www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး. Show all posts
Showing posts with label တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး. Show all posts

Friday, October 5, 2018

သိမ်းဆည်း ရမိ ဆင်စွယ်၊ ဆင်အစိတ် အပိုင်းနှင့် တောရိုင်း တိရစ္ဆာန် အစိတ်အပိုင်း များအား မီးရှို့ ဖျက်ဆီး


နေပြည်တော်  အောက်တိုဘာ  ၎
-
မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် သိမ်းဆည်းရမိ ဆင်စွယ်၊ ဆင်အစိတ်အပိုင်းနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်း များအား မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ သယံ ဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ယာဉ်ရပ်နားကွင်း၌ ကျင်းပသည်။
-
အခမ်းအနားတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အမှာစကား ပြောကြားရာ၌ ယခု အခမ်းအနားတွင် မီးရှို့ဖျက်ဆီးမည့် ဆင်စွယ်၊ ဆင်အစိတ် အပိုင်းများနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်း များ သည် နှစ်စဉ် ဖမ်းဆီးရမိခဲ့သည့် တရားမဝင် အမဲလိုက်ခြင်း၊ ကူးသန်း ရောင်းဝယ်ခြင်းများမှ သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများ ဖြစ်ကြောင်း၊ နေပြည်တော်နှင့် ရန်ကုန်တိုင်း ဒေသကြီးတို့ရှိ  သစ်တောဦးစီးဌာနက စုစည်းထိန်းသိမ်းထားသည့် ပစ္စည်းများထဲမှ ခွဲခြားထုတ်နုတ်ပြီး  ပထမ အကြိမ် အနေဖြင့် မီးရှို့ ဖျက်ဆီးခြင်းဖြစ်ကြောင်း ပြောကြားသည်။
-
ဆက်လက်၍ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားပြုလုပ်ပြီး ပြည်သူလူထုကို တောဆင်ရိုင်း၊ ကျား၊ ဝက်ဝံနှင့် ရှားပါး တိရစ္ဆာန်များ တရား မဝင်အမဲလိုက်သတ်ဖြတ်ခံနေရမှုများ၊ အသားဟင်းလျာအဖြစ် စားသောက်ဆိုင်များတွင်  ရောင်းချ နေမှုများနှင့် တရားမဝင် ကူးသန်း ရောင်းဝယ်နေမှုများကို ဝိုင်းဝန်းကူညီတားဆီးနိုင်ရေးအတွက် အသိ ပညာ ပေးရန်ရည်ရွယ် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ တရားမဝင် ဖမ်းဆီးရမိ တောရိုင်းတိရစ္ဆာန်    အစိတ် အပိုင်းများကို  စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းထားရှိပြီး ဆင်စွယ်၊ ဆင်အစိတ်အပိုင်း၊ တိရစ္ဆာန် ဦးချိုများ၊ အရေ ခွံများ၊ အရိုးအစိတ်ပိုင်းများထဲမှ တစ်ချို့ကို ပြတိုက်များတွင် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး လုပ်ငန်းများ၊ တောရိုင်း တိရစ္ဆာန်နှင့် သစ်ပင် ပန်းမန်များ တရားမဝင်ကူးသန်းရောင်းဝယ်မှု တားဆီး နှိမ်နင်းရေး လုပ်ငန်းများနှင့် ပတ် သက်၍  အသိပညာ ဗဟုသုတ ရရှိစေရန်ရည်ရွယ်ပြီး မကြာမီဖွင့်လှစ်တော့မည့်  ဆင်ပြတိုက် တွင်လည်း ထားရှိပြသနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝထိန်းသိမ်းရေး နယ်မြေ စုစုပေါင်း ၄၂ ခု၊ နိုင်ငံတော် ဧရိယာ ၏ ၅ ဒသမ ၇၉ ရာခိုင်နှုန်းအထိ တိုးတက်ဖွဲ့စည်း နိုင်ခဲ့ကြောင်း၊ ဆက်လက်ပြီး နယ်မြေ ၁၉ ခုကို သဘာဝ ထိန်းသိမ်းရေး နယ်မြေများအဖြစ် တိုင်းပြည်၏ သယံဇာတနှင့် သဘာဝ အမွေအနှစ်များအဖြစ်  ကျန်ရှိအောင် သတ်မှတ် ဖွဲ့စည်းရန် ရည်ရွယ်ထားကြောင်း ပြောကြားသည်။
-
ဆက်လက်၍ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မျိုးဆက် ပျက်သုန်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့်  သစ်ပင် ပန်း မန်များ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်း၏ မြန်မာနိုင်ငံ ဆိုင်ရာ စီမံအုပ်ချုပ်မှုအခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာ ညီညီကျော်က နိုင်ငံ အဆင့် တောရိုင်း တိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ တရားမဝင် ရောင်းဝယ် နေမှု များအား ဥပဒေအရ   ထိရောက်စွာ အရေးယူတားဆီးရေး လုပ်ငန်းအဖွဲ့ကို ၂ဝ၁၆ ခုနှစ်တွင် ပြည်ထောင်စု အစိုးရ အဖွဲ့က အမိန့်ထုတ်ပြန် ဖွဲ့စည်းပေးပြီး ဖြစ်ကြောင်း၊ ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၈ ခုနှစ်အထိ စာရင်းများအရ တောဆင် ရိုင်းကောင်ရေ ၁ဝ၈ ကောင် သတ်ဖြတ် ခံရသည်ကိုတွေ့ရကြောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ခြောက် လတာ ကာလအတွင်း တောဆင်ရိုင်းတိရစ္ဆာန်များ တရားမဝင် သတ်ဖြတ်ဖမ်းဆီးမှုများ အဖြစ် အမှုပေါင်း ၁၄ဝ မှုနှင့် တရားခံ ၂၈၄ ဦး ကို ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း  ပြောကြား သည်။
-

ထို့နောက် ဖမ်းဆီးရမိသည့်ဆင်စွယ်များ အပေါ်ရှိလက်ဗွေရာများကို ၂၈ ရက်အတွင်း စစ်ဆေးနိုင်ရန် အထူးပြုလုပ် ထားသော စစ်ဆေးရေးကိရိယာတစ်စုံအား သစ်တောဦးစီး ဌာနက ရှင်းလင်းတင်ပြပြီး တက်ရောက်လာ ကြသော ပြည်ထောင်စု ဝန်ကြီးများနှင့် ဖိတ်ကြား ထားသော ဧည့်သည်များသည် မီးရှို့ဖျက်ဆီး မည့် တောရိုင်းတိရိစ္ဆာန် အစိတ် အပိုင်းများနှင့် အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ယင်းနောက်  ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းနှင့် တက်ရောက်လာကြ သူများက ဖမ်းဆီးရမိ ဆင်စွယ်၊ ဆင်အစိတ် အပိုင်းနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများအား မီးရှို့ ဖျက်ဆီး ကြသည်။
-
ယနေ့တွင် ဖမ်းဆီးရမိသည့် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများမှ ဆင်စွယ် ၂၇၇ ချောင်း၊ ဆင်အရိုးနှင့် တိရစ္ဆာန် အရိုးမျိုးစုံ ၂၂၇ ချောင်း၊ တိရစ္ဆာန်သားရေမျိုးစုံ ၄၅ ချပ်၊ တိရစ္ဆာန်ဦးချိုမျိုးစုံ ၁၅၄၄ ချောင်း၊ သင်းခွေချပ် အကြေးခွံ ၄၅ ဒသမ ၅ ကီလိုဂရမ်နှင့် အခြားတောရိုင်း တိရစ္ဆာန် အစိတ်အပိုင်းမျိုးစုံ ၁၂၈ ခု စုစုပေါင်း အလေးချိန် ၈၄၉ ဒသမ ၂၆ ကီလိုဂရမ်၊ ကာလတန်ဖိုး ခန့်မှန်းအားဖြင့် အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ သန်းခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်။
-
အဆိုပါအခမ်းအနားသို့  ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ ပြည်ထောင်စု လွှတ်တော်မှ တာဝန်ရှိသူများ၊ သံရုံးများမှ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဆက်စပ်အစိုးရ ဌာနများမှ ဌာန ဆိုင်ရာအကြီးအကဲများ၊ UNDP. FAO. IUCN. WWF. WCS. SCBI နှင့် INGOs, NGOs များမှ ဌာနေ ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဖိတ်ကြားထား သော  ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သိန်းဝင်း၊ အိအိပိုင်
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, September 18, 2018

ရှားပါးသတ္တဝါများ သေဆုံးပါက ပျောက်ကွယ် မသွားစေရန် ရုပ်လုံးသွင်း ပြသနေ



ရန်ကုန် ၁၈-၉-၂၀၁၈

တိရစ္ဆာန်ဥယျာဉ်များမှ ရှားပါးသည့် သတ္တဝါများ သေဆုံးပါက ပျောက်ကွယ်သွား ခြင်းမရှိစေရေး အများပြည်သူ အမြဲလာရောက် လေ့လာကြည့်ရှုနိုင်စေရန် ရုပ်လုံးသွင်းထားကြောင်း တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ရုပ်လုံးသွင်း ပညာရှင် ဦးဘော်သန်းထံမှ သိရသည်။ 

'တိရစ္ဆာန်ဥယျာဉ်က သေပြီးသား တိရစ္ဆာန်တွေ ရောက်လာရင် အဲဒီအကောင်ရဲ့ အနေအထား၊ အလှအပ၊ အမွေးလှပတဲ့ ရှားပါးတဲ့ အကောင်တွေကို ရုပ်လုံးသွင်းပြီး ပြတိုက်မှာ ပြထားတယ်'' ဟု ဦးဘော်သန်း ကပြောသည်။ သေဆုံးပြီးတိရစ္ဆာန်များကို ရုပ်လုံးသွင်းရာတွင် ငှက်ကဲ့သို့ သတ္တဝါငယ်များကို တစ်ရက်တည်း ပြီးစီးအောင် လုပ်ကိုင်နိုင်သော်လည်း ခြေလေးချောင်းရှိသည့် တိရစ္ဆာန် များကို အနည်းငယ်အချိန်ယူ လုပ်ကိုင်ကြရသည်။ 

အကောင်ကြီးများကို ရုပ်လုံးသွင်းရာတွင် ၁၅ ရက်မှ ရက် ၂ဝ ခန့်အထိ ကြာမြင့်တတ်သော်လည်း အကြမ်းထည်ကို သုံးရက် အတွင်းပြီးစီးရန် အရင်လုပ်ကိုင်ပြီးမှ ကျန်ရှိသော အချောသပ်သည့် အပိုင်းကို ဖြည်ဖြည်းချင်း လုပ်ကိုင်ရ သည်။ ''သေပြီးသားတိရစ္ဆာန်တွေ သုံးရက်ကျော်သွားရင် အမွေးတွေက ကျွတ်လာတယ်။ 

အဲဒါကြောင့် အပြီးကိုင်ရတယ်။ မတ်တတ်ပုံစံမျိုး အကြမ်းထိုင်ပြီးပြီဆိုရင် နောက်ပိုင်း ဖြည်းဖြည်းချင်း အချောကိုင်လို့ရတယ်'' ဟု ဦးဘော်သန်း ကပြောသည်။ ရုပ်လုံးသွင်းပညာမှာ ဝါသနာအရင်းခံရှိရန် အရေးကြီးပြီး စိတ်ရှည်ရန် လိုအပ်ကြောင်း၊ လက်ရှိတွင် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အပါအဝင် ရန်ကုန်မြို့၌ လုပ်ကိုင်နေသည့် ရုပ်လုံးသွင်းပညာရှင် သုံးဦးရှိပြီး နေပြည်တော်၌ တစ်ဦးရှိကာ တခြားသော တိရစ္ဆာန် ဥယျာဉ်များနှင့် အပန်းဖြေဥယျာဉ်များ၌ တိရစ္ဆာန်များ သေဆုံးပါက ရုပ်လုံးသွင်းရန် အကူအညီ တောင်းလာမှုအပေါ် သွားရောက် လုပ်ကိုင်ပေးရကြောင်း သိရသည်။

# မြ၀တီနေ့စဉ်သတင်းစာ 

Monday, September 10, 2018

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သို့ ဆာဖာရီ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)မှ မျိုးစိတ်အသစ် နှစ်မျိုးရောက်ရှိ



ရန်ကုန် ၁ဝ-၉-၂ဝ၁၈

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၌ အများပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် တိရစ္ဆာန်မျိုးစိတ်ပေါင်း များစွာပြသထားရာ ယနေ့တွင် ဆာဖာရီတိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)မှ မျိုးစိတ်အသစ်နှစ်မျိုး ရောက်ရှိလာကြောင်း တိရစ္ဆာန် ဥယျာဉ်(ရန်ကုန်) အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်ထံမှ သိရသည်။

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၌ ယခင်က တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၃၂ မျိုး ပြသထားပြီး ယနေ့မှစ၍ ဆာဖာရီတိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)မှ အသစ်ရောက်ရှိလာသော ညာလာသမင် (Nyala)သုံးကောင်နှင့် နူးဆိတ် သမင်လေးကောင် တို့ကို အများ ပြည်သူကြည့်ရှုလေ့လာနိုင်ရန် ပြသထားကြောင်း သိရသည်။

''တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှာ နူးဆိတ်သမင်ကို အရင်ကပြဖူးတယ်။ ညာလာသမင်က မပြဖူးဘူး။တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှာ အရင်က မျိုးစိတ်ပေါင်း ၁၃၂ မျိုးရှိတယ်။ အခုနှစ်မျိုးပေါင်းရင် ၁၃၄ မျိုးရှိတယ်။ လာရောက် လည်ပတ်သူတွေက အခုတော့နည်းတယ်။ပွင့်လင်းရာသီမှာ လာရောက်လည်ပတ်သူထက် အခုချိန်မှာ လာရောက်လည်ပတ်သူတွေ အဆင်ပြေအောင် အဆင့်မြှင့်တင်မှုတွေ ဆောင်ရွက်ပေးနေပါတယ်'' ဟု ဦးထွန်းဝင်းအောင် က ပြောသည်။

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ လာရောက်လည်ပတ်သူများ ကြည့်ရှုရန် ဆာဖာရီတိရစ္ဆာန် ဥယျာဉ်မှ ပေးပို့လိုက်သည့် အာဖရိကဆိတ်သမင် အုပ်စုဝင် ညာလာသမင်အထီး တစ်ကောင်၊ အမနှစ်ကောင်၊ နူးသမင် အထီးတစ်ကောင်နှင့် အမ သုံးကောင်သည် အရောင်အသွေး လှပသည့်မျိုးများ ဖြစ်ကြောင်း သိရသည်။

#မြဝတီနေ့စဉ်သတင်းစာ

Tuesday, August 14, 2018

ဝန်းသိုနှင့် ကောလင်းမြို့နယ်အတွင်း ဝက်နားရွက်ပြာရောဂါကြောင့် ကောင်ရေ ၂ဝဝဝ ကျော်သေဆုံး



မုံရွာ ၁၄-၈-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နှင့် ကောလင်းမြို့နယ်အတွင်း ဝက်နားရွက်ပြာ ရောဂါဖြစ်ပွားမှုကြောင့် ဝက်အကောင် ၂ဝဝဝ ကျော် သေဆုံးခဲ့ရာ ဝက်မွေးမြူသူများ အနေဖြင့် ငွေကျပ် သန်း၃၇ဝကျော် ထိခိုက်နစ်နာ ခဲ့ကြကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပြောကြားသည်။

"ဝက်နားရွက်ပြာ ရောဂါဖြစ်ပွားတဲ့အတွက် ဝန်းသိုမြို့နယ်တွင် ရပ်ကွက်ကျေးရွာပေါင်း ၁၃၅ရွာရှိဝက် ၂၂၃၁၄ကောင်မှ ဝက် ၆၁၅ ကောင် သေဆုံးခဲ့ပြီး ဝက်မွေးသူတွေ အနေနဲ့ ငွေကျပ် ၉၂သန်းကျော် ထိခိုက်နစ်နာ ဆုံးရှုံးမှုဖြစ်ခဲ့ပြီး ကောလင်းမြို့နယ် ရပ်ကွက်ကျေးရွာများမှ ဝက်နားရွက်ပြာရောဂါဟု သတ်မှတ်၍မရ သောကာလက ဝက် ၃၈၇ ကောင်အပါအဝင် ဝက် ၁၄ဝဝ ကျော်သေဆုံးခဲ့ရာ ငွေကျပ် ၂၇၈သန်းကျော် ထိခိုက်ခဲ့ပါတယ်"ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပြောပြသည်။

ဝက်နားရွက်ပြာ ရောဂါပျံ့နှံ့ပြီး ဆုံးရှုံးနစ်နာရသော ဝက်မွေးမြူ သူများအတွက် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြပေးသွားမည် ဖြစ်ကာဆေးကုသ ဆောင်ရွက် ပေးခဲ့သည့်အတွက် ယခုအခါတွင် ပြန်လည် နာလန်ထူတဲ့ အခြေအနေ ရောက်ရှိနေပြီး ရောဂါဖြစ် နေစဉ်ကာလအတွင်းက စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်း ထားသော ကာကွယ်ဆေးများကို သက်ဆိုင်ရာ မြို့နယ်များသို့ ခွဲဝေပေးထားပြီး ကျန်ရှိသော ကုသဆေးများကို ရောဂါကျရောက်ပါက အသုံးပြုနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အရန်အဖြစ်ထားရှိကြောင်း သိရသည်။

ကောလင်းမြို့နယ် ကျေးရွာ ၄၆ အုပ်စု၊ ကျေးရွာ၂၂ဝရွာ၊ ရပ်ကွက်ရှစ်ရပ်ကွက် ရှိကြောင်း၊ ဒေသခံတောင်သူ တွေအနေဖြင့် တစ်နိုင်တစ်ပိုင် မွေးမြူမှုများရှိသကဲ့သို့ စီးပွားဖြစ် ဝက်မွေးကြသူများ ရှိကြောင်း၊ ဝက်အကောင်ရေ ၄၇၅၄၄ ကောင်ထိ မွေးမြူထားကြောင်း စာရင်းများအရ သိရပါတယ်။

"ဇွန်၁၆ရက်က ဝန်းသိုမြို့နယ် ကစတင်ပြီး ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားပြီး ကူးစက်လာတာ ကောလင်းမြို့နယ်ထဲ ပြန့်ပွားခဲ့ပါတယ်။ ဝက်နားရွက်ပြာ ရောဂါဟာကူးစက်မှု လျင်မြန်တဲ့အတွက် တချို့ဝက်ခြံလုံးကျွတ် သေဆုံးတာ တွေ့ရပါတယ်"ဟု ကောလင်းမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်းက ပြောပြ၍ သိရသည်။

#Themyawadydaily

ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး ခရီးသွားအခြေပြုလုပ်ငန်း ၁၉ခုမှ ယခုနှစ်အတွင်း ငွေကျပ် သိန်း ၃ဝဝဝကျော် ဝင်ငွေရရှိ



ရန်ကုန် ၁၄-၈-၂ဝ၁၈

မြန်မာ တစ်နိုင်ငံလုံးရှိ မြန်မာ့သစ်လုပ်ငန်းမှ အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး ခရီးသွား အခြေပြုလုပ်ငန်း ၁၉ခုမှ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ်လပထမပတ်ထိ ငွေကျပ် သိန်း ၃ဝဝဝ ကျော် ဝင်ငွေရရှိခဲ့ကြောင်း မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်လုပ်ရေး အင်အားဌာနစိတ် (ရုံးချုပ်)မှ သိရသည်။

ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး ခရီးသွားအခြေပြု စခန်းများသို့ နိုင်ငံခြား ခရီးသွားများ ပိုမိုဝင်ရောက် လာစေရန် ခရီးသွားလုပ်ငန်း ကုမ္ပဏီကြီးများနှင့် ချိတ်ဆက်ဆောင်ရွက် နိုင်ရန်လည်း စီစဉ်နေကြောင်း သိရသည်။

"သစ်ထုတ်လုပ်ငန်း လျော့ကျ လာတာနဲ့အမျှ ရှိတဲ့ဆင်တွေနဲ့ မီးခိုးမထွက်၊ သယံဇာတတွေ မကုန်ဘဲ နိုင်ငံတော်ဝင်ငွေရတဲ့ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး ခရီးသွား အခြေပြုလုပ်ငန်း ဖြစ်ပါတယ်"ဟု မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်လုပ်ရေး အင်အားဌာနစိတ်(ရုံးချုပ်)မှ ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်ထိုက်က ပြောပြသည်။

မြန်မာနိုင်ငံအတွင်း မြန်မာ့သစ်လုပ်ငန်းမှ ဆင်စခန်းပေါင်း ၁၉ခုရှိရာ မှော်ယောကြီး ဆင်စခန်းတွင် ဆင်သမားများနေသည့် ရွာကိုအခြေခံပြီး ခရီးသွားလုပ်ငန်းအတွက် ပြုလုပ်ခြင်း၊ ဝင်္ဂဘော်ဆင်စခန်းတွင် အမိမဲ့ဆင်လေးများ ထိန်းသိမ်း စောင့်ရှောက်၍ ဆင်စခန်းပြုလုပ်ထားခြင်း၊ ဖိုးကျားဆင်စခန်းတွင် တောထဲ၌ ခေတ်မီအဆောက် အအုံများဖြင့် တည်းခိုနေထိုင်နိုင်ခြင်း စသည်ဖြင့် ဆင်စခန်းများတွင် တစ်ခုနှင့်တစ်ခု ရည်ရွယ်ချက် မတူဖွင့်လှစ် ထားကြောင်း သိရသည်။

#Themyawadydaily

Monday, August 13, 2018

ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ်အဖြစ် ဆင်များဘူဖေးကျွေးခြင်းကို မြန်မာနိုင်ငံရှိ ဆင်စခန်း ၁၉ ခုလုံးတွင် ပြုလုပ်



ကညွတ်ကွင်း

ကမ္ဘာ့ဆင်များနေ့ (World Elephant Day) အထိမ်းအမှတ်အဖြစ် ဆင်များ ဘူဖေးကျွေးခြင်းကို မြန်မာနိုင်ငံရှိ ဆင်စခန်း ၁၉ခု တွင် ယနေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အမြန်လမ်း ၁ဝ၅မိုင် လေးဖာလုံတွင်ရှိသော မှော်ယောကြီးဆင်စခန်း၌ ယနေ့နံနက် ၁ဝ နာရီတွင် ကမ္ဘာ့ဆင်များနေ့ အခမ်းအနားအဖြစ် ဆင်များကို ဘူဖေးကျွေးခဲ့ကြကြောင်း သိရသည်။

"ခရီးသွားပြည်သူလူထုနဲ့ ဆင်တွေ ပိုပြီးရင်းနှီးချစ်ကြည် ပြီးတော့မှ ခရီးသွားတိုးလာဖို့ ရည်ရွယ်သလို တစ်ဖက်တစ်လမ်းကလဲ ဌာနဝင်ငွေကို ရရှိပါတယ်။ သစ်ထုတ်တာ ရပ်နားပြီးကတည်းက ဆင်စခန်းနဲ့ ခရီးသွားလုပ်ငန်းကို အရှိန်ဟုန်မြှင့် လုပ်ဆောင်ပါတယ်။ ဆင်တွေစားတဲ့ ဖရဲသီး၊ ကြံ၊ ရွှေဖရုံသီး၊ ငှက်ပျောသီး၊ ငှက်ပျောပင်တွေကို ဆင်တွေအား ဂုဏ်ပြုတဲ့အနေနဲ့ ကျွေးမွေးတာပါ။ နှစ်စဉ်မပြတ် ကျွေးမွေးသွားမှာပါ"ဟု မှော်ယောကြီးဆင် စခန်းတာဝန်ခံ လက်ထောက် မန်နေဂျာ ဦးကျော်ကျော်ထွန်းက ပြောပြသည်။

အဆိုပါ အထိမ်းအမှတ်နေ့ ဆင်များ ဘူဖေးကျွေးခြင်းကို ၂ဝ၁၆ ခုနှစ် သြဂုတ် ၁၂ရက်က ရန်ကုန်မန္တလေး အမြန်လမ်း ၁ဝ၅မိုင်အနီးရှိ မှော်ယောကြီးဆင်စခန်းတွင် စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"ဆင်သမားတွေနေတဲ့ ကျေးရွာလေးကို အခြေပြုပြီးတော့ ခရီးသွားလုပ်ငန်းအတွက် တည်ထောင်ထားတာပါ။ ကမ္ဘာ့ဆင်များနေ့ အခမ်းအနားမှာ ဆင်တွေကို ဘူဖေးကျွေးရင်း ဒီစခန်းမှာ စတာပါ။ ဆင်တွေကျွေးတာကို သဘောကျရင်း အီကို တိုရီဇင်လုပ်ငန်းဆိုပြီး လုပ်တာအရင်တုန်းက တောထဲကသစ်တွေကို ခုတ်ပြီး သယံဇာတအပေါ်မှာ မှီခိုနေတဲ့ နိုင်ငံပိုင်စီးပွားရေး တစ်ခုကို အခုတော့အလုပ်ကိုင် အပြောင်းအလဲအနေနဲ့ အကောင်ထည်ဖော်ဆောင်ရွက်ခဲ့တာပါ"ဟု မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်လုပ်ရေးအင်အား ဌာနစိတ် (ရုံးချုပ်) မှ ဒုတိယ အထွေထွေမန်နေဂျာ ဦးကျော်ထိုက်က ပြောပြသည်။

မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်ငန်းများ၌ အသုံးပြုနေသည့် ဆင်များသည် သစ်လုပ်ငန်းစတင် ရပ်နားလိုက်သည့်အချိန်တွင် အလုပ်မရှိတော့သဖြင့် ဆင်စခန်းများကို ၂ဝ၁၆ခုနှစ်မှ စတင်အကောင်အထည် ဖော်၍ ခရီးသွားလုပ်ငန်းများ ပြုလုပ်ကာ နိုင်ငံအတွက် ဝင်ငွေရှာပေးလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

Tuesday, August 7, 2018

ချပ်သင်းဘေးမဲ့တော ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေး ငါးနှစ်တာကာလအုပ်ချုပ်လုပ်ကိုင်မှု စီမံချက်အသေးစိတ်ရေးဆွဲ



ကန့်ဘလူ ၇-၈-၂ဝ၁၈

၂ဝ၁၉ ခုနှစ်မှ ၂ဝ၂၃ခုနှစ်ထိ ငါးနှစ်တာကာလအတွင်း ချပ်သင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ရေရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်ရေးအတွက် အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်အကောင်အထည် ဖော်သွားမည့် လုပ်ငန်းများ အသေးစိတ်ရေးဆွဲခြင်းကို ယနေ့အပြီးရေးဆွဲ ခဲ့ကြောင်းချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးမင်းဆွေ၏ ပြောပြချက်အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော ရေရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်ရေးအတွက် အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်ကို ၂ဝ၁၉ခုနှစ်မှ ၂ဝ၂၃ခုနှစ်ထိ အကောင်အထည် ဖော်ဆောင်ရွက် သွားမည့်လုပ်ငန်းများ ပြုစုရေးဆွဲခြင်းကို သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနခွဲ၊ ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောနှင့် တောရိုင်းတိရစ္ဆာန် မိတ်ဆွေများ အသင်း (FOW)တို့ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ ချပ်သင်းဘေးမဲ့တော စမ်းမြောင်စခန်းတွင် သြဂုတ် ၂ရက်မှစတင်ကာ အသေးစိတ် လုပ်ငန်းခေါင်းစဉ်များ အလိုက်နှင့် တွက်ချက်မှုများကို ညှိနှိုင်းဆွေးနွေးရေး ဆွဲခဲ့ကြောင်း သိရသည်။

ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၏ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက် ငါးနှစ်တာကာလအတွင်း သမင်ကောင်ရေ တိုးတက်စေရေး၊ အင်တိုင်းတောဂေဟစနစ်နှင့် ဇီဝမျိုးစုံ၊ မျိုးကွဲများ တည်တံ့စေရေး၊သဘာဝအခြေခံ ခရီးသွားလုပ်ငန်း တိုးတက်စေရေးနှင့် ဒေသခံပြည်သူများ၏ စိုက်ပျိုးရေးနှင့် အခြားဝင်ငွေရ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အစီအမံများပါဝင်မည် ဖြစ်သည်။

ဘေးမဲ့တော အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်ရေးဆွဲခြင်းနှင့်အတူ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တော လုပ်ငန်းတည်ထောင်ခြင်းနှင့် ပတ်သက်၍ ဘေးမဲ့တောအနီးဝန်းကျင် ဒေသများဖြစ်သည့် ဖိုးသာဇံတောင် အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း အသုံးပြုသူများအဖွဲ့၊ချပ်သင်းကျေးရွာ သာစည်ရပ်ကွက် အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း အသုံးပြုသူများ အဖွဲ့တို့ကို သြဂုတ် ၄နှင့်၅ရက်တို့က စမ်းမြောင်စခန်း၌ သင်တန်းပို့ချခဲ့ကြောင်း သိရသည်။

#Themyawadydaily

Tuesday, July 10, 2018

ပလိပ်အင်းရေတိမ်ဒေသ ထိန်းသိမ်းပေးရန် သက်ဆိုင်ရာသို့စာတင်မည်



စဥ့်ကိုင် ၁ဝ-၇-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ပလိပ်အင်း ရေတိမ်ဒေသကို မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က အမြန်ဆုံး ထိန်းသိမ်းပေးရန် သြဂုတ်လတွင် စာတင်မည် ဖြစ်ကြောင်း ပလိပ်အင်း ငှက်ချစ်သူအသင်းမှ သိရသည်။

ပလိပ်အင်း ရေတိမ်ဒေသတွင် ရေများစတင် ဝင်ရောက်လာပါက ဒေသမျိုးရင်း ရေငှက်များ လာရောက်ကျက်စားကြပြီး ဆောင်းကာလတွင်လည်း ဆောင်းခိုငှက်များ လာရောက်ကျက်စား ကြကြောင်း၊ ပလိပ်အင်းကို သဘာဝ အတိုင်းပြန်လည် ဖြစ်စေလိုကြောင်း ဒေသမျိုးရင်း ရေငှက်များနှင့် ဆောင်းခိုငှက်များ၏ နားခိုနိုင်ရန်၊ အစားအစာ ကွင်းဆက်များ ပြန်လည်ရရှိနိုင်ရန် အမြန်ဆုံး ဆောင်ရွက်ပေး စေလိုကြောင်း၊ အချိန်မီ ထိန်းသိမ်းရန် သက်ဆိုင်ရာ သို့ တင်ပြနိုင်ရေး တောင်းဆိုထားကြောင်း ပလိပ်အင်းဒေသခံများက ပြောပြ၍ သိရသည်။

"ပလိပ်အင်း ရေတိမ်ဒေသ ထိန်းသိမ်းရေးကို အခုလုပ်ရင်တောင် နောက်ကျနေပြီ။ အခုထလုပ်ဆိုပြီး အစိုးရက ငွေရေးကြေးရေးတွေ အလုံးအရင်းနဲ့ သုံးတောင် အတော်နောက်ကျ နေပြီ။ သဘာဝနယ်မြေ တစ်ခုအဖြစ် ပြန်လည် အသက်ဝင်လာဖို့ ငွေရေးကြေးရေး အလုံးအရင်းနဲ့ အသုံးပြုတာအပြင် ဒေသခံတွေနဲ့ ဌာနဆိုင်ရာတွေ တက်ညီလက်ညီ ပူးပေါင်းဖို့ လိုပါတယ်။ ဒါမှ ပလိပ်အင်းရဲ့ မူလသဘာဝအလှကို ပြန်လည် တွေ့မြင်နိုင်မှာပါ။ ပလိပ်အင်းမှာ
ရေဝင်တာနဲ့ ထိန်းသိမ်းဖို့ မကြာခင် စာတင်သွားမှာပါ" ဟု ပလိပ်အင်း ငှက်ချစ်သူ အသင်းဥက္ကဋ္ဌ ဦးမျိုးတင်မွှေးက ပြောပြသည်။

ယခုလအတွင်း ပလိပ်အင်း ရေတိမ်ဒေသ၌ ရေများဝင်ရောက်ချိန် ဖြစ်သော်လည်း သီးနှံစိုက်ပျိုးထားသော လယ်သမားများ ရိတ်သိမ်း မပြီးခြင်းကြောင့် ရေများကို ထိန်းထားခြင်းဖြစ်ပြီး လယ်သမား အားလုံးရိတ်သိမ်း ပြီးချိန် ဇူလိုင်လကုန် သြဂုတ်လဆန်း ပိုင်းတွင်ရေများ စတင်ဝင်ရောက် လာတော့မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Tuesday, June 19, 2018

ယခုနှစ် မေလအထိ မြန်မာ့ တောဆင်ရိုင်း ၁၂ ကောင်ထိ အသတ်ခံရ



နေပြည်တော် ၁၉-၆-၂ဝ၁၈

ယခုနှစ် မေလထိမြန်မာ့ တောဆင်ရိုင်း ၁၂ကောင်ထိ အသတ်ခံခဲ့ရကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ သိရသည်။

မြန်မာ့တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာလျက်ရှိပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အနေဖြင့်လည်း တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေကို ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ပြီး သဘာဝအပင်များနှင့် တောရိုင်းတိရစ္ဆာန်များကို သတ်ဖြတ်ကာ မှောင်ခိုဈေးကွက်များဖြင့် ဆက်သွယ်လုပ်ကိုင်သူများကိုဖမ်းဆီးအရေးယူ လျက်ရှိကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ မေလကုန်ထိတွင်လည်း တောဆင်ရိုင်း ၁၂ ကောင် သတ်ဖြတ်ခံထားရပြီး တာဝန်သိပြည်သူများ၏ သတင်းပေးမှုများဖြင့် ဖမ်းဆီးအရေးယူ ထားသည့် တရားခံများလည်း ရှိကြောင်း၊ အဆိုပါ တောဆင်ရိုင်း များကို၎င်းတို့ ၏ အစွယ်နှင့် သားရေတို့ကို လိုချင်မှုကြောင့် သတ်ဖြတ်ခြင်းခံနေရခြင်း ဖြစ်ကြောင်း၊ ဧရာဝတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်  ရန်ကုန်တိုင်းဒေသကြီးတို့တွင် တောဆင်ရိုင်းသတ်ဖြတ်ခံရမှု အများဆုံး ဖြစ်နေသည်ကိုတွေ့ရကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

"၂ဝ၁၆ ခုနှစ်ကဆိုရင် တောဆင်ရိုင်း ၁၈ ကောင်၊ ၂ဝ၁၇ခုနှစ်က တောဆင်ရိုင်း ၄၆ ကောင်နဲ့ယခုနှစ် မေလထိ တောဆင်ရိုင်း၁၂ ကောင် သတ်ဖြတ်ခံထားရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁ဝပြည့်နှစ်ကနေ ယခုနှစ် မတ်လထိ မြန်မာနိုင်ငံမှ တောဆင်ရိုင်း ၁၂၁ကောင်ထိ သတ်ဖြတ်ခံထားရပြီး နှစ်စဉ်သတ်ဖြတ်ခံရမှု နှုန်းမြင့်တက်နေ တာကိုလဲတွေ့နေရပါတယ်"ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနိုင်ဇော်ထွန်းက ပြောပြ၍ သိရသည်။

#Themyawadydaily

Monday, June 18, 2018

မဲခေါင်ဒေသ တရားမဝင်တောရိုင်း တိရစ္ဆာန်ကုန်သွယ်မှု တိုက်ဖျက်ရေး ရုပ်သံဇာတ်လမ်းတိုပြိုင်ပွဲ မြန်မာနိုင်ငံ ပါဝင်ခွင့်ရရှိ



ရန်ကုန် ၁၈-၆-၂ဝ၁၈

မဲခေါင်ဒေသ တစ်ဝိုက်တွင် တရားမဝင်ရောင်းဝယ် ဖောက်ကားနေသည့် တောရိုင်းတိရစ္ဆာန် ဈေးကွက်ကို ကမ္ဘာကသတိ ထားမိလာစေရန် ပြုလုပ်သည့် ရုပ်သံဇာတ်လမ်းတို ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ပါဝင်ရိုက်ကူးယှဉ်ပြိုင် ခွင့်ရရှိမည်ဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေ အဖွဲ့သတင်းများ အရသိရသည်။

ယခုအခါ တောရိုင်း တိရိစ္ဆာန်များ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ၊ ဦးချို၊သားရေ၊ အရိုးနှင့်အရေခွံများကို တရားမဝင်ကုန်သွယ်မှု ပြုလုပ်မှုများ ရှိနေသဖြင့် တောရိုင်း တိရစ္ဆာန်များမှာ မှောင်ခိုသမား မုဆိုးများ၏ သတ်ဖြတ်မှုကို ခံနေကြရသည်။ မဲခေါင်ဒေသသည် တောရိုင်းတိရစ္ဆာန်များ၊ အများအပြား ကျက်စားရာနေရာ ဒေသတစ်ခုဖြစ် နေသဖြင့် တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှုများ ရှိနေသည်။

ထို့ကြောင့် အဆိုပါတောရိုင်း တိရစ္ဆာန်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများကို အထောက်အကူ ဖြစ်စေရေးနှင့် မဲခေါင်ဒေသ တစ်ဝိုက်တွင် တရားမဝင်ရောင်းဝယ် ဖောက်ကားနေသည့် တောရိုင်းတိရစ္ဆာန် ဈေးကွက်ကို ကမ္ဘာမှသတိထားသိရှိ လာစေရေးအတွက် တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးရုပ်သံ ဇာတ်လမ်းတိုပြိုင်ပွဲကို ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ တို့အပြင် မြန်မာနိုင်ငံမှလည်း ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မဲခေါင်ဒေသ ရှိတရားမဝင် သားငှက်တိရစ္ဆာန် ကုန်သွယ်မှုကို ဖန်တီးရိုက်ကူးတင် ဆက်ပေးရမည်ဖြစ်သည်။ ပြိုင်ပွဲတွင် အဆင့်နှစ်ခုခွဲပေးထားပြီး ဘွဲ့ကြိုကျောင်းသားများနှင့် အတန်းပညာသင်ယူ နေသည့် ကျောင်းသားများပါ ဝင်ရောက်ယှဉ်ပြိုင် နိုင်ရန် ကျောင်းသားအဆင့် ပြိုင်ပွဲလည်း ထည့်သွင်းထားသည်ဟု ဆိုသည်။

အဆိုပါပြိုင်ပွဲအတွက် အင်္ဂလိပ်စာတန်း ထိုးထားသည့် ရုပ်ရှင်ဇာတ်လမ်းတိုကို သြဂုတ် ၁၅ရက်နောက် ဆုံးထားပို့ပေးရမည် ဖြစ်သည်။ ပြိုင်ပွဲဝင်ဇာတ်လမ်း တိုများအား ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုအပြင် လူကြိုက် အများဆုံးဆု၊ ကျောင်းသားဆုများ ချီးမြှင့်ပေးအပ် သွားမည် ဖြစ်သည်။ ထို့ပြင်အဆိုပါ ပြိုင်ပွဲတွင်ပါ ဝင်ယှဉ်ပြိုင်သည့် တစ်နိုင်ငံချင်းစီကို အထူးဆုများ ပေးအပ်သွားမည် ဖြစ်သည်။ အဆိုပါပြိုင်ပွဲနှင့် ပတ်သက်သည့်သတင်း အချက်အလက်များကို လွန်ဘရာဘန် ရုပ်ရှင်ပွဲတော် Facebook စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို ဗြိတိသျှ အစိုးရနှင့်လွန်ဘရာ ဘန်ရုပ်ရှင်ပွဲ တော်ကဦးဆောင်ကာ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့(WFF)၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)တို့နှင့် ပူးပေါင်းပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

#Themyawadydaily

Monday, June 11, 2018

မန္တလေးတိုင်း ဒေသကြီးအတွင်း ကျက်စားနေသည့် တောဆင်ရိုင်းများ ဖမ်းဆီးပစ်သတ်ခြင်း မခံရစေရန် ပူးပေါင်း အဖွဲ့များဖြင့် ထိန်းသိမ်းမည်



မန္တလေး ၁၁-၆-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီးအတွင်း ကျက်စားနေသည့် တောဆင်ရိုင်းများကို ဖမ်းဆီး ပစ်သတ်ခြင်းများ မခံရစေရန် ပူးပေါင်းအဖွဲ့များဖြင့် ထိန်းသိမ်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း တောရိုင်းတိရစ္ဆာန် လေ့လာစောင့်ကြည့် ရေးအဖွဲ့မှ တရားမဝင် ရောင်းဝယ်ဖောက်ကား မှုတားဆီးရေး ဆိုင်ရာညှနှိုင်းရေးမှူး ကပြောပြ၍ သိရသည်။

တောဆင်ရိုင်းများ မျိုးသုဉ်းမှုနှင့် သတ်ဖြတ်ခြင်းများ မခံရစေရန် ထိန်းသိမ်းမှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တောဆင်ရိုင်းများ ကျက်စားနေထိုင်သည့် ဒေသများတွင် ထိန်းသိမ်းမှုများ ဆောင်ရွက်လျက် ရှိပြီးတောရိုင်း တိရစ္ဆာန်များကို သတ်ဖြတ်ခြင်းများ မပြုလုပ်ရန် အသိပညာပေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

တောဆင်ရိုင်းများကို ထိန်းသိမ်းနိုင်ရန်အတွက် သစ်တောဦးစီးဌာန၊ တောရိုင်းတိရစ္ဆာန် လေ့လာစောင့်ကြည့်ရေးအဖွဲ့၊အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့နှင့် ပြည်သူများ ပူးပေါင်း၍ တောဆင်ရိုင်းများ ကျက်စားသည့် နေရာများသို့ ဆင်ပစ်မုဆိုးများ ရောက်ရှိမှု မရှိစေရေးအတွက် စခန်းချကာ ထိန်းသိမ်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာဆိုရင် တောဆင်ရိုင်းတွေ တဖြည်းဖြည်း လျော့နည်းလာတယ်။ ဒါတွေ ထိန်းသိမ်းနိုင်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အခုလိုမျိုး လုပ်ဆောင်နေပါတယ်။ မန္တလေးတိုင်း ဒေသကြီးအတွင်းမှာဆိုရင်တောဆင်ရိုင်း ထိန်းသိမ်းမှု စတင်လုပ်ဆောင်နေပါပြီ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်တွင် ကျက်စားနေသည့် တောဆင်ရိုင်းအကောင် ၆ဝကျော်ရှိကြောင်း ခန့်မှန်းထားပြီး တိုင်းဒေသကြီးအတွင်းရှိ ဘေးမဲ့တော များတွင်လည်း ကျက်စားနေသည့် တောဆင်ရိုင်းများ ရှိသေးကြောင်း သိရသည်။

#Themyawadydaily

Monday, June 4, 2018

မျိုးသုဉ်းရန်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တောရိုင်းတိရစ္ဆာ န်များကို ထိန်းသိမ်းလျက်ရှိ



နေပြည်တော် ၄-၆-၂ဝ၁၈

မျိုးသုဉ်းရန်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေး လုပ်ငန်းကို စီမံချက်ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန (နေပြည်တော်)၏ ကောက်နုတ်ချက်များအရ သိရသည်။

မြန်မာနိုင်ငံသည် ဇီဝမျိုးစုံ မျိုးကွဲများ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ ထို့ပြင် ဟိမဝန္တာတောင်တန်း၊ အင်ဒိုချိုင်းနား ကျွန်းဆွယ်တို့နှင့် ဆက်စပ်တည်ရှိသဖြင့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အမျိုးအစား စုံလင်ပေါများစွာတွေ့ရှိရပြီး အဆိုပါ တောရိုင်းတိရစ္ဆာန်များကို တရားမဝင်အမဲလိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ရောင်းဝယ်ဖောက်ကား ခြင်းတို့ကြောင့် အချို့မျိုးစိတ်များ မျိုးသုဉ်းမှု အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း သိရသည်။

ထို့ကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနက သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်များ ရေရှည်တည်တံ့ စေရေးအတွက် မျိုးသုဉ်းရန်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေး လုပ်ငန်းကို စီမံချက်ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မျိုးသုဉ်းမည့် တောရိုင်းတိရစ္ဆာန်များကို လေ့လာစာရင်း ကောက်ယူမှု မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် တွေ့ရှိရသော မျိုးစိတ်များမှာ နို့တိုက်သတ္တဝါ မျိုးစိတ် ၂၅၁မျိုး၊ ငှက်မျိုးစိတ် ၁ဝ၆၅မျိုး၊ တွားသွားသတ္တဝါမျိုးစိတ်၁၈၇မျိုး၊ ကုန်းနေရေနေသတ္တဝါ မျိုးစိတ် ၁၂၉ မျိုး၊ ရေချိုငါးမျိုးစိတ် ၃၁ဝနှင့် ရေငန်ငါးမျိုးစိတ် ၄၆၅မျိုး တို့ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန(နေပြည်တော်) ၏ ကောက်နုတ်ချက်များအရ သိရသည်။

#Themyawadydaily

Monday, March 19, 2018

ဆလိုဗက်ကီးယားနိုင်ငံမှ လည်ပင်းနီ ဝါလာဘီသားပိုက်ကောင် ၁၅ ကောင် ဆာဖာရီဥယျာဉ် (နေပြည်တော်) သို့ရောက်ရှိ



နေပြည်တော် ၁၉-၃-၂ဝ၁၈

ဆလိုဗက်ကီးယားနိုင်ငံမှ လည်ပင်းနီ ဝါလာဘီသားပိုက်ကောင် ၁၅ ကောင်ကို လေကြောင်းလိုင်းဖြင့် သယ်ဆောင်လာရာ ယနေ့နံနက်ပိုင်းက ဆာဖာရီဥယျာဉ် (နေပြည်တော်)သို့ ရောက်ရှိလာကြောင်း တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)အုပ်ချုပ်ရေးမှူး ဦးအောင်မင်းခိုင်၏ ပြောပြချက်အရ သိရသည်။

အဆိုပါလည်ပင်းနီ ဝါလာဘီ သားပိုက်ကောင်များကို ဆလိုဗက်ကီးယားနိုင်ငံမှ QATAR Airways Cargo Flight လေယာဉ်ဖြင့် သယ်ဆောင်လာခြင်း ဖြစ်ပြီးမြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ဦးသန်းစိုးအေး (Dy-GM) ဦးဆောင်သည့် အဖွဲ့ဝင် ခုနစ်ဦးက ပြန်လည်၍ လွှဲပြောင်းလက်ခံရယူကာ နေပြည်တော်ရှိ ဆာဖာရီဥယျာဉ်သို့ လည်ပင်းနီ ဝါလာဘီ သားပိုက်ကောင် အထီးငါးကောင်နှင့် အမ ၁ဝ ကောင်စုစုပေါင်း ၁၅ ကောင်ကို သယ်ဆောင်လာခဲ့ရာ ယနေ့ နံနက်၇နာရီခန့်တွင် နေပြည်တော်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

"ဒီသားပိုက်ကောင် အမျိုးအစားကို သိပံ္ပအမည်အနေနဲ့ (Macrops Rufogriseus) လို့ခေါ်ပါတယ်။ သူ့အရွယ်က သားပိုက်ကောင် မျိုးရင်းထဲမှာ အလတ်စား အရွယ်ပမာဏ ရှိပါတယ်။ ဒီလည်ပင်းနီ ဝါလာဘီသားပိုက်ကောင် တွေကအနက်ရောင် နှာခေါင်းရှိပြီး အပေါ်နှုတ်ခမ်း၊ ရင်ဘတ်နဲ့ဝမ်းဗိုက်မှာ အဖြူရောင် အမွေးတွေရှိပါတယ်။ ကိုယ်အလေးချိန် အနေနဲ့ဆိုရင်တော့ ပေါင်၂ဝကျော်ရှိပါတယ်။ ခန္ဓာကိုယ် အရွယ်အစားကတော့ အလျား၁၂ ဒသမ ၄၁ လက်မထိရှိပြီး အမြီးကတော့ အလျား ၁ဝဒသမ၂၉ လက်မထိရှိပါတယ်။ အမြင့် အနေနဲ့ကတော့ နှစ်ပေကျော် လောက်ရှိပါတယ်။ ဒီသားပိုက်ကောင်တွေကို ဆာဖာရီဥယျာဉ်က သြစတြေးလျ ပြကွက်မှာ အများပြည်သူတွေ ကြည့်ရှုလေ့လာ နိုင်အောင် ပြသသွားမှာပါ"ဟု ဦးအောင်မင်းခိုင်က ပြောပြသည်။

အဆိုပါ လည်ပင်းနီ ဝါလာဘီသားပိုက်ကောင် မျိုးများကို သြစတြေးလျ တိုက်အရှေ့ပိုင်းဒေသ၊ နယူးဇီလန်ကျွန်း၊ ပါပူဝါနယူကျွန်းနှင့် ကေ့ခ်မေးနီးယားတို့တွင် တွေ့ရှိနိုင်ကြောင်း၊ ၎င်းတို့မှာ တစ်ကောင်တည်း သီးသန့်သော် လည်းကောင်း၊ အုပ်စုဖွဲ့၍ သော်လည်းကောင်း နေထိုင်ကျက်စား တတ်ကြကြောင်း သိရသည်။

#Yadanarpondaily

Wednesday, March 14, 2018

မြန်မာနိုင်ငံ၏ ဒေသမျိုးရင်းဖြစ်သော တိုက်လိပ် ၃ဝ ကို ညင်သာစွာစေလွှတ်ခြင်း အစီအစဉ်ဖြင့် ပြန်လွှတ်ပေး



ခန္တီး ၁၄-၃-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ချင်းတွင်းမြစ် အထက်ပိုင်း၌ မြန်မာနိုင်ငံ၏ ဒေသမျိုးရင်းဖြစ်သော တိုက်လိပ် ၃ဝ ကို ညင်သာစွာ စေလွှတ်ခြင်း အစီအစဉ်ဖြင့် ယနေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) မှ သိရသည်။

ချင်းတွင်းမြစ်ထဲသို့ အပြီးမလွှတ်မီ မြစ်ကမ်းနံဘေးတွင် သီးခြားကာရံထားသော နေရာ၌ ညင်သာစွာစေလွှတ်ခြင်း (Soft Release) အစီအစဉ်ဖြင့် နှစ်လလွှတ်ထားမည် ဖြစ်ကြောင်း သိရသည်။

တိုက်လိပ်များ ထိန်းသိမ်း စောင့်ရှောက်ရေးကို သစ်တောဦးစီး ဌာနနှင့်အတူ သားငှက် ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)၊ လိပ်မျိုးဆက် ရှင်သန်ရေးအဖွဲ့ (TSA) တို့ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပြီး သဘာဝမြစ်ချောင်းထဲသို့ တိုက်လိပ်များ ပြန်လွှတ်ခြင်းကို ၂ဝဝ၇ ခုနှစ်တွင် ၁ဝ ကောင်၊ ၂ဝ၁၁ ခုနှစ်တွင် ခုနစ်ကောင်၊ ၂ဝ၁၃ ခုနှစ်တွင် အကောင် ၆ဝ နှင့် ၂ဝ၁၈ ခုနှစ်တွင် နောက်ဆုံး အကြိမ်အကောင် ၃ဝ ပြန်လွှတ်ခြင်းဖြစ်ကြောင်း သိရသည်။

တခြားနိုင်ငံများ၌ မတွေ့ရဘဲ မြန်မာနိုင်ငံ၌သာရှိသည့် ဒေသရင်းမျိုးစိတ် တိုက်လိပ် ခေါ် လိပ်ခုံးမှာ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသောအဆင့် သတ်မှတ်ထားသည့် ရှားပါးလိပ်မျိုး ဖြစ်သဖြင့် ဝိုင်းဝန်းထိန်းသိမ်းကြရန် လိုအပ်သည်။

#Themyawadydaily

Monday, February 19, 2018

မြန်မာ့ဆင်များ ထိန်းသိမ်းရေး လုပ်ငန်းစီမံချက်ကို ၁ဝ နှစ်စီမံကိန်းဖြင့် ဆောင်ရွက်ရန်စီစဉ်



ရန်ကုန် ၁၉-၂-၂ဝ၁၈

တစ်နှစ်ထက်တစ်နှစ် မြန်မာ့တော ဆင်ရိုင်းကောင်ရေ လျော့နည်းလာမှုနှင့် ဆင်စားကျက် မြေဆုံးရှုံးခြင်းများ ကာကွယ်နိုင်ရေးအတွက် မြန်မာ့ဆင်များ ထိန်းသိမ်းရေး လုပ်ငန်းစီမံချက် (၂ဝ၁၈-၂ဝ၂၇) ကို ၁ဝ နှစ်စီမံကိန်းဖြင့် စတင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၌ တောဆင်ရိုင်းများ၏ နေထိုင်ရာဒေသများနှင့် ဆင်ကျက်စားရာ နယ်မြေများ ကျဉ်းမြောင်းလာခြင်း၊ ဆင်နှင့်လူ ပဋိပက္ခများဖြစ်ပွားမှု များလာခြင်း၊ တရားမဝင် အမဲလိုက်သတ်ဖြတ်မှုများနှင့် ဆင်၏ အစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်မှုများကြောင့် ဆင်ရိုင်းကောင်ရေများ သိသိသာသာ လျော့ကျလာကြောင်း သိရသည်။

မြန်မာ့ဆင်မျိုးစိတ်များ ရေရှည်ထိန်းသိမ်းနိုင်ရန် သိပ္ပံနည်းကျ သုတေသနပြု လေ့လာဆန်းစစ် ခြင်းတို့ကို အခြေခံကာ မြန်မာနိုင်ငံ၏ ပထမဆုံး ဆင်ထိန်းသိမ်းရေး စီမံချက်ကို ရေးဆွဲခဲ့ပြီး ၂ဝ၁၈ ခုနှစ်မှစ၍ ၂ဝ၂၇ ခုနှစ်အထိ ၁ဝ နှစ် စီမံကိန်းဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ယင်းစီမံချက်တွင် အဓိကဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သည့် တောဆင်ရိုင်းများနှင့် ၎င်းတို့ကျက်စားရာ နယ်မြေများကို ကာကွယ်ခြင်း၊ လူနှင့်ဆင် ပဋိပက္ခဖြေရှင်းခြင်း၊ ဆင်နှင့် ဆင်အစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်မှုကို တားဆီးအရေးယူခြင်း၊ အိမ်မွေးဆင်များကို စီမံခန့်ခွဲခြင်း တို့ပါဝင်ကြောင်း သိရသည်။

#Themyawadydaily

Friday, February 16, 2018

တောဆင်ရိုင်း အကောင်ရေများ လျော့နည်းလာမှုကို ကာကွယ်ထိန်းသိမ်းရန်အတွက် ၁ဝ နှစ်စီမံချက်ဖြင့် ဆောင်ရွက်သွားမည်



နေပြည်တော် ၁၆-၂-၂ဝ၁၈

မြန်မာ့ တောဆင်ရိုင်းကောင်ရေမှာ အကြောင်းအမျိုးမျိုးကြောင့် တစ်နှစ်ထက်တစ်နှစ် လျော့နည်း လာနေသည်ဖြစ်၍ ၎င်းလျော့နည်းမှုနှင့် ဆင်စားကျက် မြေများဆုံးရှုံးခြင်းများ ကိုကာကွယ်ဖြေရှင်းနိုင်ရန် အတွက် ယခုနှစ်မှစ၍ မြန်မာ့ဆင်များ ထိန်းသိမ်းရေးလုပ်ငန်း စီမံချက် (၂ဝ၁၈-၂ဝ၂၇) ကို စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာနမှ သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများ၏ မူရင်းဒေသများနှင့် ဆင်ကျက်စား ရာနယ်မြေများ ကျဉ်းမြောင်းလာခြင်း၊ ဆင်နှင့်လူ ပဋိပက္ခများ ဖြစ်ပွားမှုများလာခြင်း၊ တရားမဝင် အမဲလိုက်သတ်ဖြတ်မှုများနှင့် ဆင်၏ အစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်မှုများကြောင့် ဆင်ရိုင်းကောင်ရေများ သိသိသာသာ လျော့ကျလာကြောင်း၊ ၎င်းဖြစ်စဉ်များ အများဆုံးဖြစ်ပွားသည့် နေရာများမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ရိုးမတို့တွင် အများဆုံး ဖြစ်ပွားကြောင်း၊ ထို့ကြောင့် ရှိရင်းစွဲ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး လုပ်ငန်းစီမံချက်ကို ခေတ်စနစ် လိုအပ်ချက်အရ ပြန်လည်ဆန်းစစ်ပြီး အားနည်းချက်များ၊ လိုအပ်ချက်များကို သုံးသပ်ဖော်
ထုတ်၍ မြန်မာ့ဆင်မျိုးစိတ်များ ရေရှည်ထိန်းသိမ်းနိုင်ရန် သိပ္ပံနည်းကျသုတေသန လေ့လာဆန်းစစ်ခြင်း တို့ကိုအခြေခံကာ မြန်မာနိုင်ငံ၏ ပထမဆုံးဆင် ထိန်းသိမ်းရေးစီမံ ချက်ကိုရေးဆွဲခဲ့ပြီး ယခု ၂ဝ၁၈ ခုနှစ်မှစ၍ ၂ဝ၂၇ခုနှစ်ထိ ၁ဝ နှစ် စီမံကိန်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါ စီမံချက်တွင် အဓိက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် လေးရပ်ဖြစ်သည့် တောဆင်ရိုင်းများနှင့် ၎င်းတို့ ကျက်စားရာ နယ်မြေများကို ကာကွယ်ခြင်း၊ လူနှင့်ဆင် ပဋိပက္ခဖြေရှင်းခြင်း၊ ဆင်နှင့် ဆင်အစိတ်အပိုင်းများ တရားမဝင်ရောင်းဝယ်မှုကို တားဆီးအရေးယူခြင်း၊ အိမ်မွေးဆင်များကို စီမံခန့်ခွဲခြင်းတို့ဖြစ်ပြီး မြန်မာ့ဆင်များ ထိန်းသိမ်းရေး လုပ်ငန်းစီမံချက် (၂ဝ၁၈-၂ဝ၂၇) သည် မြန်မာနိုင်ငံတွင် ပထမဆုံးစီမံချက် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Monday, February 5, 2018

မြစ်တွေးငှက်မျိုးစိတ် သားပေါက်ရာသီတွင် အသိုက်များ မပျက်စီးစေရန် ထိန်းသိမ်းစောင့်ရှောက် လျက်ရှိ



ရန်ကုန် ၅-၂-၂ဝ၁၈

ပြည်တွင်း၌ သာမက ကမ္ဘာတွင်လည်း ရှားပါးလာသည့် မြစ်တွေး (River Tern) ငှက်မျိုးစိတ်များကို ချင်းတွင်းမြစ် အထက်ပိုင်း၌ သစ်တောဦးစီးဌာန သားငှက် ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) နှင့် ဒေသခံများ ပူးပေါင်း၍ သားပေါက်ရာသီတွင် အသိုက်များ မပျက်စီးစေရန် ထိန်းသိမ်းစောင့်ရှောက် လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ မြစ်တွေးငှက်မျိုးစိတ်များ ကျက်စားရာ ဒေသဖြစ်သော ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် နှစ်ခုပေါင်းတွင် အနည်းဆုံး အကောင်ရေ ၁ဝဝ ကျော်သာ ကျန်ရှိတော့ပြီး မြစ်တွေးငှက် ဒေသအခေါ် စင်ရော်ငှက်သည် ချင်းတွင်းမြစ်၌ အဓိကနေထိုင် ကျက်စားလျက်ရှိပြီး အထူးသဖြင့် ခန္တီးနှင့် ဟုမ္မလင်းကြား၌ အကောင်ရေအများဆုံး နေထိုင်ကျက်စား လျက်ရှိကြောင်း၊ ၂ဝ၁၇ ခုနှစ် သုတေသန ပြုလုပ်ချက်အရ ငှက်သိုက် ၄၁ သိုက်ကို ထိန်းသိမ်း စောင့်ရှောက်ထားနိုင်ခဲ့ပြီး သားပေါက်ရာသီအပြီးတွင် မျိုးပွားမှု ၄ဝ ရာခိုင်နှုန်းခန့် အောင်မြင်ခဲ့ကာ ခန္တီးနှင့် ဟုမ္မလင်းကြားသည် မိတ်လိုက်မျိုးပွား ရာဒေသနှင့် သားပေါက်၊ အသိုက်ဆောက်ရာ အကောင်းဆုံး နေရင်းဒေသများ လည်းဖြစ်သည်။

ယခုနှစ်တွင် မြစ်တွေးငှက်များ သားပေါက်ရာသီမှစ၍ အသိုက် ၁၁ သိုက်ကို တွေ့ရှိပြီး ထိန်းသိမ်းစောင့်ရှောက် ထားကာထပ်မံ စာရင်းကောက်ယူ နေဆဲဖြစ်ကြောင်း၊ ယင်းဒေသ၌ ၂ဝ၁၇ ခုနှစ်မှစ၍ အသိုက် ဆောက်လုပ်သော ရာသီတွင် အသိုက်နှင့် ဥများမပျက်စီးစေရန်၊ အကောင်ပေါက်များ မသေစေရန်၊ လူနှင့်တိရစ္ဆာန်များ၏ အနှောင့်အယှက် ဘေးအန္တရာယ် မခံရစေရန်နှင့် အကောင်အရေအတွက် တိုးပွားလာစေရန် ပူးပေါင်းဆောင်ရွက် နေကြောင်း သိရသည်။

ယခုအခါ မြစ်တွေးငှက်များ၏ သားပေါက်ချိန်ရာသီ ရောက်လာပြီဖြစ်၍ အရေးပါသော သဲသောင်ခုံများ၊ ကျွန်းများ၌ သတိပေး တားမြစ်ချက်များ၊ မေတ္တာရပ်ခံချက် ဆိုင်းဘုတ်များ စိုက်ထူထားပြီးဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Monday, January 29, 2018

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းဖမ်းဆီးရမိသည့် မွန်ဂိုလီးယားနိုင်ငံမှ Solar ပြားအဖြူရောင် စက်တပ်ဆင်ထားသည့် လင်းယုန်ငှက်ကို ရက်ကန်းစင်တောင်မှ တစ်ဆင့် ပြန်လည်လွှတ်ပေးခဲ့



မန္တလေး ၂၉-၁-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းဖမ်းဆီးရမိသည့် မွန်ဂိုလီးယားနိုင်ငံမှ Solar ပြားအဖြူရောင်ပါ စက်တပ်ဆင်ထားသည့် လင်းယုန်ငှက်ကို ယနေ့ နံနက် ၁ဝ နာရီခန့်က ရတနာပုံတိရစ္ဆာန် ဥယျာဉ်အုပ်ချုပ် ရေးမှူးဦးဆောင်၍ တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် တိရစ္ဆာန်ထိန်းသိမ်း ကြီးကြပ်ရေးအဖွဲ့က မတ္တရာမြို့အလွန် ရက်ကန်းစင်တောင်မှ တစ်ဆင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း အဆိုပါတိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းအောင်က ပြောပြသည်။

မွန်ဂိုလီးယားနိုင်ငံမှ စက်တပ်ဆင်ထားသည့် ဆောင်းခိုငှက် အမျိုးအစားဖြစ်သည့် လင်းယုန်ငှက်ကို ၂ဝ၁၇ခုနှစ် ဒီဇင်ဘာ ၆ရက်က မင်းကင်းမြို့နယ် သာစည်ရွာ၏ ကောက်ရိုးပုံပေါ်တွင် နားနေသည့် အဆိုပါ လင်းယုန်ငှက်ကို ရွာသားတစ်ဦးက အရှင်ဖမ်းဆီးရမိခဲ့ပြီး ထူးခြားချက်အနေဖြင့် ၎င်းငှက်တွင် Solar system (နေရောင်ခြည်စွမ်းအင်သုံး) Wildlife Tracking Device (Radio Transmitter) တောရိုင်းတိရစ္ဆာန် လေ့လာစောင့်ကြည့်ရေး ကိရိယာ တစ်မျိုးတပ်ဆင်၍ သိပ္ပံနည်းကျ စမ်းသပ်လေ့လာမှုများ ပြုလုပ်ရန် အထူးဆောင်ရွက်ထားသော ကိရိယာ တစ်မျိုးတပ်ဆင်ထားကြောင်း သိရသည်။

၎င်းကိရိယာသည် ယခုလက်ရှိ အချိန်ထိ အသက်ဝင်နေဆဲဖြစ်၍ Serial Noများ၊ Bar Code များ၊ ခြေထောက်တွင် တပ်ဆင်ထားသော ID Ring များပါရှိကြောင်း၊ အဆိုပါလင်းယုန်ငှက်ကို ဖမ်းဆီးရမိခဲ့စဉ်က ဒဏ်ရာရရှိခဲ့သည့် အတွက် ၂ဝ၁၇ခုနှစ်၊ ဒီဇင်ဘာ ၉ရက်က မင်းကင်းသစ်တောဦးစီးဌာနမှ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်သို့ လွှဲပြောင်းပေးခဲ့ပြီး ဒဏ်ရာများကို တိရစ္ဆာန်ဆေး ကုဆရာဝန်များက ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးခဲ့ ကြောင်းသိရ သည်။

လင်းယုန်ငှက်သည် အလေးချိန် တစ်ပိဿာ ၅ဝ ကျပ်သားခန့်၊ အမြင့်တစ်ပေ ခြောက်လက်မ၊ ဝဲဘက်ခြေထောက် ခြေကျင်းဝတ်၌ ORNITH.LAB / BIOL/MONGOLIA 272 ပါရှိသည့် အမျိုးအမည်မသိ သတ္တုခြေကွင်း တပ်ဆင်ထားပြီး ခန္ဓာကိုယ်ကို ခရမ်းရောင်ဖဲကြိုးဖြင့် စည်းနှောင်ထားကြောင်း၊ မျက်နှာပြင်၌လည်း mwb 1605 ၊နောက်ကျော၌ WT200/Dimension 45×81822/Weight Approx. 72Case Material စသည့်စာတန်း
များပါရှိသည့် အလျား သုံးပေ၊အနံ ၁ ဒသမ ၅ ပေ၊ အထူ သုညဒသမ ၅ ပေအရွယ်ရှိ ဆိုလာပြားအဖြူရောင် အမျိုးအမည်မသိ ကိရိယာတစ်ခုကို တပ်ဆင်ထားကြောင်း သိရသည်။

#Yadanarpondaily

Thursday, January 25, 2018

မြန်မာ့တိုက်လိပ်ကို မျိုးသုဉ်းမည့် အန္တရာယ်မှ ကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန်များ စာရင်းတွင် ထည့်သွင်းထား



နေပြည်တော် ၂၅-၁-၂ဝ၁၈

မြန်မာ့တိုက်လိပ်ကို မျိုးသုဉ်းမည့် အန္တရာယ်မှ ကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန်များ စာရင်းတွင်ထည့်သွင်း ထားကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန (နေပြည်တော်) ၏ ကောက်နုတ်ချက်များအရ သိရသည်။

မြန်မာ့တိုက်လိပ်သည် ရေချိုလိပ်မျိုးဖြစ်ပြီး အသီးအရွက်ကို အဓိကထားစားကြောင်း၊ ၎င်းတို့ကို ဧရာဝတီမြစ်၊ သံလွင်မြစ်၊စစ်တောင်းမြစ်၊ ရွှေလီမြစ်၊ ချင်းတွင်းမြစ်နှင့် ဒုဋ္ဌဝတီမြစ်တို့တွင် တွေ့ရှိနိုင်သော်လည်း ကွင်းဆင်း လေ့လာမှုများ အရ ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့နယ်တစ်ဝိုက်တွင် အများဆုံးတွေ့ရှိရကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က မြန်မာ့တိုက်လိပ်ကို မျိုးသုဉ်းရန် အန္တရာယ်ရှိသော မျိုးစိတ်တစ်မျိုးအဖြစ် ထိန်းသိမ်းကာကွယ်ရန် အဆင့်သတ်မှတ်ထားရှိပြီး မြန်မာ့တိုက်လိပ်ကို မျိုးသုဉ်းမည့်အန္တရာယ်မှ ကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန် များစာရင်းတွင် ထည့်သွင်းထားကြောင်း သိရသည်။

မြန်မာ့တိုက်လိပ်များသည် လူတို့၏ပယောဂကြောင့် ၎င်းတို့ပေါက်ဖွားရှင်သန်ရာ နေရင်းဒေသများ ပျက်စီးခြင်း၊ အစားအစာနှင့် ရောင်းချရန်အတွက် သတ်ဖြတ်ခံရခြင်း၊ လိပ်ဥများကို လွန်ကဲစွာရှာဖွေ စုဆောင်း၍ စားသောက်ခြင်း၊ ရောင်းချခြင်းတို့ကြောင့် မျိုးသုဉ်းလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ထိုသို့သော အခြေအနေမှ အမြန်ဆုံး ကြိုတင်ကာကွယ်နိုင်ရန် အတွက် သစ်တောဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့ ပူးပေါင်း၍ ချင်းတွင်းမြစ် အထက်ပိုင်း လင်းဖားကျေးရွာအနီးတွင် မြန်မာ့တိုက်လိပ်များကို သဘာဝနည်းအတိုင်း သားပေါက်ခြင်း၊ ထိန်းသိမ်းမွေးမြူ စောင့်ရှောက်ခြင်း လုပ်ငန်းများဆောင်ရွက် နေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန(နေပြည်တော်) ၏ ကောက်နုတ်ချက်များအရ သိရသည်။

#Yadanarpondaily

Tuesday, December 26, 2017

ဆင်စွယ်ရောင်းဝယ်မှုကို ပိတ်ပင်ခဲ့သော်လည်း အမဲလိုက်သတ်ဖြတ်ခြင်း များကြောင့် ကမ္ဘာပေါ်တွင် ဆင်ကောင်ရေနှင့် ဆင်ကျက်စားရာဒေသများ လျော့နည်းလာ



နေပြည်တော် ၂၆-၁၂-၂၀၁၇

ဆင်စွယ်များ ရောင်းဝယ်မှုကို နိုင်ငံတကာက ပိတ်ပင်ခဲ့သော်လည်း အမဲလိုက်သတ်ဖြတ်ခြင်းများ ရှိနေသောကြောင့် ကမ္ဘာပေါ်တွင် ဆင်ကောင်ရေများ လျော့နည်းလာပြီး ဆင်များကျက်စား ရာနေရင်း ဒေသများလည်း လျော့နည်းလာကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန (နေပြည်တော်) ၏ ကောက်နုတ်ချက်များအရ သိရသည်။

ဆင်သည် ကမ္ဘာပေါ်ရှိ ကုန်းနေနို့တိုက် သတ္တဝါများတွင် အကြီးမားဆုံးဖြစ်ပြီး အာရှဆင်နှင့် အာဖရိကဆင်ဟူ၍ နှစ်မျိုးခွဲခြား နိုင်ကြောင်း၊ ၁၉ ရာစုအတွင်း ဆင်စွယ်ရောင်းဝယ် ဖောက်ကားမှု များပြားခဲ့သောကြောင့် ဆင်ကောင်ရေ သိသာစွာ လျော့နည်း လာခဲ့ကြောင်း၊ ဆင်စွယ်ရောင်းဝယ်မှုကို နိုင်ငံတကာက ပိတ်ပင်ခဲ့သော်လည်း အမဲလိုက်သတ်ဖြတ်ခြင်းနှင့် ဆင်များ ကျက်စားရာနေရင်းဒေသများ လျော့နည်းလာမှုတို့ကြောင့်
ဆင်များကို သဘာဝတောများအတွင်း တွေ့ရှိရမှု နည်းပါးလာခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဆင်စွယ် ရောင်းဝယ်မှုများသည် ပိုမိုတွင်ကျယ်စွာ ရောင်းဝယ်ဖောက်ကားမှုများ ရှိနေခြင်းကြောင့် ဆင်များသေကျေပျက်စီးခြင်းနှင့် ဆုံးရှုံးခြင်းများ ဖြစ်ပေါ်နေကြောင်း၊ ယခုလက်ရှိအချိန်တွင် ဆင်များကို သတ်ဖြတ်မှုများနှင့် မှောင်ခိုလမ်းများမှ ရောင်းဝယ်မှု များရှိနေခြင်းတို့ကြောင့် ဆင်စွယ်ရောင်းဝယ်မှုများကို ဥပဒေတစ်ရပ်အဖြစ် ထုတ်ပြန်ပြီး ပြင်းထန်စွာအရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။

ထိုကိုယ်ထည်ကြီးမားသော စွမ်းအားရှင် ဆင်များအတွက် အစားအစာ ပေါများစွာလိုအပ်ပြီး ရှင်သန်ရပ်တည်ရန်နှင့် လွတ်လပ်စွာ လှုပ်ရှားသွားလာရန်အတွက် ကျယ်ဝန်းသောနေရာရှိရန် လိုအပ်ကြောင်း၊ ဆင်များသည်အုပ်စုငယ် အဖြစ်တစ်မျိုး၊ အုပ်စုကြီးအဖြစ် တစ်သွယ်စုဖွဲ့နေထိုင်သော အလေ့အထရှိပြီး တစ်ရက်အတွင်း၌ပင် ကီလိုဂရမ် ရာပေါင်းများစွာသော အပင်အစိတ်အပိုင်းများကို စားသောက်နိုင်စွမ်း ရှိကြကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန (နေပြည်တော်) ၏ ကောက်နုတ်ချက်များအရ သိရသည်။

#Yadanarpondaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger