www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 23, 2013

မြ၀တီနေ့စဉ်သတင်းစာ (၂၃-၅-၂၀၁၃) ကြာသပတေးနေ့



Download = Minus
Download = Dev- Host





ကမ်းနားလမ်းရှိ အခမဲ့ယာဉ်ရပ်နားနေရာ တည်ဆောက်မှု ၉၀ ရာခိုင်နှုန်းပြီးစီး


ရန်ကုန် ၊ ၂၃-၅-၂၀၁၃

ရန်ကုန်မြို့ တိုးချဲ့ ကမ်းနားလမ်း နှင့် လက်ရှိ ကမ်းနားလမ်း ဟောင်းတို့ ကြား ( အလုံ သစ်တောဝင်း မှတ်တိုင် မှ ဗိုလ်တထောင် မြို့နယ် ၊ ဗိုလ်တထောင်ဈေး လမ်းအထိ ) မြေပိုများ နေရာတွင် အခမဲ့ ယာဉ်ရပ်နား စခန်းများ ဖော်ထုတ် တည်ဆောက်လျက် ရှိရာ ယခုအခါ ၉၀ ရာခိုင်နှုန်းခန့် တည်ဆောက် ပြီးစီးပြီ ဖြစ်ကာ ကျန်ရှိသော နေရာများကို လည်း ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သိရသည်။

ကမ်းနားလမ်းသည် ရန်ကုန်မြို့၏ ကုန်စည် စီးဆင်းရာ အဓိကျသော စီးပွားရေး မဟာဗျူဟာ ကျသည့် လမ်းမကြီး ဖြစ်၍ ယာဉ်များ လွယ်ကူ လျင်မြန်စွာ သွားလာ နိုင်ရန်အတွက် ရည်ရွယ် ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။ အခမဲ့ ယာဉ်ရပ်နား စခန်းများ ဖော်ထုတ်ခြင်း ဖြင့် ကမ်းနားလမ်း ကုန်စည် စီးဆင်းမှု နှင့် ယာဉ်သွားလာမှု ယခင်ထက် ပိုမို လျင်မြန်စွာ သွားရောက် နိုင်မည် ဖြစ်သည့် အပြင် ယင်းမြို့နယ် များရှိ ကိုယ်ပိုင်ယာဉ် များနှင့် အခြားသော ယာဉ်များ လွယ်ကူ အဆင်ပြေစွာ အခမဲ့ ရပ်နား နိုင်မည် ဖြစ်သည်။ အဆိုပါ အခမဲ့ ယာဉ်ရပ်နား စခန်းသည် ခရီးမိုင် အနေအထား အရ (၄)မိုင် နီးပါး ရှိ၍ ဆောင်ရွက်မှု ပြီးစီး ပါက ကိုယ်ပိုင်ယာဉ်ငယ် ၃၅၂၀ စီးခန့် ရပ်နား နိုင်မည် ဖြစ်သည်။


ယခုအခါ ကျန်ရှိနေသော အလုံမြို့နယ် သခင်မြ ပန်းခြံအနီး မြေကွက်နေရာ ၊ လသာမြို့နယ် ၊ စဉ့်အိုးတန်း ဆိပ်ကမ်းမြေ နေရာ ၊ ပန်းဆိုးတန်းလမ်း ၊ ဆူးလေဘုရားလမ်း ၊ ဗိုလ်အောင်ကျော်လမ်း စသည့် နေရာများတွင် မူလ လမ်းဟောင်း နှင့် ကွန်ကရစ် ယာဉ်ရပ်နား နေရာများ အား ကွာခြားမှု မရှိဘဲ တစ်ဆက်တည်း ဖြစ်စေရန် အတွက် ထပ်ပိုး ကတ္တရာ ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

Wednesday, May 22, 2013

မြန်မာ - တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း မှ ဖြတ်သန်းခ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမည်


ရန်ကုန် ၊ ၂၂-၅-၂၀၁၃

မြန်မာ - တရုတ် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း မှ မြန်မာ နိုင်ငံတွင် ပိုက်လိုင်း တည်ရှိမှု အတွက် ပိုက်လိုင်း ဖြတ်သန်းခ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမည် ဖြစ်ကြောင်း ယင်းပိုက်လိုင်း စီမံကိန်း မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ကြောင်း သိရသည်။

မြန်မာနိုင်ငံ သည် ဤစီမံကိန်း မှ မြောက်မြားစွာသော အကျိုးအမြတ် ရရှိမည် ဖြစ်ကြောင်း ၊ ပိုက်လိုင်း တည်ရှိမှု အတွက် ပိုက်လိုင်း ဖြတ်သန်းခ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမည် ဖြစ်ကြောင်း  ၊ နိုင်ငံတော် အခွန် အနေဖြင့် ပို့လွှတ်မည့် ရေနံ တစ်တန်လျှင် အမေရိကန် ဒေါ်လာ တစ်ဒေါ်လာနှုန်း ရရှိမည် ဖြစ်ကြောင်း ၊ ထို့အပြင် ဖက်စပ် ကုမ္ပဏီ SEAGP နှင့် SEAOP ၏ အစုရှယ်ယာ ၀င်ဖြစ်သော မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းသည် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ သယ်ပို့မှု လုပ်ငန်းမှ နှစ်စဉ် နှစ်တိုင်း နောင် အနှစ် ၃၀ အထိ အကျိုးအမြတ် ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ - တရုတ် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း သည် စတင် လည်ပတ်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ၊ စတင် ပို့လွှတ် နိုင်မည့် အချိန်အား ညှိနှိုင်းလျက် ရှိကြောင်း ၊ ပိုက်လိုင်း တည်ဆောက်ပြီး နောက်ပိုင်းတွင် မြန်မာ နိုင်ငံ အတွက် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် ၂ သန်း နှင့် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၂ ဘီလီယံ ကို ရရှိမည့် အပြင် မြန်မာနိုင်ငံ သဘာဝ ဓာတ်ငွေ့ လုပ်ကွက်မှ တူးဖော် ရရှိသော သဘာဝ ဓာတ်ငွေ့များကို ဤပိုက်လိုင်း ဖြင့် သယ်ယူ ပို့ဆောင်ခြင်း အား မြန်မာ ပြည်သူ ပြည်သား များအတွက် လိုအပ်သည့် ဒေသများတွင် အသင့်သုံးစွဲ နိုင်ပြီး သဘာဝ စွမ်းအင်၏ အကျိုးစီးပွား ရလဒ် များကို အကောင် အထည်ဖော် ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ - တရုတ် ရေနံစိမ်း ပိုက်လိုင်းဖြင့် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် ပေါင်း ၂၂ သန်း ပို့လွှတ် နိုင်မည် ဖြစ်ပြီး Process Stations ၅ ခုနှင့် တန်ချိန် ၃ သိန်း အဆင့်ရှိ ရေနံစိမ်း ဆိပ်ကမ်း တစ်ခုကို တည်ဆောက် သွားမည် ဖြစ်ပြီး မြန်မာ - တရုတ် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းဖြင့် တစ်နှစ်လျှင် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံ ပို့ဆောင်နိုင်ကာ Process Stations  ၆ ခုကို တည်ထောင် သွားမည် ဖြစ်ကြောင်း ၊ မြန်မာ - တရုတ် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း မှ မြန်မာနိုင်ငံ အတွက် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် ၂ သန်းနှင့် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၂ ဘီလီယံ ကို ပို့ဆောင် နိုင်မည် ဖြစ်သည်။

မြန်မာ - တရုတ် ရေနံစိမ်း ပိုက်လိုင်း သည် မဒဲကျွန်း မှ စတင်၍ လည်းကောင်း ၊ မြန်မာ - တရုတ် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း သည် ကျောက်ဖြူ မှ စတင်၍ လည်းကောင်း ၊ မြန်မာနိုင်ငံ အတွင်း ရခိုင်ပြည်နယ် ၊ မကွေးတိုင်း ဒေသကြီး ၊ မန္တလေးတိုင်း ဒေသကြီး နှင့် ရှမ်းပြည်နယ် တို့ကို ဖြတ်သန်းကာ တရုတ်နိုင်ငံ ရွှေလီမြို့ မှတစ်ဆင့် တရုတ်နိုင်ငံ အတွင်းသို့ အသီးသီး ၀င်ရောက်မည် ဖြစ်သည်။ ရေနံစိမ်း ပိုက်လိုင်းသည် စုစုပေါင်း ၇၇၁ ကီလိုမီတာ ရှည်လျားပြီး သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းသည် စုစုပေါင်း ၇၉၃ ကီလိုမီတာ ရှည်လျားသည်။


မြန်မာ - တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း သည် နိုင်ငံပေါင်း ၄ နိုင်ငံမှ ကုမ္ပဏီ ၆ ခု အကျိုးတူ ပူးပေါင်း ဆောင်ရွက် ကြသည့် အပြည်ပြည် ဆိုင်ရာ စီမံကိန်း တစခု ဖြစ်ပါကြောင်း ၊ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် ( MIC ) ၏ ခွင့်ပြုချက် အရ ၄င်း ကုမ္ပဏီ ၆ ခုမှ ရင်းနှီးငွေ များကို မြှုပ်နှံ၍ SEAGP နှင့် SEAOP ဟူသော ဖက်စပ် ကုမ္ပဏီ ၂ ခုကို ထူထောင်ခဲ့ပြီး သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း နှင့် ရေနံစိမ်း ပိုက်လိုင်း တို့ကို သီးခြား ခွဲ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

မြန်မာအမျိုးသမီး လှေလှော်အသင်း အကောင်းဆုံး ချန်ပီယံဆု ရရှိ

ရွှေ ၂ ခု ၊ ငွေ ၁ ခု နှင့် ကြေး ၂ ခု ရရှိခဲ့သော
မြန်မာလှေလှော်အသင်း

ရန်ကုန် ၊ ၂၂-၅-၂၀၁၃

စင်ကာပူနိုင်ငံ ၌ မေလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကျင်းပခဲ့သော DBS Marina Regatta နဂါးလှေ ပြိုင်ပွဲ၏ မီတာ ၂၀၀ အမျိုးသား ၂၂ ဦး ပြိုင်ပွဲတွင် မြန်မာ လှေလှော် အသင်းက ကြေးတံဆိပ် ၊ မီတာ ၂၀၀ အမျိုးသမီး ၁၂ ဦး ပြိုင်ပွဲတွင် စတုတ္ထ ၊ မီတာ ၅၀၀ အမျိုးသား ၂၂ ဦး ပြိုင်ပွဲတွင် ရွှေတံဆိပ် နှင့် မီတာ ၅၀၀ အမျိုးသမီး ၁၂ ဦး ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူး ရရှိကာ စုစုပေါင်း ရွှေ ၂ ခု ၊ ကြေး တစ်ခု တို့ဖြင့် အကောင်းဆုံး အမျိုးသမီး ချန်ပီယံ ဆုကို မြန်မာ အမျိုးသမီး လှေလှော် အသင်း နှင့် အကောင်းဆုံး အမျိုးသား ချန်ပီယံ ဆုကို အင်ဒိုနီးရှား လှေလှော် အသင်းက ရရှိခဲ့သည်။

ုထို့အတူ မလေးရှား နိုင်ငံ၌ ကျင်းပခဲ့သော South East Asian Rowing Championship အပြည်ပြည် ဆိုင်ရာ လှေလှော် ပြိုင်ပွဲ LW2 ၂ ယောက်တွဲ ပြိုင်ပွဲတွင် ငွေတံဆိပ် နှင့် LW1 တစ်ယောက် ပြိုင်ပွဲတွင် ကြေးတံဆိပ် ရရှိ ခဲ့ကြောင်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger