုံးစွဲ ထားပါတယ်။  
-
လက်ရှိမှာ ဆင်အကောင်ရေ ရှစ်ကောင်နဲ့ နောက်ထပ် ဆင်အကောင်ရေ ခုနစ်ကောင် စုစုပေါင်း ၁၅ ကောင်ရှိပါတယ်။ ဆင်စီးချိန်ကိုတော့    နံနက် ၈ နာရီမှ ၁၁ နာရီအထိသတ်မှတ်ထားပါတယ်။   ဆင်စီးခ အဖြစ် တစ်ဦးကို ငွေကျပ် ၅ဝဝဝ သတ်မှတ်ထားပါတယ်''ဟု  ဆင်စခန်းတာဝန်ခံ  ဦးလှသန်းက ပြောသည်။ အဆို ပါဆင်စခန်းဖွင့်လှစ်ရန် ဧက ၆ဝ၊ ကြိုးဝိုင်းပြင်ဆင်ကာကွယ်တော ဧက ၅ဝ  စုစုပေါင်းဧက ၁၁ဝနှင့် ဆင်စား ကျက်မြေ ဧက ၇ဝဝ တို့ကို လုပ်ထုံးလုပ်နည်း နှင့်အညီဆောင်ရွက်သွားမည်ဖြစ်သည်။ ဆင်စခန်းသည်  မန်းရွှေ စက်တော် ဘုရားပွဲတော်သို့သွားသည့်  ၈ မိုင်ကားလမ်းဘေး မန်းရွှေစက်တော်ဘုရားနှင့် ၃မိုင်ခန့်အကွာတွင်တည်ရှိပြီး ဘုရားဖူးပြည်သူများ လွယ်လင့်တကူ သွားရောက်နိုင်မည့်နေရာ တစ်ခုဖြစ်ကြောင်း သိရသည်။
-
မျိုးမြတ် (မင်းဘူး)
-
#မြ၀တီနေ့စဉ်သတင်းစာ

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၏ ယာဉ်တန်း အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် ခံရသော်လည်း လူထိခိုက် ဒဏ်ရာ ရရှိမှုမရှိ

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၏ ယာဉ်တန်း အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် ခံရသော်လည်း လူထိခိုက် ဒဏ်ရာ ရရှိမှုမရှိ
-
စစ်တွေ  ဇန်နဝါရီ  ၁  
-
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ ယာဉ်တန်းသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်-စစ်တွေ ကားလမ်း၌ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရသော်လည်း လူထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်းသိရသည်။
-
-
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်   ဦးညီပုနှင့် အဖွဲ့သည်   ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပြီး ကျောက်ဖြူမြို့နယ်မှ စစ်တွေမြို့သို့   ပြန်လည် ထွက်ခွာလာစဉ် ညနေ ၄ နာရီခွဲခန့်တွင် ရန်ကုန်-မင်းဘူး-အမ်း-စစ်တွေကားလမ်း  မြောက်ဦးမြို့အနီး နန်းကျားနှင့်   ပေါင်းတုတ်ကျေးရွာအကြား တံတားအမှတ် (၁/၁ဝ၆)ထိပ်သို့ အရောက်  ဒေသန္တရလုပ်   အဝေးထိန်းမိုင်း သုံးလုံးဖြင့် တစ်ပြိုင်တည်း   ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရသည်။ ဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ယာဉ်တစ်စီးရှေ့မှန်ကွဲပြီး အခြားယာဉ်တစ်စီးတွင် ဘေးမှန်တစ်ချပ်ကွဲသည့်ပျက်စီးမှုသာရှိခဲ့ကြောင်းသိရသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ



ဗန်ကောက်မြို့၌ ၁၂ နိုင်ငံမှ သံဃာတော်များနှင့် ပြည်သူများက နှစ်သစ်ကူးအကြို ဆုတောင်းမေတ္တာ ပို့သခြင်း အခမ်း အနား ကျင်းပ

ဗန်ကောက်မြို့၌ ၁၂ နိုင်ငံမှ သံဃာတော်များနှင့် ပြည်သူများက နှစ်သစ်ကူးအကြို ဆုတောင်းမေတ္တာ ပို့သခြင်း အခမ်း အနား ကျင်းပ
-
ရန်ကုန် ဇန်နဝါရီ ၁ 
-
နိုင်ငံပေါင်း ၁၂ နိုင်ငံမှ သံဃာတော်များ၊ ဗုဒ္ဓဘာသာဝင်များ ပါဝင်သည့် နှစ်သစ်ကူးအကြို  ဆုတောင်းမေတ္တာပို့သခြင်း အခမ်းအနားကို  ယမန်နေ့ ည ၁၁ နာရီမှစတင်ကာ   ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ    ဆာနမ်လွန်၌ကျင်းပသည်။ နှစ်သစ်ကူးအကြို ဆုတောင်း မေတ္တာပို့သခြင်း အခမ်းအနားသို့ မြန်မာနိုင်ငံမှ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ ဦးဆောင်သော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီး  ၁၆ ပါး၊ ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်များ၊  တိပိဋက ဆရာတော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သံဃနာယက ဆရာတော်များ အပါအဝင် သံဃာတော်စုစုပေါင်း ၃၁ ပါးနှင့်သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုနှင့် တာဝန်ရှိသူများ၊  မြန်မာနိုင်ငံလုံးဆိုင်ရာ  ထေရဝါဒ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့်  နယ်စပ် တောင်တန်း ဒေသ သာသနာနုဂ္ဂဟအသင်းဗဟို(ဥက္ကဋ္ဌ) ဝဏ္ဏ ကျော်ထင် ဒေါက်တာ ခင်ရွှေနှင့် အဖွဲ့ဝင်များ အပါအဝင် လူပုဂ္ဂိုလ် စုစုပေါင်း  ၂၆ ဦးတို့နှင့် ၁၂ နိုင်ငံမှ သံဃာတော်များ အပါအဝင် ထိုင်းနိုင်ငံ သာသနာရေး ဝန်ကြီးဌာန  ဝန်ကြီးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များတက်ရောက်ကြသည်။ 
-
ထိုင်းနိုင်ငံ  Sanam Luang Pavilion တွင် ကျင်းပသည့် The New Year's Eve Chanting  & Meditation for Happiness in 2019  (ဗုဒ္ဓဘာသာဝင်များ၏နှစ်သစ်ကူးအကြို  ဆုတောင်းမေတ္တာ ပို့သခြင်း အခမ်းအနား)ကို နိုင်ငံ ပေါင်း ၁၂ နိုင်ငံမှ သံဃာတော် များနှင့် ဗုဒ္ဓဘာသာဝင် ပြည်သူများ စုပေါင်း ကျင်းပကြခြင်း ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

၂ဝ၁၉ ပညာသင်နှစ်အတွက် ရန်ကုန် ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)ဖွင့်လှစ်

၂ဝ၁၉ ပညာသင်နှစ်အတွက် ရန်ကုန် ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)ဖွင့်လှစ်
-
ရန်ကုန်    ဇန်နဝါရီ  ၁ 
-
ရန်ကုန်တိုင်းဒေသကြီး  ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက် ဦးဥတ္တမလမ်း ပညာပါရမီ ကျောင်းတိုက်ရှိ ရွှေပြည်သာခန်းမ၌ ၂ဝ၁၉ ပညာသင်နှစ်အတွက် ရန်ကုန်ဗုဒ္ဓ တက္ကသိုလ်(ရွှေပြည်သာ) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် ကျင်းပသည်။ ''ပရိယတ္တိသင်ကြားမှုစနစ်တွေကိုလည်း ခေတ်အလိုက်ပြောင်းလဲပြီး သင်ကြားနေပါတယ်။ 
-
သင်ရိုးညွှန်းတမ်းတွေကို အဟောင်းနဲ့ အသစ်ပေါင်းစပ်ပြီး အခုလိုဗုဒ္ဓတက္ကသိုလ်တွေကို ဖွင့်လှစ်ရတာဖြစ်သလို သာသနာတော်မှာလည်း အရည်အသွေးပြည့်ဝတဲ့ မျိုးဆက်သစ် သာသနာ့အာဇာနည်တွေ ပေါ်ထွက်ဖို့ ဒီတက္ကသိုလ်ကို ဖွင့်လှစ်တာပါ''ဟု ရန်ကုန်ဗုဒ္ဓ တက္ကသိုလ်(ရွှေပြည်သာ) ဒုတိယပါမောက္ခချုပ်  ဆရာတော် ဦးပဏ္ဍဝံသက မိန့်ကြားသည်။ ၂ဝ၁၉  ပညာသင်နှစ်အတွက်  PABE  ဒီပလိုမာတန်း တစ်နှစ်သင်တန်းအတွက် ၄ဝ ဦးနှင့် PSE(1)ဒီပလိုမာတန်း နှစ်နှစ်သင်တန်းအတွက် ၃ဝ ဦးတို့အား စတင်ဖွင့်လှစ် သင်ကြားမည်ဖြစ်သည်။ 
-
PABE သင်တန်းတွင် အင်္ဂလိပ်၊ အဘိဓမ္မာ၊ ပါဠိနှင့် ဗုဒ္ဓအလင်းပြဘာသာတို့ကို   သင်ကြားမည်ဖြစ်သည်။ PSE(1) သင်တန်းတွင်  ဗုဒ္ဓဓမ္မ၊  အင်္ဂလိပ်၊ သက္ကတနှင့် ဘာသာဗေဒ ဘာသာရပ်တို့ကို သင်ကြားမည်ဖြစ်သည်။ 

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ)တွင် PABE  ဒီပလိုမာတန်းအတွက် ရဟန်းရှင်လူ၊ သီလရှင်ဆရာကြီး၊ ဆရာလေး မည်သူမဆို တက်ရောက်နိုင်ပြီး PSE(1) သင်တန်းတွင် PABE အောင်မြင်ပြီးသူများနှင့် ပထမကြီးတန်း အောင်မြင်ပြီးသူ ရဟန်းရှင်လူ၊ သီလရှင်များ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။ 
-
အဆိုပါသင်တန်းနှစ်ခုအတွက် ဒီပလိုမာ အောင်လက်မှတ် ရရှိမည်ဖြစ်သည်။   ထိုမှတစ်ဆင့် B.A နှင့် M.A ဘွဲ့အတန်းများကို ခေတ်မီဗုဒ္ဓစာပေ ပရိယတ္တိသင်ရိုးများအတိုင်း   ဆရာတော်ရှစ်ပါး တို့က သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger