မန္တလေး ၁၇-၈-၂ဝ၁၈
မန္တလေး အမရပူရမြို့နယ် ဆင်ရွာမြင်းမှူး ကျေးရွာတွင် တည်ထားကိုးကွယ်သည့် ကမ္ဘာ့ပထမဦးဆုံး ဝေရောစန ကျောက်စိမ်းစေတီတော် ပရိဝုဏ်အတွင်းကို ပလတ်စတစ် ကင်းစင်ဇုန်အဖြစ် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပထမဦးဆုံး စတင်အကောင်အထည် ဖော်ရန် စီစဉ်လျက်ရှိကြောင်း စေတီတော် ဂေါပကအဖွဲ့မှ သိရသည်။
"ကျောက်စိမ်း စေတီတော်ကို ကမ္ဘာ့ဂင်းနစ် စံချိန်တင်နိုင်ဖို့ ကြိုးစားနေသလို အခုဆိုရင် မြန်မာနိုင်ငံရဲ့ အထင်ကရနေရာ တွေထဲက တစ်နေရာအဖြစ် ပါဝင်လာတာကြောင့် စံပြလှုပ်ရှားမှု တစ်ခုအနေနဲ့ လာရောက်တဲ့သူတိုင်းမှာသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိတွေရှိစေဖို့ ရည်ရွယ်ပြီး ဖော်ဆောင်တာဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ စေတီတော်ကြီးကို အမှီပြုပြီး ဖွင့်လှစ်နေကြတဲ့ ဈေးဆိုင်ခန်းတွေ အကုန်လုံး ပလတ်စတစ်နဲ့ ကြွပ်ကြွပ်အိတ် တွေမသုံးစွဲကြဖို့ ပညာပေးစည်းရုံးသွားမှာ ဖြစ်သလို ပရိဝုဏ်အတွင်းမှာ အမှိုက်လုံးဝ ကင်းစင်ရေးကို ဆောင်ရွက်ကြမှာပါ။ ဈေးဆိုင်ခန်းရှင်တွေ၊ ဝန်ထမ်းတွေနဲ့ ဘုရားဖူး လာပြည်သူတွေကို အသိပညာပေးဖို့ စီစဉ်ထားပါတယ်"ဟု ကျောက်စိမ်း စေတီတော်ဂေါပက အဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောပြသည်။
စေတီတော် ပုရိဝုဏ်အတွင်း ပလတ်စတစ် အသုံးမပြုရေးအတွက် အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူသွားမည်ဖြစ်ပြီး သန့်ရှင်းရေး ဝန်ထမ်းအင်အား ထပ်မံတိုးချဲ့ ခန့်ထားမည်ဖြစ်ကြောင်း၊ ဘုရားဖူးလာပြည်သူများ အလွယ်တကူ စွန့်ပစ်နိုင်ရန် အဆင့်မြင့် အမှိုက်ကန်ကြီးများကို ချထားပေးမည် ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေး ပြခန်းတစ်ခုကို ဖော်ဆောင်ကာ ပလတ်စတစ်သုံးစွဲခြင်း ဆိုးကျိုးများနှင့် အမှိုက်စွန့်ပစ်ခြင်း ဆိုင်ရာနည်းလမ်းများနှင့် ပတ်သက်သော ပြကွက်များကို လေ့လာကြည့်ရှု နိုင်ရန်စီစဉ်ပေးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။
ကျောက်စိမ်း စေတီတော်အတွင်း ပလတ်စတစ် အသုံးမပြုရေး၊ အမှိုက်ကင်းစင်ရေး စတင်လှုပ်ရှားမှု အဖြစ်သြဂုတ် ၂၃ရက် နံနက် ၈နာရီတွင် စေတီတော်ဝန်ထမ်းများ၊ ဈေးဆိုင်ခန်းရှင်များ၊ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာသူ၊ ကျေးရွာသားများ စုပေါင်း၍ စေတီတော်ပရိဝုဏ် အတွင်းနှင့် အပြင်လမ်းတို့၌ စုပေါင်းအမှိုက်ကောက်ခြင်း ကျောက်စိမ်း ဓမ္မာရုံအတွင်း အသိပညာပေး ဟောပြောပွဲကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
#Themyawadydaily




