www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 30, 2018

ဒေသခံပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်း တစ်သိန်းခန့်ထိ ဖန်တီးပေးနိုင်မည့် ကိုရီးယားဖက်စပ် စက်မှုဇုန်စီမံကိန်း ငါးနှစ်အတွင်း အပြီးတည်ဆောက် သွားမည်



နေပြည်တော် ၃ဝ-၅-၂ဝ၁၈

ဒေသခံပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်း ငါးသောင်းမှ တစ်သိန်းခန့်ထိ ဖန်တီးပေးနိုင်မည့် ကိုရီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သည့် Korea Myanmar Industrial Complex (KMIC) စက်မှုဇုန် စီမံကိန်းကို ငါးနှစ်အတွင်း တည်ဆောက်ရေး လုပ်ငန်းများအပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါစက်မှုဇုန် စီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၅မိုင် ၆ဖာလုံ၏ အနောက်ဘက် ညောင်နှစ်ပင်ရွာ အနီးတွင် စီမံကိန်း မြေဧရိယာ ၅၅၅ဧကခန့်ပေါ်၌ အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ယခု ၂ဝ၁၈ ခုနှစ်မှစတင်၍ ၂ဝ၂၃ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများ အပြီးဆောင်ရွက်သွားမည် ဖြစ်သည်။

၎င်းစီမံကိန်းကို ကိုရီးယားသမ္မတနိုင်ငံ ကိုယ်စား အစိုးရလက်အောက်ခံ အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Corean Land and Housing Cooperation (LH) နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်၍  Corean Land and Housing Cooperation (LH) ဘက်မှ ၆ဝ ရာခိုင်နှုန်း၊မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ၄ဝ ရာခိုင်နှုန်းဖြင့် အချိုးကျပါဝင် ရင်းနှီးမြှုပ်နှံကာ ဆောင်ရွက် မည့်စီမံကိန်း ဖြစ်သည်။

"ပြည်တွင်းအပြင် ပြည်ပက ရင်းနှီးမြှုပ်နှံလိုသူ တွေကိုပါ ဖိတ်ခေါ်သွားမှာပါ။ ဒါပေမဲ့ ကိုရီးယားနဲ့ နှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းဖြစ်တော့ ကိုရီးယားကုမ္ပဏီ တွေကတော့ အဓိကရင်းနှီး မြှုပ်နှံမှာပါ။ဒီစက်မှုဇုန် စီမံကိန်းက ရင်းနှီးမြှုပ်နှံမှု တန်ဖိုးအနေနဲ့ဆိုရင် အမေရိကန်ဒေါ်လာ သန်း ၁၁ဝ လောက် ကုန်ကျမယ်လို့ တွက်ချက် ထားပါတယ်"ဟု မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်ဦးက ပြောပြသည်။

စီမံကိန်း၏ မြေအသုံးချမှုပုံစံတွင် အသေးစား၊ အလတ်စားနှင့် အကြီးစားစက်မှု လုပ်ငန်းများသာမက One Stop Service အလုပ်သမား သင်တန်းကျောင်းနှင့် ဝန်ထမ်းအိမ်ရာ၊ ပန်းခြံနှင့်ရေဆိုး သန့်စင်စက်ရုံ၊ စီမံခန့်ခွဲရေးရုံးနှင့် အခြားသော စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုဇုန်များ ပါဝင်မည် ဖြစ်သည်။

အဆိုပါ စီမံကိန်းကို ၂ဝ၁၅ ခုနှစ်၌ နားလည်မှု စာချွန်လွှာ သြ့ချုပ်ဆိုခဲ့ပြီး ၂ဝ၁၇ခုနှစ်တွင် သဘောတူစာချုပ် MoU ချုပ်ဆိုခဲ့ကာ တည်ဆောက်ရေး ကာလကို ၂ဝ၁၈ ခုနှစ်မှ  ၂ဝ၂၃ ခုနှစ်ထိ ငါးနှစ်တာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger