www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ပန်းပွဲတော်. Show all posts
Showing posts with label ပန်းပွဲတော်. Show all posts

Monday, January 14, 2019

(၁၃)နှစ်ပြည့် ပြင်ဦးလွင်ပန်းပွဲတော်သို့ လာရောက်လည်ပတ်သူ ခြောက်သိန်းခန့်ရှိ

(၁၃)နှစ်ပြည့် ပြင်ဦးလွင်ပန်းပွဲတော်သို့ လာရောက်လည်ပတ်သူ ခြောက်သိန်းခန့်ရှိ
-
ပြင်ဦးလွင် ဇန်နဝါရီ ၁၃ 
-
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီး ဥယျာဉ်၌ ကျင်းပသည့် (၁၃) ကြိမ်မြောက် ပြင်ဦးလွင် ပန်းပွဲတော်သို့ လာရောက်လည်ပတ်သူ ခြောက်သိန်းခန့်ရှိနေပြီး ယခင်နှစ်ထက် ၂ဝ ရာခိုင်နှုန်းကျော် ပိုမိုများပြားကြောင်း အမျိုးသားကန်တော်ကြီး ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွန်း ထံမှ သိရသည်။
-
''မနှစ်ကထက်စာရင် ဒီနှစ်က ရာခိုင်နှုန်းအားဖြင့် ၂ဝ ရာခိုင်နှုန်းလောက် လာရောက် လည်ပတ် မှုပိုများတယ်။ မိုးများတဲ့ ရက်ကဆိုရင် တစ်ရက်ကို ထောင်ဂဏန်းလောက်ပဲ လာကြတယ်။ ဒါပေမဲ့ တခြားရက်တွေဆိုရင် တစ်ရက်ကို ငါးသောင်းလောက်အထိ လာရောက်ကြပါတယ်''ဟု ဦးဇော်မင်းထွန်း ကပြောသည်။ 
-
အဆိုပါ ပန်းပွဲတော်ကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁၅ ရက် အထိ ကျင်းပခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ လာရောက်လည်ပတ်သူ ခြောက်သိန်းခန့်ရှိကာ ယခင်နှစ် များထက်ပိုမိုထူးကဲစွာ ပန်းအမျိုးအစားပေါင်း နှစ်သိန်းကျော် ပြသထားခြင်း ဖြစ်သည်။ 
-
ပန်းပွဲတော်ကို အမျိုးသား ကန်တော်ကြီး ဥယျာဉ်မှဦးဆောင်၍ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ Garden And Friends ကုမ္ပဏီနှင့် ဂျပန်နိုင်ငံ Fukusuke ကုမ္ပဏီတို့ ပူးပေါင်း ကျင်းပခြင်းဖြစ် ကာ ပွဲတော်၌ ပညာပေးပြခန်းများ၊ ပန်းပြိုင်ပွဲများ၊ သစ်ခွပြိုင်ပွဲများနှင့် ပန်းအလှ ပြင်ပြိုင်ပွဲများ ပြသထားသည်။ 
-
ဥယျာဉ် ဝင်ကြေးအနေဖြင့် ပြည်တွင်း ခရီးသွားတစ်ဦးလျှင် လူကြီး ငွေကျပ် ၁ဝဝဝ၊ ကလေး ငွေကျပ် ၅ဝဝ သတ်မှတ်ထားပြီး နိုင်ငံခြား ခရီးသွားဧည့်သည် တစ်ဦးလျှင်လူကြီး အမေရိကန် ဒေါ်လာ ၅ ဒေါ်လာနှင့် ကလေး အမေရိကန်ဒေါ်လာ ၃ ဒေါ်လာ သတ်မှတ်ထားကြောင်း သိရသည်။ 
-
ဆုလာဘ်
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, October 15, 2018

(၁၃)ကြိမ်မြောက် ပြင်ဦးလွင် ပန်းပွဲတော်၌ ပန်းအမျိုးအစားပေါင်း နှစ်သိန်းကျော် ပြသရန် စီစဉ်

(၁၃)ကြိမ်မြောက် ပြင်ဦးလွင် ပန်းပွဲတော်၌ ပန်းအမျိုးအစားပေါင်း နှစ်သိန်းကျော် ပြသရန် စီစဉ်

ပြင်ဦးလွင်  အောက်တိုဘာ  ၁၄
-
မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင်မြို့နယ်ရှိ   အမျိုးသား ကန်တော်ကြီးဥယျာဉ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော  ပန်းပွဲတော်ကို ယခုနှစ်တွင် ယခင်နှစ်များထက်   ပိုမိုထူးကဲစွာ ပန်းအမျိုးအစားပေါင်း  နှစ်သိန်းကျော် ပြသရန် စီစဉ်လျက်ရှိကြောင်း အမျိုးသား ကန်တော်ကြီးဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွန်းထံမှ သိရသည်။
-
အဆိုပါပန်းပွဲတော်ကို  အမျိုးသားကန်တော်ကြီး ဥယျာဉ်မှ ဦးဆောင်၍ ထိုင်းနိုင်ငံ ချင်းမိုင်မှ Garden and Friends ကုမ္ပဏီနှင့် ဂျပန်နိုင်ငံFukusuke ကုမ္ပဏီတို့ ပူးပေါင်း ကျင်းပမည်ဖြစ်ပြီး  ပန်းမျိုးစိတ်ပေါင်း ၆ဝ ခန့် ပြသထားမည်ဖြစ်ကာ ပညာပေးပြခန်းများ၊  ပန်းပြိုင်ပွဲများ၊ သစ်ခွပြိုင်ပွဲများနှင့် ပန်းအလှထိုးပြိုင်ပွဲများ ပါဝင်မည်ဖြစ်သည့် အပြင် ဆိုင်ခန်း ၁၅ ခန်းခန့်ဖြင့် ကုမ္ပဏီများမှ ပစ္စည်းများကိုလည်း ပန်းများဖြင့် အလှဆင် ပြသထားမည်ဖြစ်သည်။
-
''ပုံမှန်ကတော့ ပန်းအမျိုးအစား တစ်သိန်းခွဲကနေ  နှစ်သိန်းကြား ပြသလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ ပြည်ပမျိုးရော ပြည်တွင်းမျိုးပါ ပေါင်းလိုက်ရင် နှစ်သိန်းကျော်မယ်။ ဘတ်ဂျက် အနေနဲ့  အရင်နှစ်က ငွေကျပ်သိန်း ၆ဝဝ လောက် ကုန်ခဲ့တယ်။ ဒီနှစ်ကတော့ ပိုကုန်မယ် ထင်ပါတယ်။ ပန်းပွဲတော်ရဲ့ဒီဇိုင်းကိုလည်း ထိုင်းနိုင်ငံ  ချင်းမိုင်မှာဆွဲခိုင်းထားတယ်။ ပန်းလာစိုက်မယ့်အချိန်မှာလည်း သူတို့ဆီက လူတွေလာပြီး ပြင်ဆင်ကြမှာပါ'' ဟု ဦးဇော်မင်းထွန်းကပြောသည်။
-
ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီး ဥယျာဉ်ကို ၁၉၂၄ ခုနှစ်က စတင်ဖော်ဆောင်ခဲ့ပြီး ပန်းပွဲတော်ပြသလာသည်မှာ  ယခုနှစ် အပါအဝင်  (၁၃)  ကြိမ်မြောက်ခဲ့ပြီဖြစ်ရာ ပြပွဲကို ၂ဝ၁၈ ခုနှစ်  ဒီဇင်ဘာ ၁၅ ရက်မှ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁၈ ရက်အထိ ပြသ မည်ဖြစ်သည်။
-
အမျိုးသားကန်တော်ကြီး ဥယျာဉ် ဝင်ကြေးအနေဖြင့် ပြည်တွင်းမှ လူကြီးတစ်ဦးလျှင် ငွေကျပ် ၁ဝဝဝ  နှင့်  ကလေးငွေကျပ် ၅ဝဝ သတ်မှတ်ထားပြီး  နိုင်ငံခြားခရီးသွား ဧည့်သည်လူကြီး တစ်ဦးလျှင်  အမေရိကန် ဒေါ်လာ ၅ ဒေါ်လာနှင့်  ကလေးတစ်ဦး လျှင် အမေရိကန်ဒေါ်လာ ၃ ဒေါ်လာသတ် မှတ်ထားကြောင်း၊   ယခင်နှစ် ပန်းပွဲတော် ကာလအတွင်း   ပြည်တွင်းမှ လာရောက် လေ့လာကြည့်ရှုသူ  လေးသိန်းခွဲကျော်နှင့်    နိုင်ငံခြားခရီးသွား ဧည့်သည် ၃ဝဝဝ နီးပါး လာရောက် လည်ပတ်ကြောင်း သိရသည်။                     
-
 ဆုလာဘ်
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger