www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ဖျော်ဖြေရေး. Show all posts
Showing posts with label ဖျော်ဖြေရေး. Show all posts

Thursday, December 13, 2018

လွိုင်ကော်မြို့၌ တပ်မတော် နယ်လှည့် ပြည်သူ့ဆက်ဆံရေး တပ်ခွဲ တင်ဆက်ကပြ ဖျော်ဖြေ

လွိုင်ကော်မြို့၌ တပ်မတော် နယ်လှည့် ပြည်သူ့ဆက်ဆံရေး တပ်ခွဲ တင်ဆက်ကပြ ဖျော်ဖြေ
-
နေပြည်တော်  ဒီဇင်ဘာ  ၁၂ 
-
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲသည်   ဒီဇင်ဘာ ၁၁ ရက် ညပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သီရိမင်္ဂလာတောင်တော်၊ တောင်ကွဲစေတီ အနီးရှိ မိုးကောင်းဘုရားကြီးဝင်း အတွင်း၌ ကပြဖျော်ဖြေသည်။ထိုသို့ ကပြဖျော်ဖြေမှုများကို လွိုင်ကော်မြို့ပေါ်ရပ်ကွက်များမှ မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊   ခရီးသွား ဧည့်ပရိသတ်များ၊  တပ်မတော်သားများနှင့် မိသားစုဝင်များ  စုစုပေါင်းအင်အား  ၁၁ဝဝ ဦးခန့် စိတ်ဝင်တစား တစ်ခဲနက်လာရောက် ကြည့်ရှု အားပေးကြသည်။
-
နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲမှ စစ်သည်၊ စစ်သမီးများနှင့်အတူ ဒေသခံ တိုင်းရင်းသား ကယား၊ ကယန်း၊ ကယောရိုးရာ/ ယဉ်ကျေးမှုအဖွဲ့များကလည်း  ရိုးရာအက အလှများဖြင့် ပူးပေါင်းပါဝင်ဆင်နွှဲ တင်ဆက်ကြသည်။ အလားတူ ဒီဇင်ဘာ ၄ ရက်တွင်လည်း ဒေသခံပြည်သူများ လွတ်လပ်စွာ စိတ်အပန်းဖြေ အနားယူကြည့်ရှုနိုင်ရန် ဖျော်ဖြေတင်ဆက်ရာတွင် နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲ၊ ကျောပိုးအိတ်အဖွဲ့ငယ်မှ စစ်သည်၊ စစ်သမီးများက တိုင်းရင်းသား အကများ အပါအဝင် ဖျော်ဖြေရေး အစီအစဉ် ၃၆ ခုဖြင့် ကပြဖျော်ဖြေမှုကို ဒေသခံပြည်သူများကလွန်စွာသဘောကျ နှစ်သက်အားပေးခဲ့ကြောင်း  သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, June 28, 2016

ဥရုဂွေးနိုင်ငံမှ ပင်လယ်ဖျံများကို တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၌ ထားရှိမည်



ရန်ကုန် ၊ ၂၈-၆-၂၀၁၆

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ၌ ဥရုဂွေးနိုင်ငံမှ ရောက်ရှိလာမည့် ပင်လယ်ဖျံ များကို ထားရှိသွားမည် ဖြစ်ပြီး တိရစ္ဆာန် ဥယျာဉ် (ရန်ကုန် )၌လည်း အပန်းဖြေသူများ အတွက် စိတ်လှုပ်ရှားဖွယ် 3D တိရစ္ဆာန် ရုပ်ကြီးများအား နေရာငါးခု၌ ရေးဆွဲသွားမည် ဖြစ်ကြောင်း တိရစ္ဆာန် ဥယျာဉ် (ရန်ကုန်) မှ အုပ်ချုပ်ရေးမှူး ဦးတင်မွန်ဆန်း က ပြောသည်။

'' 3D တိရစ္ဆာန် အရုပ်ကြီးတွေ မကြာခင် ရေးဆွဲဖို့ ပန်းချီဆရာ တစ်ဦးနဲ့ ချိတ်ဆက် ထားပါတယ်။ နေရာငါးခုလောက်ကို ရွေးချယ်ပြီး ဆောင်ရွက်ပါမယ်။ ဥပမာ- ဝက်ဝံရုံဘေးမှာ၊ ဝက်ဝံက သံတိုင်ဖြဲပြီး ထွက်လာတာနဲ့ ကျားသစ်က သစ်ပင်ပေါ် ကနေ ခုန်ဆင်းလာတာ စတဲ့ပုံစံ တွေကို မြေတစ်ဝက်၊ နံရံတစ်ဝက် ရေးဆွဲသွားမှာ ဖြစ်တယ်။ နောက်ပြီး ပင်ဂွင်တွေ ဝယ်ဖို့ အဖွဲ့အစည်း တစ်ခုနဲ့ သဘော တူညီချက် လုပ်ထားပါတယ်။ ပြီးတော့ ဥရုဂွေးနိုင်ငံက ပင်လယ်ဖျံ ရောက်ဖို့ရှိ ပါတယ်။ ဒီဖျံတွေကို တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ကို ပို့ပေးသွားမှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

ထို့ပြင် တိရစ္ဆာန်ဥယျာဉ် ၌ ရှားပါး တိရစ္ဆာန်များ ထပ်မံတိုးချဲ့ ပြသသွားရန် စီစဉ်နေပြီး ဥယျာဉ်အတွင်း ရှိသော ကလေးကစား ကွင်းနှင့် အများပြည်သူ အပန်းဖြေစရာ အစီအစဉ် များကို ပိုမိုတိုးချဲ့ကာ ရေကန်အတွင်း
ကနူးလှေ ငါးစင်းကို မကြာမီ ဝယ်ယူဖြည့်တင်း သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် တိရစ္ဆာန် ဥယျာဉ် (ရန်ကုန်) ၌ ရှားပါးမျိုးစိတ် ကြယ်လိပ်၊ ကျား၊ ကျားသစ်၊ ဒေါင်းစိမ်း၊ အောင်လောင်၊ အောက်ချင်း နှင့် တခြား တိရစ္ဆာန်များကို ရေရှည် ထိန်းသိမ်း နိုင်ရန် သားစပ်မျိုးဖောက် စနစ်အပါအဝင် နိုင်ငံတကာ တိရစ္ဆာန် လဲလှယ်မှု အစီအစဉ် များဖြင့် ထိန်းသိမ်းဆောင်ရွက် နေကြောင်း သိရသည်။

ထို့ပြင် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သည် နို့တိုက်သတ္တဝါ မျိုးစိတ် ၄၄ မျိုး၊ ကျေးငှက် မျိုးစိတ် ၇ဝ နှင့် တွားသွား သတ္တဝါ မျိုးစိတ် ၁၇ မျိုး စုစုပေါင်း တိရစ္ဆာ န် ၁၃၉၇ ကောင် ပြသ ထားကြောင်း သိရသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၆)

Tuesday, July 9, 2013

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ လှုံ့ဆော်မှု ပြဇာတ် နှင့် နှစ်ပါးသဘင် ဖျော်ဖြေတင်ဆက်မည်


ရန်ကုန် ၊ ၉-၇-၂၀၁၃

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲအတွက် လှုံ့ဆော်မှု ဖျော်ဖြေရေး ပွဲကြီးအဖြစ် " မြန်မာ ဒို့ မြန်မာ " ပြဇာတ် နှင့် နှစ်ပါးသွား ဇာတ်သဘင် ပွဲကြီးကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမဆောင် ၌ ဇူလိုင်လ ၁၃ ရက် ညနေ ၇ နာရီ အချိန်မှ စတင်ကာ ဖျော်ဖြေ တင်ဆက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ " မြန်မာ ဒို့ မြန်မာ " ပြဇာတ်ကို ဒါရိုက်တာ မီးပွား က စီစဉ် ညွှန်ကြား တင်ဆက် သွားမည် ဖြစ်ပြီး ရုပ်ရှင် နှင့် ဗီဒီယို သရုပ်ဆောင်များ ဖြစ်ကြသော ဝေဠုကျော် ၊ ဖြိုးငွေစိုး ၊ ထွန်းထွန်း ၊ မြင့်မြတ် ၊ မိုးအောင်ရင် ၊ ချစ်စနိုးဦး ၊ ခင်လေးနွယ် ၊ အိချောပို ၊ ယုသန္တာတင် ၊ ရွှေမှုံရတီ ၊ ဆုမြတ်နိုးဦး ၊ သွန်းဆက် ၊ Five Stars အဖွဲ့ နှင့် ဟားတစ်သိုက် အဖွဲ့ တို့က ပါဝင် သရုပ်ဆောင် ကာ ဖျော်ဖြေ တင်ဆက် သွားကြမည် ဖြစ်သည်။ ထို့အပြင် တေးဂီတ ဖျော်ဖြေပွဲတွင် မိုးယံဇွန် ၊ နေဒွေး ၊ နန်းမြတ်ဖြိုးသင်း ၊ စုနန္ဒာအောင် နှင့် ခင်ရူပ တို့က ခေတ်ပေါ် တေးဂီတ များဖြင့် သီဆို ဖျော်ဖြေ သွားကြမည် ဖြစ်သကဲ့သို့ နှစ်ပါးသွား သဘင် ကပွဲတွင်လည်း တင်မောင်ဆန်း မင်းဝင်း ၊ ထွန်းထွန်း နှင့် အနုပညာရှင် များစွာတို့ ပါဝင် ကပြ ကြမည် ဖြစ်သည်။


အဆိုပါ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ လှုံ့ဆော်မှု ဖျော်ဖြေပွဲ ဖြစ်မြောက်ရေး အတွက် Bo Bo Entertainment , ADMA Media Co., Ltd နှင့် Royal Golden Owls တို့က စီမံ ဆောင်ရွက် ကြမည် ဖြစ်ပြီး Daw Win Garment Center နှင့် Best Auto တို့ကလည်း ၀ိုင်းဝန်း ပံ့ပိုး ကူညီ သွားကြမည့် အပြင် ရုပ်/သံ ရိုက်ကူးရေး ၊ ထုတ်လွှင့်ရေး အပိုင်းတို့နှင့် ပတ်သက်၍ Shwe FM နှင့် SKY Net တို့က တာဝန်ယူ ဆောင်ရွက် ကြမည် ဖြစ်ကြောင်း သိရှိရသည်။

Wednesday, January 2, 2013

KANGZEN Music Concert ကျင်းပမည်

KANGZEN Music Concert ကျင်းပမည် ဇန်န၀ါရီ(၂)ရက်နေ့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့တွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်း ရှိ အမျိုးသားကဇာတ်ရုံ၌ KANGZEN Music Concert ကို ကျင်းပ ပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ဖျော်ဖြေပွဲ တွင် တေးသံရှင် နီနီခင်ဇော်၊ ချစ်သုဝေ၊ ၀ိုင်းစုခိုင်သိန်း၊ အေသင်ချိုဆွေ၊ R ဇာနည်၊ ချမ်းချမ်း နှင့် အခြားသော တေးသံရှင် များ ပါဝင် ဖျော်ဖြေ မည် ဖြစ်သည်။ ယင်း ဖျော်ဖြေပွဲသို့ လာရောက် ကြည့်ရှုမည့် သူများသည် ၂၀၀၇ ထက် မော်ဒယ်လ်မြင့် ကားတစ်စီးနှင့် ဆင်းကတ်ပါ ဆမ်ဆောင်း ဖုန်း ၅ လုံး တို့ကို ကံစမ်းမဲ အစီအစဉ်ဖြင့် မဲဖောက် ပေးမည် ဖြစ်သည်။ ဖျော်ဖြေပွဲ မကျင်းပမီ အချိန်တွင် မော်ဒယ်လ်များ နှင့် အကအဖွဲ့ များ၏ ဖျော်ဖြေမှုများ၊ မျက်လှည့် အစီအစဉ်များ၊ မြန်မာ့ရိုးရာ ခြင်းခတ် ဖျော်ဖြေရေး အစီအစဉ်များ ပါဝင်မည် ဖြစ်ပြီး ဖျော်ဖြေပွဲကို KANGZEN Co., Ltd မှ ကျင်းပ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger