www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ကျေးလက်ဒေသဖွံ့ဖြိုးရေး. Show all posts
Showing posts with label ကျေးလက်ဒေသဖွံ့ဖြိုးရေး. Show all posts

Tuesday, October 30, 2018

ကျေးလက် ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကျင်းပ

ကျေးလက် ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကျင်းပ

မိုင်းပျဉ်း အောက်တိုဘာ ၂၉
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် ဝမ်ဖြစ်ကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းက ကျေးလက် ကွန်ကရစ် လမ်းသစ် ဖွင့်ပွဲ ကျင်းပသည်။
-
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်၊  မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန   ဦးစီးမှူး ဦးစိုင်းအောင်မျိုးထက်နှင့်   ကျေးရွာအုပ်ချုပ် ရေးမှူး ဦးကာဝိတို့ နှင့်အတူ ကွန်ကရစ်လမ်း သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ လမ်းသစ်ကို  ကြည့်ရှုစစ်ဆေးကြသည်။ ထို့နောက်  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုင်းအောင်မျိုးထက်က ကွန်ကရစ်လမ်း သစ်ဖွင့်လှစ်ပေး ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
-
အဆိုပါလမ်းသစ်ကို မိုင်းပျဉ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာနှစ်   ခြောက် လ ဘတ်ဂျက်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့်  အကောင်အထည်ဖော်   ဆောင်ရွက်ခြင်း ဖြစ်ပြီး လမ်းအရှည်ပေ ၇ဝဝ၊   အကျယ်  ၁၁ ပေ၊  ထုခြောက်လက်မရှိကြောင်း သိရသည်။
-
နေလင်း(ညောင်လေးပင်)
#မြ၀တီနေ့စဉ်သတင်းစာ

Friday, October 26, 2018

ဝမ်ကန်ကျေးရွာ၌ အိမ်တိုင်ရာရောက် ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်ပြီးစီး


မယ်စဲ့ အောက်တိုဘာ ၂၅
ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဝမ်ကန်ကျေးရွာ၌ အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပေး လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ပြီးစီးပြီး ရေရရှိသဖြင့် ကျေးရွာပြည်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
-
''အရင်တုန်းက ကျေးရွာမှာရှိတဲ့ လက်တူးတွင်းရေကိုသာ အားထားအသုံးပြုရပြီး နွေရာသီရေခန်းခြောက်တဲ့အချိန်ဆိုရင် ရေအနည်းငယ်ရှားပါတယ်။ အခုတော့ အိမ်တိုင်ရာရောက်ရေရရှိပြီး ရာသီမရွေးလည်း ရေရတဲ့အတွက် အလွန်အဆင်ပြေတယ်''ဟု ဝမ်ကန်ကျေးရွာနေ ပြည်သူတစ်ဦး ကပြောသည်။
-
ဝမ်ကန်ကျေးရွာသည် အိမ်ခြေ ၇၈ အိမ်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၉ ဒသမ ၅၂၅ သန်းဖြင့် ကျေးရွာအရှေ့ဘက် ဟွေစလွက်ချောင်းရှိ စိမ့်စမ်းရေမှ ကျေးရွာအရောက် ၂ လက်မ PVC ပိုက် အရှည် ပေ ၁၅၈၄ဝ သွယ်တန်း ပေးခဲ့သည်။
-
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ပထမခြောက်လတွင် ကျေးလက်ဦးစီးဌာန မူလခွင့်ပြုရန်ပုံ ငွေကျပ် ၆ ဒသမ ၇၂သန်းဖြင့်၂ လက်မ PVC ပိုက် အရှည်ပေ ၅ဝဝဝ နှင့်အတူ အိမ်တိုင်ရာ ရောက်ရေပေးဝေရေးလုပ်ငန်းကို စီစဉ်
ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီး ခဲ့ပြီဖြစ်ကာ ရေမီတာအလုံး ၃ဝ တပ်ဆင်ပြီး တစ်ယူနစ် ၂ဝဝ ကျပ် ကောက်ခံလျက်ရှိကြောင်း သိရသည်။
-
''ရေမီတာနဲ့ ရေပေးရေးစနစ် မှန်ကန် စေဖို့နဲ့ အလေအလွင့်နည်းပါးပြီး စည်းကမ်းတကျ ထိန်းသိန်းတတ်စေဖို့ ရည်ရွယ်ပြီး ကျေးလက်ဦးစီးဌာနနဲ့ ပြည်သူတို့ ပူးတွဲဆောင်ရွက်ထားတဲ့ စနစ်ဖြစ်ပါတယ်။ လုပ်ငန်းဆောင်ရွက်ရာမှာလည်း ရာသီမရွေး စိမ့်စမ်းရေရရှိတဲ့ ကျေးရွာဖြစ်ဖို့လိုအပ်တယ်။
-
ကျေးရွာရေပေးရေး ကော်မတီဖွဲ့စည်းပြီး လည်ပတ်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်တယ်။ လိုအပ်တဲ့နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေကို ဌာနမှတစ်ပါတည်းပို့ချပေးပြီး ကျေးရွာကို စနစ်တကျလွှဲပြောင်းပေးအပ်ပါ
တယ်'' ဟု မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
-
ဝတ်ရည်
#မြ၀တီနေ့စဉ်သတင်းစာ

နန်းဖဲကျေးရွာရှိ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများစစ်ဆေး


ဘောလခဲ အောက်တိုဘာ ၂၅
-
ကယားပြည်နယ် ဘောလခဲခရိုင် ဘောလခဲမြို့ နန်းဖဲကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ဘောလခဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး
တိုးတက်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများသည် ယနေ့နံနက် ၁ဝ နာရီတွင် ကွင်းဆင်း စစ်ဆေးကြကြောင်း သိရသည်။
-
အဆိုပါ နန်းဖဲကျေးရွာရှိ မြစိမ်းရောင် စီမံကိန်းငွေဖြင့် ချေးယူဆောင်ရွက်နေသူ ဒေါ်စောကပေါ်ထူးက ဝက်မွေးမြူရေး၊ ကုန်မျိုးစုံရောင်းဝယ်ရေးအပြင် ယခုအချိန်တွင် ဆောင်းသီးနှံဖြစ်သည့် ပြောင်း၊
ပြောင်းကောက်၊ နေကြာများ စိုက်ပျိုးလျက်ရှိကြောင်း ပြောကြားသည်။
-
ဘောလခဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နန်းဖဲကျေးရွာအား စတုတ္ထအကြိမ် မြစိမ်းရောင် ကျေးရွာစီမံကိန်းရင်းနှီးမတည် ချေးငွေကျပ် ၃၈၄ဝဝဝဝဝ ကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ
၁ဝ ရက်က ထုတ်ချေးခဲ့ပြီး ယခုအခါ အရင်း အတိုးရငွေ စုစုပေါင်း ငွေကျပ် ၄၂၆၄၂ဝဝဝ ကို ပေးသွင်းပြီးဖြစ်ကြောင်း သိရသည်။
(၄ဝ၅)

Friday, October 12, 2018

ဒုတိယသမ္မတ ဦးမြင့်ဆွေ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဝင်္ဂဘော် ဆင်စခန်းနှင့် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတို့အား လှည့်လည်ကြည့်ရှု

ဒုတိယသမ္မတ ဦးမြင့်ဆွေ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဝင်္ဂဘော် ဆင်စခန်းနှင့် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတို့အား လှည့်လည်ကြည့်ရှု

ပဲခူး  အောက်တိုဘာ  ၁၁
-
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီးရှိ ဝင်္ဂဘော် ဆင်စခန်းနှင့်  မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတို့တွင် သဘာဝအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း စောင့်ရှောက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုသည်။
-
ရှေးဦးစွာ ဒုတိယသမ္မတသည် ပဲခူးဒေသ ဆင်ထိန်းသိမ်းရေး အခြေပြုခရီးသွား လုပ်ငန်း ဆောင်ရွက်နေသည့် ဝင်္ဂဘော်ဆင်စခန်းသို့ ရောက်ရှိရာ    တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး စခန်းရှင်းလင်းဆောင်၌ မြန်မာ့သစ်လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက စခန်းဖွင့်လှစ်ခဲ့မှု၊ ဆင်များအား ထိန်းသိမ်းထားမှုနှင့် စခန်းသို့ ခရီးသွားဧည့်သည်များ ဝင်ရောက်မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များကို ဖြည့်စွက် ရှင်းလင်းတင်ပြသည်။
-
တင်ပြချက်များအပေါ် ဒုတိယသမ္မတ ဦးမြင့်ဆွေက ''ကမ္ဘာတည်သရွေ့ မြန်မာ့ဆင် ရတနာများ တည်ရှိနေရမည်'' ဟူသည့် ဆင်စခန်းများ၏ ဆောင်ပုဒ်အတိုင်း ဒေသတွင်းရှိဆင်ကောင်ရေကို လျော့ကျမသွားအောင်နှင့် တိုးတက်လာအောင် အလေးထားထိန်းသိမ်း စောင့်ရှောက်သွားရန် လိုအပ်ကြောင်း၊ တောရိုင်းဆင်များ ဖမ်းဆီး သတ်ဖြတ်ခံရမှု မရှိစေရေးအတွက် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာ   အာဏာပိုင် အဖွဲ့အစည်းများ ပူးပေါင်း၍  ထိထိရောက်ရောက် ဖမ်းဆီး အရေးယူသွားရန် လိုအပ်ကြောင်း ပြောကြားသည်။
-
ထို့နောက် စခန်းအတွင်း ထိန်းသိမ်းစောင့်ရှောက်ထားသည့် ဆင်များနှင့် ခရီးသွားများ အပန်းဖြေရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုသည်။
-
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံတကာရေဝပ်ဒေသ ထိန်းသိမ်းရေး အဖွဲ့အစည်း (Ramsar Convention)၏ အသိအမှတ်ပြု    မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသို့ ရောက်ရှိကြပြီး မိုးယွန်းကြီးအင်း ရေဝပ်ဒေသပညာပေး ပြခန်း၌ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း တွေ့ရှိရသော ရုပ်လုံးသွင်း ငှက်မျိုးစိတ်များနှင့် ကြာရှည်ခံဆေးရည် စိမ်ထားသည့်  မျိုးစိတ်နမူနာများအား လှည့်လည်ကြည့်ရှုရာ   တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။
-
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မိုးယွန်းကြီးအင်းအတွင်းရှိ ဆောင်းခိုငှက်များ လာရောက် ကျက်စားနေထိုင်သည့်  နေရာများကို လှည့်လည်ကြည့်ရှုသည်။
-
ယင်းနောက် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော   ရှင်းလင်းဆောင်သို့ ရောက်ရှိရာ မိုးယွန်းကြီးအင်း အုပ်ချုပ်ရေးမှူး ဒေါ်သင်းသင်းယုက  ဘေးမဲ့တောအတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းထားရှိမှု၊ ဆောင်းခိုငှက်များ လာရောက်ကျက်စားမှုနှင့် မိုးယွန်းကြီးအင်း   ရေရှည်တည်တံ့ရေး အတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
-
ထို့နောက် ရွှေပြည်အေး ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာမျိုးသက် က မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း သဘာဝအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြသည်။
-
တင်ပြချက်များအပေါ် ဒုတိယသမ္မတ ဦးမြင့်ဆွေက နိုင်ငံတကာရေဝပ်ဒေသ ထိန်းသိမ်းရေး အဖွဲ့အစည်း (Ramsar Convention))မှ မြန်မာနိုင်ငံတွင် ပထမဆုံး Ramsar Site အဖြစ် အသိအမှတ်ပြုခံရသည့် ယခုဒေသ၌ ဇီဝမျိုးစုံမျိုးကွဲများကို ပိုမိုထိန်းသိမ်း စောင့်ရှောက်သွားရန် လိုအပ်ကြောင်း၊ အလားတူ မြန်မာနိုင်ငံအတွင်းရှိ အခြားသော ရေဝပ်ဒေသများတွင်လည်း ယခုကဲ့သို့ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် အတွက် မိုးယွန်းကြီးအင်းသည် စံပြဘေးမဲ့တော တစ်ခုဖြစ်အောင် စနစ်တကျ စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိုးယွန်းကြီးအင်း အတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများကို  ထိန်းသိမ်းစောင့်ရှောက်ရာ၌ အင်းပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများ ပါဝင်လာနိုင်ရေးအတွက်   အသိပညာပေး လုပ်ငန်းများ၊ Vocational Training များနှင့် ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းတို့ကို ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
-
မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ပဲခူးခရိုင် ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်းတည်ရှိပြီး ဧရိယာစတုရန်းမိုင် ၄ဝ(၂၅၆ဝဝဝ ဧက)ကျယ်ဝန်း၍ ၁၉၈၈ ခုနှစ် ဧပြီ ၂၂ ရက်တွင် ''မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော'' အဖြစ် စတင် သတ်မှတ်ခဲ့သည်။
-
မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ရေပျော်ငှက်များနှင့် ဆောင်းခိုငှက် များ၏ ကျက်စားနယ်မြေများကို ကာကွယ်ရန်၊ ငှက်မျိုးစိတ်များနှင့် ပတ်သက်သည့် သုတေသန များကိုဆောင်ရွက်ရန်၊ ရေဝပ်ဒေသဂေဟစနစ် ဝန်ဆောင်မှုများကို ရေရှည်တည်တံ့စေရန်နှင့် အကျိုးရှိစွာ အသုံးပြုနိုင်ရန် ရည်ရွယ်ချက်များဖြင့် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။             
-
(သတင်းစဉ်)
#မြ၀တီနေ့စဉ်သတင်းစာ

Friday, October 5, 2018

စစ်တွေမြို့ပေါ် ၌ ဆိပ်ကမ်းတံတားတစ်ခုဆောက်လုပ်လျက်ရှိ


စစ်တွေ အောက်တိုဘာ ၎
-
ရခိုင်ပြည်နယ် စစ်တွေမြို့ မိဇံရပ်ကွက်၌ မြို့ပြဧရိယာ ဖော်ထုတ်ရေး စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကိုရီးယားကုမ္ပဏီ BXT က စီမံကိန်း ဆောင်ရွက် ရာတွင် လက်ခတ်လှေများဖြင့် ကုန်တင်ကုန်ချ လုပ်ငန်းလုပ်ကိုင်ကာ အသက် မွေးဝမ်း ကျောင်း ပြုလုပ်နေသည့် လှေသမားများ ဆိပ်ကမ်းကပ်ရန် နေရာအခက်အခဲ များဖြစ် ပေါ် နေခြင်းကြောင့် ဆိပ်ကမ်း တံတားတစ်ခု ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
-
''လှေအဖွဲ့တွေ ဆိပ်ကမ်းကပ်ဖို့ အဆင်ပြေအောင်လို့ ဆိပ်ကမ်းတံတားကို ဆောက်လုပ်ပေးမှာ ပါ။ အခု စဆောက်နေပါပြီ။ အလျားမီတာ ၃ဝ ရှိတဲ့ လှေ ၂၅ စင်း ကမ်းကပ် နိုင်တဲ့ ဆိပ်ခံ တံတားပုံစံလေး ဆောက်လုပ် ပေးမှာပါ''ဟု BXT ကုမ္ပဏီက ဆောက်လုပ် ရေးမန်နေဂျာ ဦးအောင်မျိုးသန့်က ပြောသည်။
-
အဆိုပါ BXT ကိုရီးယားကုမ္ပဏီသည် စစ်တွေမြို့ မိဇံရပ်ကွက်၌ မြို့ပြဧရိယာ ဖော်ထုတ်ရေး စီမံကိန်းကို အကောင်အထည် ဖော်နေသည့် ကုမ္ပဏီတစ်ခြုဖစ်ပြီး လှေသမားများ အခက်အခဲ ဖြစ်ပေါ်နေသောကြောင့် ဆိပ်ကမ်းတံတားတစ်ခု ဆောက်လုပ်လှူဒါန်း ခြင်းဖြစ် ကြောင်း သိရ သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, July 9, 2018

ထန်းပင်များတွင် ပျားကောင်များ အုံဝဲနေမှုကြောင့် ရေစကြိုမြို့နယ် ထန်းတောင်သူများ လုပ်ငန်းခွင်နှောင့်နှေးကာ ထန်းလျက်အထွက်နှုန်းလျော့ကျ



ရေစကြို ၉-၇-၂ဝ၁၈

ရေစကြိုမြို့နယ်အတွင်း မိရိုးဖလာလုပ်ငန်း တစ်ခုဖြစ်သော ထန်းလုပ်ငန်းကို ယနေ့အချိန်ထိ ထန်းတောင်သူအနည်းစု လုပ်ကိုင်လျက်ရှိရာ ယခုအခါ အဆိုပါ တောင်သူများသည် ထန်းပင်များတွင် ပျားကောင်များ အုံဝဲနေမှုကြောင့် လုပ်ငန်းခွင်နှောင့်နှေးကာ ထန်းလျက် အထွက်နှုန်းများ လျော့ကျနေကြောင်း ရေစကြိုမြို့နယ် ထန်းတောင်သူများထံမှ သိရသည်။

ယခုအခါ ထန်းမရာသီ အချိန်ရောက်နေပြီး ဖြစ်သည့်အတွက် ထန်းတောင်သူများသည် ထန်းလျက် အထွက်နှုန်းများ တိုးတက်ရရှိအောင် စနစ်တကျလုပ်ကိုင် လျက်ရှိသော်လည်း ထန်းပင်မှ ထန်းမခိုင်များတွင် ပျားကောင်များ ရှိနေသဖြင့် ထန်းသမားများမှာ ထန်းတက်ရာတွင် လုပ်ငန်းနှောင့်နှေးမှု များဖြစ်ကာ ထန်းလျက်အထွက်နှုန်းများလည်း လျော့ကျလာကြောင်း သိရသည်။

"ထန်းလျက် အထွက်နှုန်း နည်းတယ်ဆိုတာ ထန်းရည်ချိုကို ပျားကောင်တွေက စုပ်ယူလို့မဟုတ်ပါဘူး။ ပျားကောင်တွေ အုံဝဲနေလို့ လုပ်ကိုင်နေရတဲ့ ထန်းသမားတွေက ပျားအန္တရာယ် ကြုံတွေ့နေရပြီး ထန်းမခိုင်ကို စနစ်တကျ မလှီးနိုင်တာကြောင့် ထန်းရည်ချို အထွက်နည်းပြီး ထန်းလျက်အထွက်နှုန်းလဲ လျော့နည်းရတာ ဖြစ်ပါတယ်"ဟု ရေစကြိုမြို့နယ် လက်ပန်ပင်ကျေးရွာမှ ထန်းတောင်သူ ဦးသန့်စင်က ပြောပြသည်။

ရေစကြိုမြို့နယ်ရှိ ထန်းတောင်သူများ အနေဖြင့် လယ်ယာလုပ်ငန်းနှင့် အခြား အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနေသည့်အတွက် ထန်းတောင်သူများ လျော့နည်းလျက် ရှိကြောင်း၊ ယခုအခါ ရေစကြိုမြို့နယ်အတွင်း ရေဝင်ပိုင်းဒေသရှိ ထန်းပင်များ ပျားကောင်များ၊ ပျားအုံများ စွဲကပ်နေပြီး ထန်းတောင်သူများ ပျားအန္တရာယ်နှင့် ကြုံတွေ့ကာ အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း၊ ထို့ကြောင့် ထန်းသမားများမှာထန်းကို စနစ်တကျလှီး၍မရသဖြင့် ထန်းလျက် အထွက်နှုန်းလည်း လျော့ကျနေရကြောင်း သိရသည်။

#Themyawadydaily

Monday, July 2, 2018

ရေစကြိုမြို့နယ်တွင် ရေမျောထင်းဆယ်ယူသူများ မိသားစုအပိုဝင်ငွေ ရရှိနေ



ရေစကြို ၂-၇-၂ဝ၁၈

မကွေးတိုင်းဒေသကြီး ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက် ကျေးရွာများမှ ရေမျောထင်း ဆယ်ယူသူများ မိသားစုအပိုဝင်ငွေ ရရှိနေကြောင်း ရေစကြိုမြို့နယ် ဗလဗကျေးရွာမှ ရေမျောထင်းဆယ်ယူသူ ဦးခိုင်စိုးက ပြောပြသည်။

အဆိုပါ မြစ်ကမ်းဘေး တစ်လျှောက်ရှိ ကျေးရွာအများစုသည် ကျွန်းမြေပေါ်ချိန်တွင် မြေနုကျွန်းများကိုသာ လုပ်ကိုင်စားသောက်ကြပြီး ဧရာဝတီမြစ်ရေ တက်ချိန်တွင် မြစ်ရေနှင့်အတူ မျောပါလာသည့် သစ်ပင်၊ သစ်တုံး၊ သစ်ကိုင်း ခြောက်၊ဝါးများကို စက်လှေရှိသူများ၊ လှေရှိသူများက လိုက်လံဆယ်ယူကြကြောင်း ရေစကြိုမြို့နယ် ဗလဗကျေးရွာမှ ဦးရဲမြင့်က ပြောပြသည်။

"ကျွန်တော်တို့ကတော့ မြစ်ရေနဲ့အတူ ပါလာတဲ့သစ်သား၊ သစ်တုံး၊ဝါးလုံးတွေ လိုက်လံဆယ်ယူ ရောင်းချပြီး မိသားစုဝင်ငွေ ရှာနေရတာပါ။ ရေတက်ချိန် ဝါဆို၊ ဝါခေါင်လတွေဆိုရင် အဆင်ပြေဆုံးပဲ။ တခြားအချိန်တွေက မြစ်ရေကျတော့ ထင်းခြောက်၊ ထင်းကိုင်းလောက်ပဲ မျောပါလာတတ်ပါတယ်" ဟု ရေမျောထင်း ဆယ်ယူရောင်းချ နေသည့် စက်လှေသမားတစ်ဦးက ပြောပြသည်။

မြစ်ကမ်းတစ်လျှောက် မြစ်ရေနှင့် မျောပါလာသည့် သစ်တုံး၊ သစ်သား၊ ထင်းခြောက်၊ ဝါးများကို စက်လှေများနှင့် လိုက်လံဆယ်ယူပြီး ပြန်လည်ရောင်းချ ကြရာတွင် ထော်လာဂျီတစ်စီးလျှင် ငွေကျပ် ၄ဝဝဝဝ ရောင်းချရကြောင်း စက်လှေဖြင့် မြစ်ကြောင်းတစ်လျှောက် ထင်းများ၊ ဝါးများ လိုက်လံဆယ်ယူ၍ ပြန်လည်ရောင်းချသည့် စက်လှေ ပိုင်ရှင်တစ်ဦးက ပြောပြသည်။

ရေစကြိုမြို့နယ် ဆင်မရဲ၊ လေးရာပြေးကျေးရွာ၊ ငါးမြာလေးကျေးရွာ၊ ငါးမြာကြီးကျေးရွာ၊ ဗလဗကျေးရွာ၊ ကွေ့ထောင့်ကျေးရွာ၊ ဇယမကျေးရွာတို့မှ ဒေသခံများသည် ရေတက်ချိန်များတွင် မြစ်ကမ်းဘေး တစ်လျှောက် သွားရောက် ကြကာထင်းခြောက်များ ကောက်ယူ သိုလှောင်ထားကြပြီး အချို့က မိသားစုအပိုဝင်ငွေအတွက် ပြန်လည်ရောင်းချ ကြကြောင်း ဗလဗကျေးရွာမှ ဒေါ်သန်းဌေးက ပြောပြ၍ သိရသည်။

#Themyawadydaily

Tuesday, May 29, 2018

ဆင်းရဲမှု လျှော့ချရေးအတွက် ပုပ္ပားဒေသရှိ ကျေးရွာပေါင်း ၅ဝ တွင် CFI တည်ထောင်မှု အောင်မြင်



ကျောက်ပန်းတောင်း ၂၉-၅-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်း မြို့နယ် ပုပ္ပားဒေသရှိ ကျေးရွာပေါင်း ၅ဝတွင် ဒေသခံပြည်သူ ဆင်းရဲမှုလျှော့ချရေး သစ်တောဦးစီးဌာနနှင့် ပုပ္ပားတောင်ချစ်သူများ အသင်းပူးပေါင်း၍ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော CFI တည်ထောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ရှိချိန်ထိ ဧကပေါင်း ၈ဝဝ ကျော်တည်ထောင် ပြီးအောင်မြင်မှု ရှိကြောင်း ပုပ္ပားတောင်ချစ်သူများ အသင်းထံမှ သိရသည်။

ပုပ္ပားတောင် ချစ်သူများအသင်း အနေဖြင့် ပုပ္ပားတောင်ဒေသ စိမ်းလန်းစိုပြည်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့ နိုင်ရေးအတွက် သစ်တောများ ထိန်းသိမ်းခြင်း၊ ပုပ္ပားဒေသရှိ ဒေသခံပြည်သူများအစုအဖွဲ့ပိုင် သစ်တောတည်ထောင် ခြင်းဖြင့် အကျိုးစီးပွား ဖြစ်ထွန်းစေရေးအတွက် အစုအဖွဲ့ ပိုင်သစ်တော တည်ထောင်ခြင်းဆိုင်ရာ အသိပညာပေးခြင်းများ ပြုလုပ်လျက်ရှိသည်။

"ကျွန်တော်တို့ ပုပ္ပားဒေသမှာ ရှိတဲ့ကျေးရွာနေ ဒေသခံပြည်သူတွေ ဆင်းရဲမှု လျှော့ချရေးအတွက် သစ်တောဦးစီးဌာနနဲ့ ပုပ္ပားတောင် ချစ်သူများအသင်း ပူးပေါင်းပြီး ပုပ္ပားဒေသမှာရှိတဲ့ ကျေးရွာပေါင်း ၅ဝမှာ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော မနှစ်ကဆိုရင် ဧက ၂ဝဝ လောက် ဖော်ဆောင် နိုင်ခဲ့ပါတယ်။ ဒီနှစ်တော့ ဧက ၆ဝဝ လောက်ရှိတယ်။ စုစုပေါင်း ဧက ၈ဝဝလောက် အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ပါတယ်"ဟု ပုပ္ပားတောင်ချစ်သူများအသင်းမှ အတွင်းရေးမှူး ဦးအောင်ဟိန်းက ပြောပြသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အနေဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုကို လျှော့ချရန် ရေရှည်တည်တံ့ စေသော သစ်တောထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ ကိုယ်တိုင် မိမိတို့ပတ်ဝန်းကျင် ရှိသစ်တောများကို စီမံအုပ်ချုပ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် တည်ငြိမ်မှုနှင့် ဂေဟစနစ်မျှတမှုကို ထိန်းသိမ်းနိုင်ရုံ သာမက ဝင်ငွေရရှိလာ စေပြီးလူနေမှု အဆင့်အတန်း မြင့်မားလာစေရန်တို့အတွက် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောများကို နှစ်စဉ်တိုးချဲ့ တည်ထောင်လျက် ရှိကြောင်း သိရသည်။

#Themyawadydaily

Wednesday, March 14, 2018

ငပလီကမ်းခြေ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သံတွဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်



စစ်တွေ ၁၄-၃-၂ဝ၁၈

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများသည် ယမန်နေ့ နံနက် ၈ နာရီက ငပလီကမ်းခြေ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သံတွဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ငပလီမြို့ မြပြင်ရပ်ကွက်အတွင်းရှိ ဟိုတယ်တည်ဆောက် မည့်မြေနှင့် ဟိုတယ်သွားလမ်း ဖောက်လုပ်မည့် နေရာအား သွားရောက်ကြည့်ရှုကြရာ သက်ဆိုင်ရာဌာနများမှ တာဝန် ရှိသူတို့က လိုက်လံရှင်းလင်း ပြသကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဟိုတယ်သွားလမ်း ဖောက်လုပ်ရာတွင် ဒေသခံပြည်သူများ၏ လယ်ယာမြေများ ပါဝင်နေသည့်အတွက် သက်ဆိုင်သူများနှင့် ညှိနှိုင်းပြီးမှ ဆောင်ရွက်ကြစေလို ကြောင်းပြော ကြားသည်။

ဆက်လက်၍ ငပလီကမ်းခြေ တစ်ဖက်ကမ်းရှိ ပုလဲကျွန်းသို့ သွားရောက်ပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်သည့် ကမ်းခြေတစ်ခု ဖြစ်ပေါ်လာရေး၊ ခရီးသွားဧည့်သည်များစိတ်အေးချမ်းသာစွာ အပန်းဖြေအနားယူ နိုင်ရေးအတွက် ဆောင်ရွက်နိုင်ရန် ကျွန်းအတွင်း လှည့်လည်ကြည့်ရှုပြီး ပုလဲကျွန်းဖွံ့ဖြိုး တိုးတက်သာယာလှပရေး ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရေး ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ထို့နောက် သံတွဲမြို့နယ် မောင်ရွှေလေး ကျေးရွာကမ်းခြေသို့ ရောက်ရှိပြီး ကမ်းခြေသာယာ လှပရေးနှင့် ကျေးရွာအတွင်းလမ်းနှင့် ရေနုတ်မြောင်းများ ကောင်းမွန်ရေး လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။ ဆက်လက်၍ မောင်ရွှေလေးကျေးရွာအတွင်း CORALS- Green & Blue ကုမ္ပဏီမှ ဆောက်လုပ် လှူဒါန်းထားသည့် လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် အင်္ဂလိပ်စကားပြော သင်တန်းကျောင်းတွင် ကျေးရွာအတွင်းမှ ကလေးငယ်များကို အင်္ဂလိပ်စကားပြော သင်တန်းဖွင့်လှစ် သင်ကြားနေမှုတို့အား လှည့်လည်ကြည့်ရှု အားပေးပြီး သင်တန်းကျောင်းတွင် ကျောက်ကလပ် ကျေးရွာအုပ်စုမှ ဒေသခံများနှင့် တွေ့ဆုံကြသည်။

ဆက်လက်၍ ကွင်းဝိုင်းတိုက်နယ် ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကာ ဆေးရုံတက်ရောက် ကုသနေကြသည့် လူနာများကို ထောက်ပံ့ငွေများ ပေးအပ်ပြီး ဆေးရုံအတွင်း ဓာတ်မှန်ခန်းသုံး ပစ္စည်းများ ရောက်ရှိနေမှု၊ ဓာတ်မှန်ခန်းအဖြစ် အသုံးပြုမည့်နေရာ တို့ကိုလှည့်လည် ကြည့်ရှုသည်။

မွန်းလွဲပိုင်းတွင် ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မှော်ရုံကျေးရွာ ကမ်းခြေ Royal Hotel ခန်းမ၌ ကျေးရွာဒေသခံ ပြည်သူများနှင့် လည်းကောင်း၊ ကျီးကန်းရဲကျေးရွာ ရွာလယ်မဏ္ဍပ်၌ ဒေသခံပြည်သူများနှင့် လည်းကောင်း၊မြာဝကျေးရွာ၌ ဒေသခံပြည်သူများနှင့် လည်းကောင်းတွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျီးကန်းရဲကျေးရွာ စာကြည့်တိုက် ဆောက်လုပ်ရန်အတွက် ထောက်ပံ့ငွေကျပ်သိန်း ၅ဝ ကို ပေးအပ်ခဲ့သည်။

သံတွဲမြို့နယ်နှင့် ငပလီကမ်းခြေမြို့တို့တွင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာသည်နှင့် အမျှ ဒေသခံလူငယ်များ အနေဖြင့် ဟိုတယ်နှင့် ဆက်စပ်သည့် လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာပြီး ဒေသခံပြည်သူများ အတွက်လည်း များစွာ အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Friday, March 9, 2018

အင်းလေးရေပေါ်ဈေးကို ယခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိ



ညောင်ရွှေ ၉-၃-၂ဝ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေ မြို့နယ်ရှိ အင်းလေး ရေပေါ်ဈေးကို ယခုနှစ်နိုဝင်ဘာလတွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောသည်။

''အင်းလေးမှာ ရေပေါ်ဈေး တည်ဆောက်ဖို့ တိုင်ပင်နေကြပါတယ်။ အခုတော့ ရေပေါ်ဈေး တည်ဆောက်နိုင်ဖို့ အရေးကြီးဆုံးဖြစ်တဲ့ နေရာဒေသကို ရွေးချယ်နေပါတယ်'' ဟုပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောသည်။

ရေပေါ်ဈေးဆောက်လုပ် နိုင်ရေးနှင့် စက်လှေတည်ဆောက် နိုင်ရေးအတွက် သစ်တောဦးစီးဌာနနှင့် ဆွေးနွေးညှိနှိုင်း၍ လိုအပ်သည့် သစ်များရရှိစေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အနေဖြင့် ခရီးသွားဧည့်သည်များ ဝင်ရောက်မှု တိုးတက်လာစေရန် ခရီးစဉ်သစ်များ ဖော်ထုတ်ခြင်းနှင့် ဈေးကွက်မြှင့်တင် ခြင်းများ ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာန၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ အင်းလေး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်ပိုမို ရရှိလာရေးနှင့် ဈေးကွက်မြှင့်တင်ဆောင်ရွက် နိုင်ရေးတို့အတွက် အင်းလေး ရေပေါ်ဈေးကို တည်ဆောက်ရန် စီစဉ်နေခြင်း ဖြစ်သည်။

''အခု ရေပေါ်ဈေးဆောက်ဖို့ စဆွေးနွေး နေပါပြီ။ ဒီကိစ္စကို တကယ်လုပ်မယ် ဆိုရင်နိုဝင်ဘာလ လောက်မှာ ပြီးစီးပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောသည်။

#Themyawadydaily

Thursday, February 22, 2018

မကွေးတိုင်း ဒေသကြီးအတွင်း ကျေးလက်ဒေသများ သောက်သုံးရေ လုံလောက်စွာရရှိရေး ဆောင်ရွက်လျက်ရှိ




မကွေး ၂၂-၂-၂ဝ၁၈

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသများ သောက်သုံးရေ လုံလောက်စွာ ရရှိရေးအတွက် လုပ်ငန်းပေါင်း ၂၄ဝကို လျာထား ဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီး မြို့နယ် ၂၅ မြို့နယ်ရှိ ကျေးရွာများ တွင်သောက်သုံးရေ လုံလောက်စွာ ရရှိရေးအတွက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် တွင်းတိမ်ခြောက်တွင်း၊ တွင်းနက် ၁၄ဝတွင်း၊ လက်တူးတွင်း ငါးတွင်း၊ မြေသားရေကန် ၃၂ကန်၊ စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်း ခုနစ်ခု၊ အခြားရေရရှိ ရေးလုပ်ငန်း ၅ဝ စုစုပေါင်းလုပ်ငန်း ၂၄ဝကို လျာထားဆောင်ရွက် လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဆွေက ပြောပြသည်။

ယခုဘဏ္ဍာနှစ်တွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် တွင်းနက် ၂၈ တွင်း၊ လက်တူးတွင်း ခြောက်တွင်း၊ မြေသားရေကန် ၁၉ကန်၊ စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်း နှစ်ခု၊ အခြားရေရရှိရေးလုပ်ငန်း ၄၅ခု စုစုပေါင်းလုပ်ငန်း ၁ဝဝတို့ကိုလည်းကောင်း၊ နိုင်ငံတော်ပံ့ပိုးရန်ပုံငွေဖြင့် တွင်းနက် ခုနစ်တွင်း၊ မြေသားရေကန်လေးကန်၊ အခြားရေရရှိရေး လုပ်ငန်းတစ်ခု စုစုပေါင်း လုပ်ငန်း ၁၂ခုကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် တွင်းနက် ၂၂တွင်းကိုလည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် UNICEF တို့ပူးပေါင်းပြီး အိမ်တိုင်ရာရောက် ရေမီတာစနစ်သုံး အနေဖြင့် ကျေးရွာပေါင်း ၃ဝ တွင်လည်းကောင်း သောက်သုံးရေ ရရှိရေး အကောင်အထည် ဖော်ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း ၎င်းကဆက်လက် ပြောပြသည်။

ကျေးလက်ဒေသများ သောက်သုံးရေ ရရှိရေးအတွက် နှစ်နှစ်တာကာလအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ငွေကျပ် ၂၇၂၃ ဒသမ ၇၅၃ သန်းထိ သုံးစွဲကာ ကျေးရွာများ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ဆောင်ရွက်ထားကြောင်း မကွေးတိုင်း ဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

#Yadanarpondaily

Friday, July 28, 2017

ညောင်ဦးမြို့နယ်ရှိ သောက်သုံးရေ ရှားပါးသည့် ကျေးရွာများသို့ သောက်သုံးရေများ လှူဒါန်း



ညောင်ဦး ၂၈-၇-၂၀၁၇

ပုဂံမြို့ ရတနာဘုံစံ တောရကျောင်း နာယကဆရာတော် ဦးသာဂရဦးစီး တည်ထောင်ထားသည့် ဖြူစင်မေတ္တာ ရေလှူတော်အသင်းမှ အဖွဲ့သားများနှင့် ပုဂံညောင်ဦးသို့ အလည်အပတ် ရောက်ရှိနေသည့် အမေရိကန်နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများက ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ သောက်သုံးရေ ရှားပါးသည့် ရွာသစ်တောင်ကျေးရွာ၊ ထန်းပေါက်ရုံ ကျေးရွာနှင့် သဲတွင်းကျေးရွာတို့သို့ ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ သောက်သုံးရေများ ဖြည့်တင်းလှူဒါန်း ပေးနိုင်ရေးအတွက် ဖြူစင်မေတ္တာ ရေလှူတော် အသင်းမှ အဖွဲ့သားများနှင့် ပုဂံညောင်ဦးသို့ အလည်အပတ် ရောက်ရှိနေသည့် အမေရိကန်နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများက ညောင်ဦးမြို့နယ် ရွာသစ်တောင် ကျေးရွာမှဒေသခံ ပြည်သူများအတွက် ရေဂါလန် ၁၅ဝဝ၊ ထန်းပေါက်ရုံ ကျေးရွာမှ ဒေသခံပြည်သူများ အတွက်ရေဂါလန် ၁၅ဝဝ နှင့် သဲတွင်းကျေးရွာမှ ဒေသခံပြည်သူများ အတွက်ရေဂါလန် ၁၅ဝဝ တို့ကို အိမ်ထောင်စုအလိုက် အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်း ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Friday, June 16, 2017

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်ငွေကျပ် ၇၆၃ဒသမ ၇၂၃သန်း အကုန်အကျခံ လုပ်ဆောင်ပေးမည်



မုံရွာ ၁၆-၆-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရန်ပုံငွေကျပ် ၇၆၃ဒသမ၇၂၃ သန်းအကုန်အကျခံ လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ မြေသားလမ်း၊ ကျောက်ခင်းလမ်း၊ ရုံးအဆောက်အအုံ၊ ကျေးလက်ရေပေးရေးနှင့် ဆိုလာမီးလင်းရေးတို့ ပါဝင်ကြောင်းခရမ်းချဉ်သီးကုန်ကြမ်းကို အဆင့်မြင့်ခရမ်းချဉ်သီးဆော့ချဉ်အဖြစ် ကုန်ချောထုတ်လုပ်နိုင်ပါက ဈေးကွက်ကမ်းလှမ်း သူများရှိနေ သိရသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီး ရန်ပုံငွေစုစုပေါင်းငွေကျပ် ၇၆၃ ဒသမ၇၂၃ သန်းဖြင့် ကျေးလက်ရေ ပေးဝေရေးလုပ်ငန်းအတွက် စိမ့်စမ်းရေ သွယ်လုပ်ငန်းတစ်ခု၊ ရုံးအဆောက်အအုံတစ်လုံး၊ အရှည် ၂၄မိုင် နှစ်ဖာလုံရှိ မြေသားလမ်း ငါးလမ်း၊ အရှည်သုံးဖာလုံရှိ ကျောက်ခင်းလမ်း တစ်လမ်းကိုလည်းကောင်း၊ ပြည်ထောင်စုသီးသန့် ရန်ပုံငွေဖြင့် ကျေးလက် မီးလင်းရေးအတွက် ကျေးရွာ၁ဝရွာသို့နေရောင်ခြည် စွမ်းအင်သုံးဆိုလာ ၉၁၂စုံကို တပ် ဆင်ပေးခြင်းလုပ်ငန်း ကိုလည်းကောင်း လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

Thursday, June 15, 2017

ကျေးလက်ဒေသ မီးလင်းရေးစီမံကိန်းနှင့် ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်) စီမံကိန်းတို့အတွက် သဘောတူစာချုပ် လက်မှတ်ရေးထိုး


ကျေးလက်ဒေသမီးလင်းရေး စီမံကိန်းနှင့် ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်) စီမံကိန်းတို့ အတွက်သဘောတူစာချုပ် လက်မှတ်ရေးထိုးစဉ်။

နေပြည်တော် ၁၅-၆-၂၀၁၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဂျာမနီဖွံ့ဖြိုးရေးဘဏ် (KFW) တို့ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်မည့်ကျေးလက်ဒေသ မီးလင်းရေးစီမံကိန်းနှင့် ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်) စီမံကိန်းတို့အတွက် ငွေရေးကြေးရေး သဘောတူညီချက်စာချုပ်၊ ချေးငွေသဘောတူညီချက် စာချုပ်နှင့် သီးခြားသဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ရုံးအမှတ် (၃၆) ၌ ကျင်းပသည်။

ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တို့က အမှာစကား ပြောကြား ကြသည်။

ထို့နောက် Federal Ministry for Economic Cooperation and Development(BMZ)မှ Parliamentary State Secretary, Mr.Thomas Silberhorn က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဂျာမနီဖွံ့ဖြိုးရေးဘဏ် (KfW)မှ Director of East Asia and Pacific, Dr. Christine Heimburger က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်၊ Dr. Christine Heimburger နှင့် Mr. Lorenz Gessner တို့က ငွေရေးကြေးရေး သဘောတူညီချက် စာချုပ်ကို လည်း ကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ Dr. Christine Heimburger နှင့် Mr. Lorenz Gessner  တို့က သီးခြား သဘောတူညီချက် စာချုပ်ကိုလည်းကောင်း၊ ငွေတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်းနှင့် Dr.Christine Heimburger နှင့် Mr. Lorenz Gessner တို့က ချေးငွေသဘောတူညီချက် စာချုပ်ကိုလည်းကောင်း၊ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်း နှင့် Dr. Christine Heimburger နှင့် Mr. Lorenz Gessner တို့က သီးခြားသဘောတူညီချက် စာချုပ်ကို လည်းကောင်း အသီးသီးလက်မှတ် ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

Monday, May 22, 2017

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်


တပ်မတော်သားများ နှင့်ဌာနဆိုင်ရာများ စုပေါင်း၍ စာသင်ကျောင်း၌ စုပေါင်းသန့်ရှင်းရေး
 ဆောင် ရွက်ပေးစဉ်။

နေပြည်တော် ၂၂-၅-၂၀၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၊ ကရသူရိမြို့ အခြေခံပညာ အထက်တန်းကျောင်း၊ ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာ အထက်တန်းကျောင်းနှင့် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ ဇဝဲကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ အောက်ကင်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းနှင့် ကမ္မလိုင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း တို့၌ မေ ၂ဝ ရက်တွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ ဘုတ်ပြင်းတပ်နယ်နှင့် တနင်္သာရီ တပ်နယ်တို့ရှိ တပ်မတော်သားများနှင့် ဌာနဆိုင်ရာများ စုပေါင်း၍ ကျောင်းများ၏ သန့်ရှင်းသာယာ လှပရေး အတွက် ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ စာသင်ခုံများ ပြုပြင်ပေးခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

Friday, May 12, 2017

ကျေးလက်ဒေသများတွင် စက်သုံးဆီအရောင်းဆိုင်ငယ်များကို မှတ်ပုံတင်ခွင့်ပြုပေး၍ တရားဝင်ရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိ



နေပြည်တော် ၁၂-၅-၂၀၁၇

ကျေးလက်ဒေသများတွင် ရောင်းချနေကြသည့် စက်သုံးဆီအရောင်း ဆိုင်ငယ်များကို မှတ်ပုံတင်ခွင့်ပြုပေး၍ တရားဝင်ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

ပုဂ္ဂလိကစက်သုံး ဆီအရောင်းဆိုင် များကို လုပ်ကိုင်ခွင့်ပြု ပေးခဲ့သဖြင့် မြို့ပြဒေသများတွင် ပုဂ္ဂလိကစက်သုံး ဆီအရောင်းဆိုင်များ တိုးတက်များပြား လာခဲ့သည်။ ယခုအခါ ကျေးလက်ဒေသ များတွင် မော်တော်ဆိုင်ကယ် စီးနင်းသွားလာမှု များလည်း တိုးတက်များ ပြားလာသည်။ ထို့ပြင် လယ်ယာလုပ်ငန်း များတွင်လယ်ယာသုံး စက်ကိရိယာအသုံး ပြုလုပ်ကိုင်မှုများလည်း တိုးတက်များပြား လာနေသကဲ့သို့ ကျေးလက်ဒေသ စီးပွားရေး လုပ်ငန်းများတွင်လည်း အင်ဂျင်စက်အသုံးပြု လုပ်ကိုင်မှုများ တိုးတက်များပြား လာခဲ့သည်။ 

ထို့ကြောင့် ကျေးလက် ဒေသများတွင် စက်သုံး ဆီသုံးစွဲမှုများ တိုးတက်များပြား လာနေသဖြင့် စက်သုံးဆီ အရောင်းဆိုင်များလည်း တိုးတက်များပြား လာနေခြင်း ဖြစ်သည်။ အဆိုပါ ကျေးလက်ဒေသများမှ စက်သုံးဆီ အရောင်းဆိုင်များမှာ တရားမဝင်ရောင်းချ နေကြခြင်းဖြစ် သဖြင့် အဆိုပါကျေးလက်ဒေသ များတွင် ရောင်းချနေကြသည့် စက်သုံးဆီအရောင်း ဆိုင်ငယ်များကို မှတ်ပုံတင်ခွင့်ပြုပေးကာ တရားဝင်ရောင်းချ နိုင်ရန် စီစဉ်ဆောင်ရွက်
လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

Friday, February 3, 2017

မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်လမ်းများကို အချိန်မရွေး သွားလာ၍ရသောလမ်းအဖြစ် ၂၀၃၀ ပြည့်နှစ်တွင် ၈၀ ရာခိုင်နှုန်း ပြီးမြောက်အောင် ဆောင်ရွက်မည်


မကွေး ၊ ၃-၂-၂၀၁၇

မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်လမ်း များကို အချိန်မရွေး သွားလာ၍ရသော လမ်းများဖြစ်ရန် ၂ဝ၃ဝ ပြည့်နှစ်တွင် ၈ဝ ရာခိုင်နှုန်း ပြီးမြောက်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ကျေးလက်လမ်းများ ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ (မူကြမ်း)နှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပကာ အကြံဉာဏ်ရယူနေပြီး ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက် ကောင်းမွန်ရန် အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ နည်းပညာ အကူအညီရယူ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

''မြန်မာတစ်နိုင်ငံလုံးက လမ်းတွေ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ အတွက် နိုင်ငံတကာ အကူအညီတွေ၊ အစိုးရ ဘတ်ဂျက်တွေနဲ့ ပူးပေါင်းပြီး ၂ဝ၃ဝ မှာ ကျေးလက်လမ်းတွေ အချိန်မရွေး သွားလာလို့ ရတဲ့လမ်းတွေ ၈ဝ ရာခိုင်နှုန်း ပြီးမြောက်အောင် ဆောင်ရွက်သွားမှာပါ'' ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး က ဇန်နဝါရီ ၃၁ ရက်တွင် မကွေးမြို့၌ ကျင်းပသည့် ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ မူဘောင်ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ တွင်ပြောသည်။

ကျေးလက်လမ်း၊ တံတားများဖွံ့ဖြိုးရေး စီမံကိန်းကို လာမည့်မတ်လတွင် ရေးဆွဲ အကောင်အထည် ဖော်ဆောင်ရွက်မည် ဖြစ်ပြီး လမ်းများ ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်းတွင် မိုင်ပေါင်း ၆၆ဝဝ မှာ အသစ်ဖောက်လုပ် ရမည်ဖြစ်ကြောင်း၊ မိုင်ပေါင်း ၂၆ဝဝဝ ကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။ ကျေးလက်လမ်းများ ဖွံ့ဖြိုးရေး ဆိုင်ရာ မဟာဗျူဟာမြောက် လုပ်ငန်းများ ဆောင်ရွက်လျှင် လမ်းပြင်ဆင်ခြင်း အတွက် စုစုပေါင်းကုန်ကျငွေ အမေရိကန် ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံ ကုန်ကျနိုင် သည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ လက်ရှိ ကျေးလက်လမ်း များ၏ အခြေအနေသည် ၃၄ ရာခိုင်နှုန်းသော လမ်းများသာ ကောင်းမွန်ပြီး ၆၆ ရာခိုင်နှုန်း သည် နွေရာသီ အချိန်၌သာ သွားလာနိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

Friday, January 27, 2017

တောင်ဇင်း နှင့် စက်စက်ယို ရေပေးရေးစီမံကိန်း တို့မှ လာမည့်နွေဥတုတွင် ညောင်ဦးမြို့နယ်အတွင်း ကျေးရွာ ၉၈ ရွာကို သောက်သုံးရေ ဖြန့်ဝေမည်



ညောင်ဦး ၊ ၂၇-၁-၂၀၁၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် သည် အပူပိုင်းဇုန် ဒေသအတွင်း ပါဝင်ပြီး မိုးရွာသွန်းမှု နည်းပါးသဖြင့် သောက်သုံးရေ အခက်အခဲ များ မကြုံစေရန် တောင်ဇင်း ရေပေးရေးနှင့် စက်စက်ယို ရေပေးရေးစီမံကိန်း တို့မှ လာမည့်နွေဥတုတွင် ကျေးရွာပေါင်း ၉၈ ရွာကို သောက်သုံးရေများ ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း ညောင်ဦးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ညောင်ဦးမြို့နယ် ဧရာဝတီမြစ် နတ်သမီး ကမ်းပါးရေစက်ရုံမှ ငှက်ပစ်တောင် ထိ မြစ်ရေတင်ယူပြီး ငှက်ပစ်တောင်မှ တစ်ဆင့် တောင်ဇင်းကျေးရွာ ရေပေးရေး ပိုက်လိုင်းနှင့် စက်စက်ယို ကျေးရွာ ရေပေးရေး ပိုက်လိုင်းဟူ၍ လိုင်းနှစ်မျိုး ခွဲခြားပြီး ကျေးရွာပေါင်း ၉၈ ရွာကို လာမည့် နွေဥတုတွင် သောက်သုံးရေ အပြည့်အဝ သုံးစွဲနိုင်ရန် စက်ပိုင်းဆိုင်ရာ များနှင့် ပိုက်လိုင်းများ ကို ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်၍ ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။

''အရင်နှစ်တွေ ကတော့ စည်ပင်သာယာရေး အဖွဲ့က တာဝန်ယူပြီး ကျေးရွာ ခုနစ်ရွာကို သောက်သုံးရေ ပေးဝေခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁ ရက်ကစပြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက တာဝန်ယူပြီး ကျေးရွာပေါင်း ၉၈ ရွာအတွက် ရေပေးဝေရေး လုပ်ငန်းကို ဆောင်ရွက်ခဲ့ ပါတယ်။ လာမယ့် နွေဥတု ကာလမှာ ကျေးရွာပေါင်း ၉၈ ရွာကို လွယ်လွယ်ကူကူ သောက်သုံးရေ ပေးဝေနိုင်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ ဒီနှစ် နွေဥတုမှာတော့ သောက်သုံးရေကို အပြည့်အဝ ပေးဝေသွားမှာပါ'' ဟု ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မင်းနောင် က ပြောပြသည်။

အဆိုပါ ရေပေးရေး စီမံကိန်းများမှ တောင်ဇင်း ရေပေးရေး ပိုက်လိုင်းအရှည်မှာ ၂၃ မိုင်၊ ရေတွန်းစက်ရုံ ငါးရုံ၊ ကျေးရွာ ရေဝေတိုင် ၂၄ တိုင်၊ အကျိုးပြု ကျေးရွာ ၃၉ ရွာဖြစ်ပြီး စက်စက်ယို ကျေးရွာ ရေပေးရေး ပိုက်လိုင်းအရှည် ၃၆ မိုင်၊ ရေတွန်းစက်ရုံ ခုနစ်ရုံ၊ ရေဝေတိုင်ပေါင်း ၃၄ တိုင်၊ အကျိုးပြု ကျေးရွာ ၅၉ ရွာရှိကာ ဒေသခံ ပြည်သူများအတွက် သောက်သုံးရေကို ရာသီမရွေး ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၄)

Thursday, January 19, 2017

ဂျပန်ယန်း ၉၃ ဒသမ ၉၇၀ ဘီလီယံရယူနိုင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး


နေပြည်တော် ၊ ၁၉-၁-၂၀၁၇

မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက် စေရန် ဆောင်ရွက်မည့် စီမံကိန်းငါးခု အတွက် ဂျပန်ယန်း ၉၃ ဒသမ ၉၇ဝ ဘီလီယံ ရယူ ဆောင်ရွက်ရေး နှင့် စပ်လျဉ်း၍ ယမန်နေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၌ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ကြောင်း သိရသည်။

ယင်းစီမံကိန်း ငါးခုမှာ ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် ဆင်းရဲမှုလျှော့ချရေး အထောက်အကူ ပြုမည့် အခြေခံ အဆောက်အဦ တည်ဆောက်ရေး နှင့် ပြုပြင်ရေး လုပ်ငန်း စီမံကိန်းအဆင့်-၂၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဆင့်-၂ ဆင့် ချေးငွေစီမံကိန်း၊ ရန်ကုန်မြို့တော် ရေပေးဝေမှု ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းအဆင့်-၂၊ အပိုင်း(၁)၊ မြန်မာနိုင်ငံ၏ အဓိကမြို့ကြီး များတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုစနစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး အဆင့်-၁၊ အပိုင်း(၂) စီမံကိန်းတို့ အတွက် ဂျပန်နိုင်ငံ မှ ပေးအပ်သည့် တရားဝင်ဖွံ့ဖြိုးမှု ချေးငွေ (Official Development Assistance Loan) တို့ဖြစ်သည်။

အဆိုပါချေးငွေများ အတွက် စည်းကမ်းချက် များမှာ အတိုးနှုန်း တစ်နှစ်လျှင် သုည ဒသမ ဝ၁ ရာခိုင်နှုန်း ဆိုင်းငံ့ကာလ ၁ဝ နှစ်နှင့် ပြန်ဆပ်ကာလ နှစ် ၃ဝ စုစုပေါင်းချေးငွေ သက်တမ်း နှစ် ၄ဝ ဖြစ်သည်။ ယင်းချေးငွေများ ရယူရန် လဲလှယ်မှု စာချွန်လွှာကို ဂျပန်နိုင်ငံအစိုးရ ကိုယ်စား မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး မစ္စတာ တာတဲရှီဟီဂူချီ နှင့် မြန်မာနိုင်ငံအစိုးရ ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က လက်မှတ်ရေးထိုး ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

Monday, January 16, 2017

ရှေးဟောင်းခရီးစဉ်ဒေသ ၅ ခုစီမံကိန်းတွင် ဒေသခံပြည်သူများကို တိုက်ရိုက်အကျိုးပြုနိုင်ရန် ဆောင်ရွက်မည်



မန္တလေး ၊ ၁၆-၁-၂၀၁၇

ရှေးဟောင်းခရီးစဉ် ဒေသ ငါးခု စီမံကိန်းတွင် Tour မှ ရရှိသည့်ဝင်ငွေကို ဒေသခံပြည်သူ များအား တိုက်ရိုက်အကျိုးပြု နိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

စီမံကိန်းတွင် ရှေးဟောင်း ခရီးစဉ်ဒေသ ငါးခုရှိ နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်စားသည့် နေရာများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသွား ဝင်ရောက်မှု၊ ခရီးသွားလုပ်ငန်းမှ ရရှိသည့် အကျိုးအမြတ် စသည့် အချက်အလက် များကို ထည့်သွင်း အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

''ခရီးစဉ်ဒေသ တွေမှာ လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်း ထုတ်ပြန်တာတွေ၊ ထိန်းသိမ်းမှုတွေ၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်မှာ ပါ။ ခရီးစဉ်ဒေသ တွေက အသစ် ဖော်ထုတ်တာလဲ ရှိတယ်။ အသုံးမချ သေးနိုင်တာလဲ အများကြီးရှိ သေးတယ်'' ဟု အဆိုပါဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစန်းယု က ပြောပြသည်။

ရှေးဟောင်းခရီးစဉ် ဒေသငါးခု ဖြစ်သည့် မန္တလေး၊ စစ်ကိုင်း၊ အင်းဝ၊ အမရပူရ နှင့် မင်းကွန်းဒေသ တို့တွင် ခရီးသွားလုပ်ငန်း ရေရှည် ဖွံ့ဖြိုးတိုးတက်ရန် နှင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရန် စီမံကိန်း တစ်ခုကို အီတလီနိုင်ငံ Flourence University က ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ က စတင်ရေးဆွဲ ခဲ့ပြီး လက်ရှိတွင် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

စီမံကိန်းတွင် ရှေးဟောင်း ခရီးစဉ်ဒေသ ငါးခုရှိ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရန် Tour မှ ရရှိသည့်ဝင်ငွေကို ဒေသခံပြည်သူ များအား တိုက်ရိုက် အကျိုးပြုနိုင်ရန် နှင့် ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှု များလာပါက ဒေသ မပျက်စီးစေရန် နည်းလမ်းများ ပါဝင်မည် ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ 
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger