www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 30, 2018

ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်သုံးမြို့နယ်တွင် ရွှေတူးဖော်လိုသူများ လုပ်ငန်းစတင်နိုင်ရန် လျှောက်လွှာများခေါ်ယူ



ပဲခူး ၃ဝ-၈-၂ဝ၁၈

ပဲခူးတိုင်း ဒေသကြီးအတွင်း မြို့နယ် သုံးမြို့နယ်ရှိ မြေဧက ၁၆ဝဝဝ ကျော်တွင် ရွှေတူးဖော်ရေး လုပ်ကိုင်လိုသော လုပ်ငန်းရှင်များ အောက်တိုဘာလတွင် လုပ်ငန်းစတင်နိုင်ရန် လျှောက်လွှာများ ခေါ်ယူနေပြီဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

ပြည်ထောင်စု အစိုးရက ရွှေလုပ်ငန်းနှင့် ပတ်သက်သော နည်းဥပဒေကို ယခုနှစ် မတ်လက ထုတ်ပြန်သဖြင့် တိုင်းဒေသကြီးအစိုးရက လုပ်ငန်းရှင် တစ်ဦးလျှင် မြေလေးဧကစီ ရွှေတူးဖော်ခွင့် ချမှတ်ပေးနိုင်ပြီး မြေလေးဧကနှင့် အထက် တူးဖော်လိုသူများ ပြည်ထောင်စု အစိုးရထံ ခွင့်ပြုချက်ရယူရမည် ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ အရင်တုန်းက ရွှေလုပ်ကွက်မှန်သမျှကို ပြည်ထောင်စု အစိုးရက ခွင့်ပြုခဲ့တာပါ။ အခု နည်းဥပဒေ ထွက်လာတဲ့အတွက် တိုင်းဒေသကြီး အစိုးရအနေနဲ့ မြေလေးဧက ခွင့်ပြုလို့ရသွားပါပြီ။ လုပ်ငန်းလုပ်ကိုင် လိုသူတွေကို လျှောက်လွှာတွေ စုဆောင်းပြီး ပြည်ထောင်စု အစိုးရနဲ့ ညှိနှိုင်းပါမယ်။ မီနီဘတ်ဂျက်အလွန် အောက်တိုဘာလမှာ လုပ်ငန်းစတင် နိုင်အောင်ခွင့်ပြု ပေးသွားမှာပါ။ လုပ်ငန်းရှင်တွေရဲ့ အရည်အသွေးတွေ စစ်ဆေးရမယ်။ လုပ်ကွက်နေရာကိုလဲ စစ်ဆေးရပါမယ်။ တရားမဝင်ရွှေတူးဖော်တဲ့ လုပ်ငန်းတွေ ပပျောက်သွားအောင် ဆောင်ရွက်သွားမှာပါ"ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာစောညိုဝင်းက ပြောပြ၍ သိရသည်။

#မြဝတီနေ့စဉ်သတင်းစာ

သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခဲ့သည့် မွေတော်ကက္ကူဘုရားများ အဆူ ၅၁၀ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးဖြစ်



ရန်ကုန် ၃ဝ-၈-၂ဝ၁၈

၂ဝ၁၆ခုနှစ်က သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်းမွေတော် ကက္ကူဘုရားများကို ပြန်လည်ပြုပြင် ထိန်းသိမ်းမှုများ ၂ဝ၁၆ခုနှစ် ဒီဇင်ဘာ ၁၅ရက်မှ စတင်ခဲ့ရာ ယနေ့ထိ ဘုရားစေတီစုစုပေါင်း အဆူ ၅၁ဝပြန်လည်ပြုပြင် ဆောင်ရွက်ပြီး ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ သြဂုတ် ၂၈ ရက် သတင်းများအရ သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ ကက္ကူရွာတွင် ၂ဝ၁၆ခုနှစ် ဧပြီ ၂၂ရက်က လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ကက္ကူရွာအပါအဝင် မွေတော်ကက္ကူဘုရား ဝင်း အတွင်းရှိ အသောကဆုတောင်းပြည့် စေတီတော်ကြီး၊ ဖောင်တော်ဆိုက်စေတီ တော်ကြီးနှင့် အရံစေတီဘုရားများ၊ ပညောင်ပင်ကြီးများ လဲပြိုခဲ့သဖြင့် ဘုရားပရိဝုဏ်ပါ ပျက်စီးခဲ့ရသည်။

အဆိုပါပျက်စီး သွားခဲ့သည့် မွေတော်ကက္ကူဘုရားရှိ အရံစေတီများကို Block(A) မှ Block(I) ထိ Block ကိုးခု ခွဲခြားပြီး စာရင်းကောက်ယူခဲ့ရာ စုစုပေါင်း ၂၄၈၇ ဆူရှိသည့်အနက် ထီးတော်ယိမ်းယိုင်သည့် စေတီများအပါအဝင် စေတီတော်ပေါင်း ၁ဝ၃၈ဆူ ပျက်စီးခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ပျက်စီးသွားခဲ့သော မွေတော်ကက္ကူဘုရားများကို ရှေးမူမပျက်ပြန်လည် ပြုပြင်ဆောင်ရွက်ရန် အတွက်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အလှူငွေကျပ်သိန်း ၁ဝဝ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက နေပြည်တော်၊ ရန်ကုန်၊မန္တလေး၊ တောင်ကြီးတို့တွင် အလှူခံဌာနများ ဖွင့်လှစ်၍ တာဝန်ယူကောက်ခံပေးပြီး မွေတော်ကက္ကူ ဘုရားဂေါပက အဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သည့် အလှူငွေပေါင်းမှာ ယခုနှစ်ဖေဖော်ဝါရီလ ကုန်ထိ ငွေကျပ် ၁၇ဝ၇၅၅ဝဝဖြစ်ကြောင်း သိရသည်။

#မြဝတီနေ့စဉ်သတင်းစာ

ငါး၊ ပုဇွန် ပြန်လည်တင်ပို့ခွင့်ရရှိရန် ရေထွက်ကုန်စည် ပြပွဲသို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် သွားရောက်ဆွေးနွေးမည်



ရန်ကုန် ၃ဝ-၈-၂ဝ၁၈

ဒူဘိုင်းတွင် ကျင်းပပြုလုပ်မည့် ရေထွက်ကုန်စည် ပြပွဲသို့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် သွားရောက်လေ့လာ၍ ဆော်ဒီအာရေဗျ နိုင်ငံသို့ ငါး၊ပုစွန်ပြန်လည် တင်ပို့ခွင့်ရရှိရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် သွားရောက် ဆွေးနွေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် သြဂုတ် ၂၈ ရက်ကကျင်းပ ပြုလုပ်သည့် သား၊ငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါပြပွဲကို အောက်တိုဘာလအတွင်း ကျင်းပပြုလုပ်မည် ဖြစ်ပြီး ငါး၊ ပုစွန် ပြန်လည်တင်ပို့ ခွင့်ရရှိရန် ဆော်ဒီအာရေဗျနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ခွင့်ရရှိရေး ငါးလုပ်ငန်းဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်နိုင်ရန် စာတင်သွားမည် ဖြစ်ကြောင်း သိရသည်။

"တကယ်လို့ ပြပွဲကိုသွားမယ့် အချိန်ထိ ဘာမှအကြောင်းမပြန် သေးဘူးဆိုရင် ဒူဘိုင်းသွားရင်းနဲ့ အဲဒီဘက်ကကိစ္စကို ဖြေရှင်းဖို့ လုပ်ခဲ့မယ်။ ဘာလို့ဆိုသွားရင်းနဲ့ ကိုယ့်နိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းသွားဖို့ အကုန်လုံးတော့ စီစဉ်နေတယ်။ ဒါက ကိုယ်တွေပဲ လုပ်လို့မရဘူး။ ကိုယ်ကသွားရင် လုပ်ငန်းရှင် အနေနဲ့ပဲရှိတော့ တကယ်တမ်း ပြောရမှာ g to g ပြောရမှာပါ။ ပြောမယ့်ဟာကို ဆရာမတို့အနေနဲ့ သူတို့မေးတဲ့မေးခွန်း တချို့ကို ပုဂ္ဂလိကဘက်က ဖြေရမယ့်ဟာဆိုရင် ပုဂ္ဂလိကဖြေနိုင် အောင်လို့ အစိုးရရော၊ ပုဂ္ဂလိကဘက်ကရော သွားဖို့စီစဉ် နေပါတယ်"ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုး နန္ဒာတင်က ပြောပြသည်။

ငါး၊ပုစွန် ရေထွက်ပစ္စည်း တင်ပို့မှု ယာယီရပ်ဆိုင်း ခံထားရသည့် နိုင်ငံများတွင် ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံတို့ ပါဝင်နေပြီး ဆော်ဒီအာရေဗျနိုင်ငံမှ FDA အဖွဲ့အစည်းက သတ်မှတ်ထားသော ငါးနှင့်အခြား ရေထွက်ကုန် ပစ္စည်းများဆိုင်ရာ တင်ပို့ခြင်းနှင့် ပတ်သက်သော စည်းမျဉ်း စည်းကမ်း၊ ကျင့်ထုံးများအရ မတ်လမှစ၍ လက်ရှိအချိန်ထိ ယာယီ ရပ်ဆိုင်းခံရခြင်း ဖြစ်ကြောင်း သိရသည်။

ဆော်ဒီအာရေဗျ နိုင်ငံက ရေထွက်ပစ္စည်း တင်သွင်းခြင်း ယာယီဆိုင်းငံ့မှုကို ၎င်းတို့သတ်မှတ် ထားသော စည်းမျဉ်းကျင့်ထုံးများကို လိုက်နာဆောင်ရွက် ပေးသည်ထိ ထားရှိသွားမည်ဖြစ်ပြီး ဆော်ဒီအာရေဗျ နိုင်ငံအတွင်းသို့ ငါး၊ပုစွန်များတွင်ဖြစ်ပွား တတ်သော White Spot ရောဂါနှင့် Acute He Patopancreatic Mecrosis ရောဂါများ ဝင်ရောက်မလာ နိုင်စေရန် တားဆီးနိုင်မည့် အရေးပေါ် အစီအမံတစ်ခုကို စတင်ဆောင်ရွက်နေပြီဟု ထုတ်ပြန်ထားကြောင်း
သိရသည်။

#မြဝတီနေ့စဉ်သတင်းစာ

တစ်ပတ်အတွင်း ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသော IT ပစ္စည်းများ


Lenovo Intel® Core™ i7 Laptop

Lenovo Intel® Core™ i7 Laptop သည် မျက်နှာပြင် အကျယ် ၁၅ ဒသမ ၆ လက်မရှိပြီး Intel® Core™ i7-8750H Processor ကို အသုံးပြု ထားသည့်အတွက် သုံးစွဲသူများကို အံ့သြစေလောက်သော သွက်လက်မြန်ဆန်နှုန်း ဖြင့်လုပ်ဆောင် ပေးနိုင်သည်ကို တွေ့ရှိရမည် ဖြစ်သည်။

Memory 8GB DDR4 2666 နှင့် NVIDIA® Geforce ® GTX 1050G DDR5 2G ကို အသုံးပြုထားသည်။

HDD ၌1000GB ပါဝင်သဖြင့် အချက်အလက် များစွာ သိမ်းဆည်းရာတွင် တစ်စုတစ်စည်းတည်း သိမ်းဆည်း ထားနိုင်မည် ဖြစ်သည်။ တစ်နှစ် အာမခံပါရှိပြီး ကျောပိုးအိတ် တစ်လုံးလက်ဆောင် ပါရှိမည် ဖြစ်သည်။ အရောင်မှာ အနက်ရောင် ရရှိနိုင်သည်။

ဈေးနှုန်းမှာ အမေရိကန် ဒေါ်လာ ၁၁၆၉ဒေါ်လာခန့်ဖြစ်ပြီး KMD ကွန်ပျူတာ အရောင်းဆိုင်များတွင် ဝယ်ယူနိုင်သည်။

#မြဝတီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger