www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 31, 2018

တောင်ကြီးမြို့နယ်နှင့် ဘုရားဖြူမြို့နယ်တို့ အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်






နေပြည်တော် ၃၁-၈-၂ဝ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ တောင်နီကျေးရွာ၊ ရပ်စောက်မြို့နယ်၊ ဘုရားဖြူမြို့နယ်နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူ ၂၈၄ ဦးတို့ကို နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ မျက်စိရောဂါ၊ အရိုးရောဂါ၊ အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါ၊ အရေပြားရောဂါ၊ အသည်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများအား တောင်ကြီးမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

အင်းဝဘဏ်လီမိတက်၏ ၅၃ ခုမြောက်ဘဏ်ခွဲဖြစ်သော စက်ဆန်းဘဏ်ခွဲဖွင့်လှစ်



နေပြည်တော် ၃၁-၈-၂ဝ၁၈

အင်းဝဘဏ် လီမိတက်၏ ၅၃ ခုမြောက်ဘဏ်ခွဲဖြစ်သော စက်ဆန်းဘဏ်ခွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းရပ်ကွက်ရှိ အဆိုပါဘဏ်ခွဲ၌ ပြုလုပ်ရာ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အင်းဝဘဏ် လီမိတက်အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ငွေဦးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အင်းဝဘဏ်လီမိတက် မန်နေးဂျင်း ဒါရိုက်တာတို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးက ဘဏ်ခွဲဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်၍ ဘဏ်ခွဲကမ္ပည်း မော်ကွန်း ဆိုင်းဘုတ်နှင့် ဘဏ်ကောင်တာတို့ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး တက်ရောက်လာကြသူများ နှင့်အတူ ဘဏ်အတွင်း လှည့်လည်ကြည့်ရှု ကြသည်။

အင်းဝဘဏ်လီမိတက် စက်ဆန်းဘဏ်ခွဲတွင် အပ်ငွေများလက်ခံခြင်း၊ ငွေစုဘဏ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စီးပွားရေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရန် ချေးငွေများထုတ်ချေးပေးခြင်း၊ ငွေပေးအမိန့်လွှာ(Payment Order)များ ထုတ်ပေးခြင်း၊ ဘဏ်အာမခံ (Bank Guaratee) အမျိုးမျိုးထုတ်ပေးခြင်း၊ Debit Card များထုတ်ပေးခြင်း စသည့်ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများအကြား ငွေကြေးဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းများ အဆင်ပြေ လွယ်ကူချောမောစွာ လည်ပတ်နိုင်ရေး ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ပြည်တွင်းငွေလွှဲ ဝန်ဆောင်မှု လုပ်ငန်းများအပြင် ငွေစုဘဏ်အပ်ငွေ အပေါ်အတိုးနှုန်း ကိုးရာခိုင်နှုန်းနှင့် စာရင်းသေ အပ်ငွေအပေါ် ငွေစုဆောင်းသူများ၏ သဘောဆန္ဒအလျောက် စုဆောင်းသည့် အချိန်ကာလအပိုင်းအခြား အလိုက်မူတည်၍ ၁ဝရာခိုင်နှုန်းအထိ အတိုးနှုန်းများ ပေးအပ်လျက်ရှိပြီး စီးပွားရေး လုပ်ငန်းမတည် လုပ်ကိုင်လိုသူများ အတွက်လည်း ချေးငွေများ ထုတ်ချေးပေးလျက် ရှိကြောင်းသတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

မြန်မာနိုင်ငံ၌ လေ့လာရေးခရီး ရောက်ရှိနေသည့် အိန္ဒိယတပ်မတော်၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် သင်တန်းအမှတ်စဉ်(၅)မှ သင်တန်းသားများ ပြန်လည် ထွက်ခွာ




နေပြည်တော် ၃၁-၈-၂ဝ၁၈

ပည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ လေ့လာရေးခရီး ရောက်ရှိနေသည့် အိန္ဒိယတပ်မတော်၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်းအမှတ်စဉ်(၅၈)မှ လေတပ်ဗိုလ်ချုပ် TDJOSEPH VMUSM ဦးဆောင်သော လေ့လာရေး ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၂၆ ရက်မှ ယနေ့အထိ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ အထင်ကရနေရာများသို့ သွားရောက် လေ့လာလည်ပတ်ကြသည်။ 

အဆိုပါလေ့လာရေး အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာရာ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Col. Navven Mahajan,SM နှင့် စစ်သံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ 

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်




နေပြည်တော် ၃၁-၈-၂ဝ၁၈


အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်း အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးအားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်များဖြစ်သည့် အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပြင်ဦးလွင် တပ်နယ်အသင်းနှင့် ကျောက်ပန်းတောင်း တပ်နယ်အသင်း၊ အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ပြင်ဦးလွင် တပ်နယ်အသင်းနှင့် မိတ္ထီလာ တပ်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆုရရှိသူများ၊ အသင်းလိုက်ဆုရရှိသူများနှင့် ဒိုင်းဆုရရှိသော အသင်းများဖြစ်ကြသည့် ပြင်ဦးလွင်တပ်နယ် အမျိုးသမီး အသင်းနှင့် မိတ္ထီလာတပ်နယ် အမျိုးသား အသင်းတို့ကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဒိုင်းဆုနှင့်ဆုများ အသီးသီး ပေးအပ်သည်။ 

အဆိုပါဘော်လီဘော ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၂ သင်းနှင့် အမျိုးသမီးအသင်း ၁၂ သင်းတို့ဖြင့် သြဂုတ်၂၃ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ 

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger