www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 1, 2019

ပဲခူးတိုင်း ဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ သံဘို- မူသဲ- ဘော်စဲခို- ပလပ်ခို- ယွန်းစလင်းဖွံ့ဖြိုးရေး လမ်းပေါ်ရှိ မူသဲ တံတားဆောက်လုပ်နေမှုအား နယ်မြေဒေသ ဖွံ့ဖြိုးရေးအတွက်ဆက်လက် ဆောင်ရွက်သွားမည်

ပဲခူးတိုင်း ဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ သံဘို- မူသဲ- ဘော်စဲခို- ပလပ်ခို- ယွန်းစလင်း ဖွံ့ဖြိုးရေး လမ်းပေါ်ရှိ မူသဲ တံတား ဆောက်လုပ်နေမှုအား နယ်မြေဒေသ ဖွံ့ဖြိုးရေးအတွက် ဆက်လက် ဆောင်ရွက် သွားမည်
-
နေပြည်တော်၊ မတ် - ၃၁
-
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်း ခေတ်အဆက်ဆက် ဖောက်လုပ်ထားသည့် သံဘို-မူသဲ-ဘော်စဲခို-ပလပ်ခို-ယွန်းစလင်း ၅၁ မိုင် ၇ ဖာလုံ လမ်းကြောင်းအား ဒေသခံ ပြည်သူလူထု အနေဖြင့်ရာသီမရွေး အချိန်တိုအတွင်း ကျောက်ကြီးနှင့် တောင်ငူမြို့များသို့ သွားလာနိုင်စေရေး တပ်မတော် အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက ၁၂ ပေလမ်းမှ ၃၄ ပေ အကျယ်လမ်းကြောင်းအဖြစ် နှစ်အလိုက်စီမံချက်ချမှတ်၍ ပြုပြင်ပေးလျက်ရှိပါသည်။
-
သို့သော်လည်း ဒေသခံပြည်သူလူထု အကျိုးစီးပွား ကောင်းမွန်ရေးကိုမလိုလားသော အဖွဲ့အစည်းတချို့မှ  ဒေသခံ ပြည်သူများအား ၎င်းလမ်း ဖောက်လုပ်ခြင်းနှင့် အခိုင်အမာတံတားများဆောက်လုပ်ခြင်းသည် ဒေသခံ ပြည်သူများ၏ အကျိုးအတွက်မဟုတ်ဘဲ တပ်မတော်မှ စစ်ရေးဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုရန် ရည်ရွယ်ဖောက်လုပ်နေခြင်းသာဖြစ်ကြောင်း လှုံ့ဆော်သွေးထိုးမှုများပြုလုပ်လာခဲ့သောကြောင့် မတ် ၂၁ ရက်တွင် မူသဲကျေးရွာ အရှေ့ဘက်တွင် တည်ဆောက်နေသော အရှည် ၄ဝ ပေ၊ အကျယ် ၁၄ ပေ သံကူကွန် ကရစ်တံတား ဆောက်လုပ်မှုအား ဒေသခံအချို့နှင့်သွေးထိုးလှုံ့ဆော်သူ အချို့မှ ကန့်ကွက်ဆန္ဒပြခြင်း၊ ကန့်ကွက်စာသားများ ရေးသားထားသည့်ဆိုင်းဘုတ်များ ထောင်ခြင်းနှင့် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့လာရောက်စဉ်တွင်လည်းလမ်းကြောင်းဖောက်လုပ်မှုအား ကန့်ကွက်ကြောင်းတင်ပြခြင်းများ ပြုလုပ်လာခဲ့သည်။
-
လက်ရှိ မူသဲကျေးရွာ၏ အရှေ့ဘက်တွင် ဆောက်လုပ်နေသော တံတားသည် မူသဲ ချောင်းအား ရာသီမရွေး အသုံးပြု၍ ရအောင် ဖောက်လုပ်ပေးနေသည့် တံတားဖြစ်သည်။ မူသဲ ချောင်းသည် နွေရာသီရေနည်းချိန်၌ လမ်းဖြတ်ကူးသည့် နေရာတွင် အကျယ် ၁၂ ပေ၊ အနက် ၂ ပေခန့်ရှိသည့် ချောင်းဖြစ်ပြီး မိုးရာသီ၌ နှစ်စဉ်မိုးရေချိန် ပျမ်းမျှ(၁၁ဝ) လက်မခန့် အထိ ရွာသွန်းသည့် ဒေသဖြစ်၍ အကျယ် ၃ဝ ပေ၊ အနက် ၇ ပေခန့်ရှိသဖြင့် လူ၊ ယာဉ်များ ဖြတ်ကူးရန် ခက်ခဲသော ချောင်းဖြစ်သည်။ ၎င်းအခက်အခဲများကို ကျော်လွှားနိုင်ရန်၊  ဒေသ ဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး အတွက် မူသဲချောင်းကူး တံတားအား ဆောက်လုပ်နေခြင်းဖြစ်ပြီး တံတားပြီးဆုံး သွားပါက မိုးရာသီ၌ ဆက်သွယ်ရေး လမ်းကြောင်း ပြတ်တောက်သည့် အခက်အခဲအား ကျော်လွှားနိုင်ကာ ဒေသခံပြည်သူများ၏ ကျန်းမာရေးနှင့် ဒေသထွက်ကုန် များအား အဆိုပါ လမ်းကြောင်းမှတစ်ဆင့် ရာသီမရွေး၊ အချိန်မရွေး အသုံးပြု သွားနိုင် မည်ဖြစ်သည်။ ထို့အပြင် လမ်းပန်းဆက်သွယ်ရေး လျှင်မြန် ချောမွေ့လာသည့်အတွက် ကုန်ဈေးနှုန်းများ ကျဆင်းပြီး ကုန်စည်များအား ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူအသုံးပြု နိုင်မည်ဖြစ်သဖြင့် ဒေသခံ ပြည်သူများ၏ လူမှုဘဝ ယခုထက် ပို၍ ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်သည်။ 
-
သံဘို- မူသဲ- ဘော်စဲခို-ပလပ်ခို-ယွန်းစလင်းလမ်းပိုင်းသည် ယခင်ကတည်းက ရှိပြီးဖြစ်သည့် တစ်ဖက်နိုင်ငံနယ်စပ် ထီးထ- ယွန်းစလင်း- ဗျက္ကောပု- ဘော်စဲခို- မူသဲ- ကျောက်ကြီး လမ်းကြောင်းပေါ်၌ ရှိနေသောလမ်းကြောင်းဖြစ်ပြီး ဒေသ ဖွံ့ဖြိုးရေးကို များစွာ အထောက် အကူ ပြုနိုင်သော လမ်းဖြစ်သည်။ ၎င်းကဲ့သို့ ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ လက်တွေ့ ခံစားရမည့် အကျိုးကျေးဇူးများကို လျစ်လျူရှု၍ တစ်ဖက်သတ် ကျဉ်းမြောင်းသော အမြင်ဖြင့် သွေးထိုး လှုံ့ဆော်နေခြင်းသည် ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ ဒေသခံ ပြည်သူများ ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးတို့ကိုအနှောင့် အယှက်ပြုနေခြင်းပင် ဖြစ်သည်။
-
-
၎င်းဒေသအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် KNU အဖွဲ့အနေဖြင့် ၂ဝ၁၅ ခုနှစ် အောက်တို ဘာလ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)၌ လက်မှတ်ရေးထိုး ခဲ့သည်။ တပ်မတော် အနေဖြင့် လက်မှတ်ရေး ထိုးပြီးသည့်နေ့မှစ၍ ၎င်းနယ်မြေအတွင်း KNU အဖွဲ့၏ စခန်း ဌာနချုပ်များ၊ ရွာပုန်းနေရာ များအား အတိအကျ သိရှိသော်လည်းစာချုပ်ပါ ကတိကဝတ်များ အတိုင်း စစ်ဆင်ရေး ပြုလုပ်ခြင်းနှင့်  နှောင့်ယှက်မှုများ လုံးဝပြုလုပ်ခဲ့ခြင်း မရှိသည်မှာ အထင်အရှား ဖြစ်ပါသည်။ သို့သော် KNU အဖွဲ့မှ အချို့အောက်ခြေ အဖွဲ့အစည်းများကမူဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသည့် လမ်းဖောက်လုပ်ရေး လုပ်ငန်းများနှင့် နှစ်စဉ်ပို့ဆောင်နေကျ ရိက္ခာ ပို့ဆောင်ခြင်း၊ အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်ခြင်း လုပ်ငန်းများတွင်လည်း မကြာခဏ နှောင့်ယှက် ပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရသည်။ သံဘို- မူသဲ- ဘော်စဲခို-ပလပ်ခို-ယွန်းစလင်း လမ်းကြောင်းနှင့် တံတားများ ပြီးစီးသွားပါက အဓိက အကျိုး ခံစားရမည့်သူများမှာ လမ်းပမ်းဆက်သွယ်ရေး အခက် အခဲကြောင့် ကျောက်ကြီး မြို့နှင့် ဆက် သွယ်ရန်ခက်ခဲနေသည့် ဒေသခံ ကျေးရွာသူ၊ ရွာသားများသာ ဖြစ်ပါသည်။
-
ထို့ကြောင့် မူသဲတံတား ဆောက်လုပ်မှုနှင့် ဒေသဖွံ့ဖြိုးရေးလမ်းဖောက်လုပ်မှုတို့အား ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို မလို လားသောအဖွဲ့အစည်း တချို့၏ မဟုတ်မမှန် လှုံ့ဆော် သွေးထိုးမှုများကြောင့် မည်မျှပင် ကန့်ကွက်ခြင်းများ ပြုလုပ် သည်ဖြစ်စေ  ဒေသခံ ပြည်သူ လူထု၏ ဖွံ့ဖြိုးတိုးတက်ရေးအား ရည်မှန်း၍ လုပ်ငန်းများအား ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။
-
တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger