www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 28, 2018

လူမျိုး၊ဘာသာ ခွဲခြားမှုမရှိဘဲ ‘မြန်မာစိတ်’မွေးပြီး မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကြိုးစားသွားကြရန်လို



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် (၇၃)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား၌ မိန့်ခွန်းပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်အား စစ်ရေးပြ
စစ်ကြောင်းကြီးများက စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုစဉ်။

(၇၃) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် စစ်ကြောင်းကြီးများ စစ်ရေးပြကွင်း
ကြီးအတွင်း၌ နေရာယူစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် စစ်ရေးပြ
စစ်ကြောင်းကြီးများအား လိုက်လံစစ်ဆေးစဉ်။

(၇၃) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်လာကြသော တပ်မတော်အငြိမ်းစား အရာရှိကြီးများကို တွေ့ရစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ စစ်ရေးပြစစ်ကြောင်းကြီးများအား ဂုဏ်ပြုပန်းကုံးစွပ်၍ ကြိုဆိုစဉ်။

နေပြည်တော် ၂၈-၃-၂ဝ၁၈

မိမိတို့နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားပြီး တည်ငြိမ်အေးချမ်းမှု မရှိသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်နိုင်ခြင်းမရှိဘဲ အာဆီယံအသိုက်အ၀န်း၌ပင် နောက်ကျကျန်လျက်ရှိသည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်သည့်နိုင်ငံတွေကို အမှီလိုက်ရန်အတွက် သူများခြေတစ်လှမ်းလှမ်းလျှင် ကိုယ်က ခြေလှမ်းများစွာလှမ်းနိုင်မှ ဖြစ်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူမျိုး၊ ဘာသာခွဲခြားမှုမရှိဘဲ ‘မြန်မာစိတ်’မွေးပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကြိုးစားသွားကြရန် လိုကြောင်း၊ အတိတ်ကိုလက်ညိုးထိုးပြီး အပြစ်ရှာနေခြင်းထက် အတိတ်အပေါ် သင်ခန်းစာဖော်ထုတ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားကြရန် အချိန်ရောက်နေပြီဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်းကြီး၌ ကျင်းပပြုလုပ်သည့် ၂၀၁၈ ခုနှစ်၊ (၇၃)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

ယနေ့ နံနက် ၅ နာရီတွင် ၂၀၁၈ ခုနှစ် (၇၃)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်ကြမည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်သည်များ၊ တပ်မတော်(ကြည်း) အမျိုးသမီးစစ်ရေးပြ တပ်ခွဲ၊ တပ်မတော်(ရေ)အထူးစစ်ဆင်ရေး တပ်ဖွဲ့(Navy SEALs)၊ အမျိုးသမီးအထူးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမျိုးသမီးစစ်ရေးပြတပ်ခွဲတို့သည် စစ်ကြောင်းကြီးများအလိုက် သစ်တပ်စစ်ရေးပြကွင်း၌ စတင်စုရုံးရောက်ရှိနေရာယူကြပြီး စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

ဦးစွာ ဘက်ပိုက်တပ်စုနှင့် ဗဟိုစစ်တီးဝိုင်းအဖွဲ့သည် စစ်ရေးပြကွင်းကြီးအတွင်းရှိ သတ်မှတ်နေရာ၌ နေရာယူသည်။ ထို့နောက်စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် အောင်အောင် ဦးဆောင်၍ အလံတော်အဖွဲ့၊ ၎င်းနောက်မှ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး ကျော်ကျော်သန်း ဦးဆောင်သည့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ သံချပ်ကာ ယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့ပါဝင်သည့် အနော်ရထာစစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး မျိုးမင်း ဦးဆောင်သည့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲတို့ပါဝင်သည့် ကျန်စစ်သား စစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး ကျော်ကျော်ထူးဦးဆောင်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ(၁) တို့ပါဝင်သည့် ဘုရင့်နောင် စစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး မျိုးဇော်ဝင်း ဦးဆောင်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြ တပ်ခွဲ(၁)၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲတို့ပါဝင်သည့် အောင်ဇေယျစစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး စိုးတင်လတ်ဦးဆောင်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့အရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁) တို့ပါဝင်သည့် ဆင်ဖြူရှင်စစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး မြင့်စိုး ဦးဆောင်သည့် လေကြောင်းချီစစ်ရေးပြတပ်ခွဲ၊ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ အမြှောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲတို့ပါဝင်သည့်ဗန္ဓုလစစ်ကြောင်း၊ စစ်ကြောင်းမှူး ရဲမှူးကြီး ဗညားဦး ဦးဆောင်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ(၁)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသား)စစ်ရေးပြတပ်ခွဲ(၁)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသား)စစ်ရေးပြတပ်ခွဲ(၂)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု(အမျိုးသား) စစ်ရေးပြတပ်ခွဲ(၃) တို့ပါဝင်သည့်မြ၀တီစစ်ကြောင်း၊ ၎င်းနောက်မှ အထူးတာဝန်တပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ၊ တပ်မတော်(ရေ)အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Navy SEALs) တို့သည် စစ်တီးဝိုင်းအဖွဲ့များနှင့်အတူ စုရပ်မှစစ်ရေးပြကွင်းကြီးသို့ အစီအစဉ်အတိုင်းချီတက်ကြသည်။

ထိုသို့ချီတက်ချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)၏ ဇနီး ဒေါ်သက်သက်အောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၏ဇနီး ဒေါ်သန်းသန်းအေး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၏ဇနီး ဒေါ်အောင်မာမြင့်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၏ ဇနီးများကဂုဏ်ပြုပန်းကုံးများစွပ်၍ ကြိုဆိုကြသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိ၊ စစ်သည် မိသားစုများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးတို့မှ အရာရှိ၊ စစ်သည် မိသားစုများ၊ ဒေသခံမိဘပြည်သူများကလည်း စစ်ကြောင်းကြီးများချီတက်ရာ လမ်းတစ်လျှောက် သောင်းသောင်းဖြဖြကြိုဆိုကာ ဂုဏ်ပြုပန်းကုံးများ စွပ်ကြသည်။

ထိုကဲ့သို့စစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၂၄၃၄ ဦးတို့သည် ဇာတိသွေး၊ ဇာတိမာန်အပြည့်ဖြင့် စစ်ချီတေးများကို သံပြိုင်ဟစ်ကြွေး သီဆိုချီတက်လာကြပြီး စစ်ရေးပြကွင်းကြီးအတွင်းသို့ ရောက်ရှိနေရာယူကြသည်။

အဆိုပါ(၇၃)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ၊ လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် မော်ကွန်းဝင်ပုဂ္ဂိုလ်များ၊ တပ်မတော်အငြိမ်းစားအရာရှိကြီးများ၊ လွှတ်တော်ကော်မတီများမှဥက္ကဋ္ဌများ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၊ ၂၀၁၇ ခုနှစ်တွင် သူရဘွဲ့နှင့် တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့/တံဆိပ် ရရှိခဲ့ကြသော အရာရှိ၊ စစ်သည်များနှင့်အမွေခံများ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှကိုယ်စားလှယ်များ၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်ဗဟို အကြံပေးကွပ်ကဲရေးအဖွဲ့များ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များ၊ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ် လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအဖွဲ့ဝင်များ၊ အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာ၊ ၀တ္ထုတို၊ ၀တ္ထုရှည် ပြိုင်ပွဲများတွင်ဆုရရှိကြသူများ၊ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်သင်တန်းများမှ အုပ်ချုပ်သူနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကျင်းပသည့် စစ်ရေးပြကွင်းကြီးသို့ မြင်းစီးတပ်ဖွဲ့ဝင်များ ခြံရံလျက်ရောက်ရှိပြီး အလေးပြုခံစင်မြင့်၌ နေရာယူရာစစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အလေးပြုကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် စစ်ရေးပြ စစ်ကြောင်းကြီးများအား လိုက်လံစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြရာ ဗဟိုစစ်တီးဝိုင်းအဖွဲ့က နိုင်ငံတော်သီချင်းကိုတီးမှုတ်သည်။ ယင်းနောက် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကြပြီး စစ်ကြောင်းကြီးများမှ (ကြည်း၊ရေ၊လေ) တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက သစ္စာလေးချက် ကို သံပြိုင်ညီညာရွတ်ဆိုကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားရာတွင် မိမိတို့နိုင်ငံ၏သမိုင်းကြောင်းတွင် အစဉ်အလာကောင်းများနှင့် ယနေ့တိုင်ရှင်သန်နေသည့် တပ်မတော်၏သမိုင်းကြောင်းကိုယဉ်တွဲပြီး တွေ့မြင်ရမည်ဖြစ်ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထုနှင့်အတူ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ဖက်ဆစ်တော်လှန်ရေး စစ်ပွဲများဆင်နွှဲ၍ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကိုအရယူပေးခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း နိုင်ငံတော်၏ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာ တည်ရှိမှုကို အမျိုးသားအကျိုးစီးပွားနှင့်ယှဉ်ပြီး ကာကွယ်စောင့်ရှောက်ခဲ့ကြောင်း၊ ထို့အတူ နိုင်ငံတော် ပြိုကွဲပျက်စီးစေမည့် အခြေအနေများမှလည်း ကာကွယ်ထိန်းသိမ်းပေးခဲ့ပြီး အမျိုးသားပြန်လည် စည်းလုံးညီညွှတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိစေရန်အတွက် ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ကျင့်သုံးနိုင်ရေးအတွက် လိုအပ်သည့် အခြေခံကောင်းများ တည်ဆောက်ပေးခဲ့ပြီး နိုင်ငံရေးနှင့်အုပ်ချုပ်ရေးစနစ် အသွင်ကူးပြောင်းရာတွင် ချောမွေ့စေရေးအတွက်လည်း ဦးဆောင်၍ဆောင်ရွက်ပေး ခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၏သမိုင်းကြောင်းတစ်လျှောက်တွင် တပ်မတော်၏ အခန်းကဏ္ဍနှင့် ရပ်တည်ဆောင်ရွက်ချက်များဟာ အလွန်အရေးပါပြီး ဂုဏ်ယူဖွယ်ရာဖြစ်ခဲ့ကြောင်း၊ ၁၈၈၆ ခုနှစ် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာဆုံးရှုံးခဲ့ရပြီး မိမိတို့တိုင်းရင်းသားများသည် နယ်ချဲ့များ၏ ဖိနှိပ်အုပ်ချုပ်မှုမှ လွတ်မြောက်ရန်အတွက် နိုင်ငံအနှံ့ရရာ လက်နက်ကိုင်စွဲ၍ တော်လှန်ခဲ့ကြကြောင်း၊ မိမိတို့ ဘိုးဘွားဘီဘင်များသည် မျိုးချစ်စိတ်ကိုအရင်းတည်၍ နယ်ချဲ့တော်လှန်ရေးဆင်နွှဲခဲ့ကြသော်လည်း စနစ်တကျ စုစည်းတော်လှန်နိုင်မှုမရှိခြင်း၊ ကျယ်ပြန့်စွာစည်းရုံးလှုပ်ရှားနိုင်မှုမရှိခြင်း၊ ခေတ်နှင့်အညီ တပ်မတော်တစ်ရပ် ထူထောင်နိုင်မှုမရှိခြင်းတို့ကြောင့် နယ်ချဲ့များ၏ဖိနှိပ်မှုအောက်တွင် နှစ်ပေါင်းများစွာနေခဲ့ ရကြောင်း၊ ၂၀ ရာစု အစောပိုင်းကာလများ၌ အမျိုးသားရေးအသိအမြင်နိုးကြားလာပြီး လက်နက်ကိုင်တော်လှန်ရေးနှင့် နိုင်ငံရေး အုံကြွမှုများ ပေါင်းစပ်ဆောင်ရွက်လာ ခဲ့ကြကြောင်း၊ ဒုတိယကမ္ဘာစစ်ဖြစ်ပွားမှုကြောင့် နယ်ချဲ့ဗြိတိသျှတို့ အကျပ်အတည်းတွေ့နေချိန်တွင် နယ်ချဲ့ဆန့်ကျင်ရေး အင်အားစုများအနေဖြင့် လက်နက်ကိုင် တော်လှန်ရေး ကြီးတစ်ရပ် ဆင်နွှဲရန်အချိန်ကောင်းအဖြစ် သတ်မှတ်ရွေးချယ်ခဲ့ကြကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် သခင်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်တို့သည် ဂျပန်များ၏ အကူအညီဖြင့် ဟိုင်နန်ကျွန်းနှင့် ထိုင်ဝမ်ကျွန်းတို့တွင် အပင်ပန်းအဆင်းရဲခံ၍ စစ်ပညာများကိုသင်ယူခဲ့ကြကြောင်း၊ ဗမာ့လွတ်လပ်ရေးတပ်မတော်( BIA ) ကို ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့၏ ဦးဆောင်မှုနှင့်အတူ စတင်ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ဗမာ့လွတ်လပ်ရေး တပ်မတော်( BIA )သည် ဘန်ကောက်မှတစ်ဆင့် မြန်မာပြည်အတွင်းသို့ ထားဝယ်စစ်ကြောင်း၊ မော်လမြိုင်စစ်ကြောင်းနှင့် ရေကြောင်းချီတပ်ဖွဲ့များ ဖွဲ့စည်းပြီး စစ်ကြောင်းများခွဲ၍ ၀င်ရောက်ခဲ့ကာ အဓိကစစ်ကြောင်းဖြစ်သော ထားဝယ်စစ်ကြောင်း ထားဝယ်မြို့သို့ရောက်ရှိစဉ် မြို့ခံရဟန်းရှင်လူများက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပြီး လွတ်လပ်ရေးရယူလိုသည့် ပြင်းပြသောဆန္ဒများဖြင့် ( BIA )စစ်ကြောင်းသို့ အင်အားအများအပြား ပူးပေါင်းဝင်ရောက်ခဲ့ကြောင်း၊ ထို့ကြောင့် ထားဝယ်ဒေသ ပြည်သူလူထုများ၏ မျိုးချစ်စိတ်ထက်သန်မှုအရ “( BIA )အင်အားအစထားဝယ်က” ဟု တွေ့မြင်ရမှာ ဖြစ်ကြောင်း၊ ( BIA )တပ်ဖွဲ့များအနေဖြင့် လွတ်လပ်ရေးတိုက်ပွဲဆင်နွှဲရန်အတွက် ဆက်လက်ချီတက်ရာ လမ်းတစ်လျှောက်ရှိ မြို့ရွာများမှ ဒေသခံပြည်သူများ အများအပြား ၀င်ရောက်ခဲ့သည့်အတွက် အင်အားတောင့်တင်းလာခဲ့ပြီး နယ်ချဲ့တော်လှန်ရေးကြီး အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ကြောင်းပြောကြားသည်။

ဆက်လက်ပြီး ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း နယ်ချဲ့များ၏ သွေးခွဲအုပ်ချုပ်ခြင်းခံခဲ့ရမှု၊ ကွဲပြားသော နိုင်ငံရေးနောက်ခံနှင့်အယူဝါဒမတူညီခြင်း၊ သံသယစိတ်အခြေခံသည့် ကျဉ်းမြောင်းသော လူမျိုးရေးအမြင်များအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မှုမရှိခြင်းများကြောင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားခဲ့ရကြောင်း၊ ရရှိပြီးစလွတ်လပ်ရေးမဆုံးရှုံးစေရေး၊ အချုပ်အခြာအာဏာ မဆုံးရှုံးစေရေးနှင့် ပြည်ထောင်စုကြီးမပြိုကွဲစေရေးအတွက် ရောင်စုံသူပုန်များအား ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်သော တပ်မတော်က နှိမ်နင်းပေးခဲ့ကြောင်း၊ ထိုနည်းတူစွာ မြန်မာပြည် အရှေ့ဘက်ခြမ်း၌ တရုတ်ဖြူကူမင်တန်များ၏ ကျူးကျော်မှုနှင့် မြန်မာပြည် အနောက်ဘက်ခြမ်း၌ မူဂျာဟစ်ကုလားဆိုး သောင်းကျန်းသူများ၏ ကျူးကျော်မှု များကိုလည်း အချုပ်အခြာအာဏာနှင့်ဆိုင်သည့် အမျိုးသားရေးတာဝန်အဖြစ် ခံယူလျက်စွန့်လွှတ်စွန့်စား ကာကွယ်နှိမ်နင်းခဲ့ကြောင်းပြောကြားသည်။

ထို့နောက် မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကိုကျင့်သုံးခဲ့ပြီး ၎င်းစနစ်၏ အားနည်းမှု၊ ဒီမိုကရေစီကျင့်သုံးမှုအတွေ့အကြုံနှင့် အလေ့အကျင့် မပြည့်ဝမှုများကြောင့် နိုင်ငံရေးနှင့်အုပ်ချုပ်ရေးတို့တွင် မတည်ငြိမ်မှုများဖြစ်ပေါ်လာခဲ့ကြောင်း၊ ထို့ကြောင့် ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်တွင် တပ်မတော်အနေဖြင့် အိမ်စောင့်အစိုးရအဖြစ် ခေတ္တတာဝန်ယူပေးခဲ့ပြီး နိုင်ငံတစ်ဝန်းလုံး၌ ငြိမ်ဝပ်ပိပြားမှုနှင့် တရားဥပဒေစိုးမိုးမှုရရှိရေး ဆောင်ရွက်ပေး ခဲ့ကြောင်း၊ ထို့နောက်လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများကျင်းပပြီး အနိုင်ရရှိသည့် ပြည်ထောင်စုပါတီ အစိုးရထံသို့ ၁၉၆၀ ပြည့်နှစ်၊ ဧပြီလ ၄ ရက်နေ့တွင် နိုင်ငံ့တာဝန်အရပ်ရပ်ကို ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ်တွင် နိုင်ငံရေးဂိုဏ်းဂဏကွဲပြားမှုများကြောင့် အုပ်ချုပ်ရေးမဏ္ဍိုင် ယိမ်းယိုင်လာခဲ့ပြီး သောင်းကျန်းသူများ ပိုမိုထကြွလာခဲ့ကြောင်း၊ ထိုအချိန်တွင်ဖက်ဒရယ်မူနှင့် ခွဲထုတ်ရေးပြဿနာများလည်း ပေါ်ပေါက်လာခဲ့ပြီး ပြည်ထောင်စုကြီးပြိုကွဲမည့် အခြေအနေဖြစ်ပေါ်လာသည့် အတွက် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီကို ဖွဲ့စည်း၍ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ထိန်းသိမ်းခဲ့ရကြောင်း ပြောကြားသည်။

ယင်းနောက် ၁၉၈၈ ခုနှစ်တွင် အထွေထွေအားနည်းချက်များကြောင့် နိုင်ငံတော်အတွင်း ဆူပူမှုအရေးအခင်းများ ဖြစ်ပွားလာခဲ့ပြီး ပြည်ပပယောဂများ ပါဝင်လာသဖြင့် အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးပျက်ပြားကာ နိုင်ငံတော်ပြိုကွဲပျက်စီးမည့် အခြေအနေအထိရောက်ရှိလာသည့်အတွက် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် တပ်မတော်က အခြေအနေအရပ်ရပ်ကို ၀င်ရောက်ထိန်းသိမ်းခဲ့ရကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက် ပြီး နိုင်ငံတော်တည်ဆောက်ရေး အခြေခံအုတ်မြစ်များ ချမှတ်ပေးခဲ့ကြောင်း၊ ထို့အပြင် ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်နှင့် ဈေးကွက်စီးပွားရေး ဖော်ဆောင်မှုအတွက် မရှိမဖြစ်လိုအပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် ပေါ်ပေါက်လာရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို တပ်မတော်က ဦးဆောင်ကျင်းပပြုလုပ်ပေးခဲ့ပြီး ၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် အနိုင်ရပါတီအစိုးရသို့ နိုင်ငံ့တာဝန်အရပ်ရပ်ကို အဆင်ပြေချောမွေ့စွာ လွှဲပြောင်းပေးခဲ့ပြီး ယခုဆိုလျှင် ပါတီစုံဒီမိုကရေစီ ဒုတိယအစိုးရသက်တမ်းကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အမျိုးသားနိုင်ငံရေးတာဝန်များကို ဆက်လက်ထမ်းဆောင်လျက်ရှိကြောင်း၊ တိုင်းပြည်၏နိုင်ငံရေးပုံစံ၊ နိုင်ငံရေးလမ်းကြောင်းများ မည်သို့ပြောင်းလဲစေကာမူ ယင်းဖြစ်စဉ်များတွင် တပ်မတော်အနေဖြင့် မည်သည့် တိုက်တွန်းချက်မှမပါဝင်ဘဲ နိုင်ငံတော်ကာကွယ်ရေးတာဝန်နှင့် အမျိုးသားနိုင်ငံရေး တာဝန်များထမ်းဆောင် လျက်ရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း။

နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ထိပါးဆုံးရှုံးမှုမခံရအောင် ကောင်းစွာကာကွယ်နိုင်ရန် တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော် ဖြစ်ရန်လိုအပ်ကြောင်း၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုသည့်အတိုင်း မိမိတို့တပ်မတော်ကို တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိသည့် တပ်မတော်ဖြစ်အောင် တည်ဆောက်ရ မည်ဖြစ်ကြောင်း၊ Standard Army တည်ဆောက်ရန်အတွက် တပ်များကို ခေတ်နှင့်ကိုက်ညီသည့်ဖွဲ့စည်းမှုကို တစ်ဖြည်းဖြည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ကျစ်လစ်ခိုင်မာသည့် တပ်ဖွဲ့စည်းထားရှိမှုနှင့် ဟန်ချက်ညီရေး လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် တပ်မတော်ဖြစ်ရန် အတွက် လေ့ကျင့်ရေးနှင့် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ တပ်မတော်ကို ခေတ်မီတပ်မတော်အဖြစ်ရောက်ရှိအောင် ဆောင်ရွက်နေချိန် ဖြစ်သဖြင့် တပ်မတော်၏ တိုးတက်ပြောင်းလဲဆောင်ရွက်နေမှုများ နှင့်အညီ အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်းမှာကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်ကာကွယ်ရေး စွမ်းပကားတည်ဆောက်ရာတွင် စစ်ရေးကို အထောက်အကူပြုသည့် နည်းပညာနှင့် စစ်ပညာကျွမ်းကျင်မှုကို ပေါင်းစပ်ပြီး ထိရောက်စွာ အသုံးချနိုင်ရန်လည်းလိုအပ်ကြောင်း၊ ယနေ့ခေတ်သစ်စစ်ပွဲများကို လေ့လာကြည့်လျှင် စစ်မြေပြင်တစ်ခုလုံးကို စိုးမိုးနိုင်သည့်အသိ (Dominate Battlespace Knowledge)ရရှိရေးနှင့် တိကျသည့်တိုက်စွမ်းအား (Precision Strike)ရရှိရေးတို့ကို အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့်မိမိတို့ တပ်မတော်ကိုလည်း မျက်မှောက်ကာလ နည်းပညာ တိုးတက်မှုများကိုအသုံးချပြီး နိုင်ငံတကာတပ်မတော် များနှင့် ရင်ဘောင်တန်းနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

မိမိတို့တပ်မတော်အနေဖြင့် တိုင်းပြည်၏ စီးပွားရေးကောင်းမွန်ရေး အထောက်အကူရစေရန်၊ ပြည်သူလူထု၏ စားရေးသောက်ရေးအဆင်ပြေစေရန်၊ ကုန်ဈေးနှုန်းထိုက်သင့်သလောက် ထိန်းသိမ်းနိုင်ရန်အတွက် တစ်ဖက်တစ်လမ်းက ပါဝင်ကူညီသည့်အနေဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးနှင့် တပ်ပိုင်စိုက်ပျိုး မွေးမြူရေးများကို လုပ်ကိုင်ကြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ခြင်းမဟုတ်ဘဲ သက်သာချောင်ချိရေးအနေဖြင့် ဆောင်ရွက် ခြင်းသာဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်သကဲ့သို့ ခြိုးခြံချွေတာရန် လည်းလိုကြောင်း၊ အသောက်အစား၊ အပျော်အပါးများကို ထိန်းသိမ်းပြီးခြိုးခြံချွေတာမှသာ ၀င်ငွေ၊ ထွက်ငွေမျှတ မည်ဖြစ်ကြောင်း၊ ခြိုးခြံချွေတာသည့်စိတ်၊ ရောင့်ရဲတင်းတိမ်သည့်စိတ်ကို အမြဲသတိထားပြီး ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း မိမိကိုယ်ကိုယ်တိုးတက်အောင်၊ မိမိတို့တပ်မတော် စွမ်းရည်တိုးတက်အောင် ကြံဆောင်ကြိုးစားကြရမည်ဖြစ်ကြောင်း။

ထို့နောက် ယနေ့မိမိတို့နိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံအဖြစ် လျှောက်လှမ်းလျက် ရှိကြောင်း၊ ဒီမိုကရေစီစနစ်ဆိုသည်မှာ ရှုထောင့်မျိုးစုံကကြည့်ပြီး အမြင်မတူသည်များကို ပေါင်းစပ်ညှိနှိုင်းကာ တူညီသည့်သဘောထားများနှင့် စုစည်းနေထိုင်ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် မည်သည့်စနစ်ကိုပင် ကျင့်သုံးသည်ဖြစ်စေ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများရှိစမြဲ ပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီ စနစ်တွင်လည်း ဒီမိုကရေစီစံနှုန်းနှင့်အညီ လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားခွင့်ရှိသည်ဆိုသော်လည်း ပြဋ္ဌာန်းထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြောဆိုရေးသားရန်လိုအပ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်ကြောင်း၊ စည်းကမ်းဆိုသည်မှာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းညွှန်မြေပုံပင်ဖြစ်ကြောင်း၊ အခြေအမြစ်မရှိဘဲ စည်းကမ်းမဲ့ပြောဆိုရေးသားမှု များသည် အမုန်းတရားကိုဖြစ်စေပြီး နိုင်ငံတော်၏ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေသည့်အပြင် နိုင်ငံတော်တည်ဆောက်ရေးတွင်လည်း အဟန့်အတား ဖြစ်စေကြောင်းပြောကြားသည်။

ယနေ့ဖွံ့ဖြိုးတိုးတက်လာသည့် ဆက်သွယ်ရေးကွန်ရက်များတွင် သတင်းအချက်အလက် များသည် ပေါက်ကွဲလုမတတ် များပြားလာခြင်းကြောင့် မိမိတို့တပ်မတော်သားများ အနေဖြင့် အသိတရားလက်ကိုင်ထားပြီး ခွဲခြားစိတ်ဖြာတတ်ရန် လိုအပ်ကြောင်း၊ လွတ်လပ်ရေးရပြီးစကာလကလည်း နိုင်ငံရေးပါတီများ၏ လက်ကိုင်တုတ်များသည် ၎င်းတို့၏ အာဏာလွန်ဆွဲပွဲတွင် အနိုင်ရရှိရေးအတွက် မိမိတို့တပ်မတော်ကို အသုံးချရန် တပ်မတော်အတွင်း လမ်းကြောင်းအမျိုးမျိုးက သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြသည်ကို တွေ့ကြ ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့တပ်မတော်ကို ပြိုကွဲအောင်၊ ဂုဏ်သိက္ခာကျဆင်းအောင် အခြေအမြစ်မရှိသည့် ပြောဆိုရေးသားမှုများကို သတိတရား၊ အသိတရားများ နှင့်ယှဉ်ပြီးတုံ့ပြန် သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအကူးအပြောင်း ကာလတွင် တပ်မတော်ကို နိုင်ငံရေးသိက္ခာကျအောင်၊ ပြည်သူလူထု ယုံကြည်မှု ပျက်ပြားအောင်၊ တပ်မတော်သားအချင်းချင်း စည်းလုံးညီညွတ်မှုပြိုကွဲအောင် ဆန့်ကျင်ဘက်အဖွဲ့ အစည်းအချို့ကနည်းလမ်းမျိုးစုံဖြင့် ထိုးနှက်တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသည့် အတွက် ထိုသို့ထိုးနှက်တိုက်ခိုက်မှုများကို ဆင်ခြင်သုံးသပ်ပြီး တပ်တွင်းစည်းလုံးညီညွတ်ရေးကို တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်ရေး တည်ဆောက်ရာတွင် ညီညွတ်မျှတသည့် အမိန့်နှင့်တာဝန်များပေးအပ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ စည်းရုံးခြင်းတို့ကိုဆောင်ရွက်ပြီး “ဘယ်သူခွဲခွဲဒို့မကွဲ အမြဲစည်းလုံးမည်” ဆိုသည့်အတိုင်း ကျစ်လျစ်ခိုင်မာစွာ တည်ဆောက် ထားကြရမည်ဖြစ်ကြောင်း၊ တပ်ပြင်စည်းရုံးရေး ဆောင်ရွက်ရာတွင်လည်း စစ်သည်တော်ကျင့်ဝတ်များနှင့်အညီ နေထိုင်ကျင့်ကြံပြီး မိမိတို့နယ်မြေအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ သဘာဝဘေး အန္တရာယ်များနှင့် ရင်ဆိုင်ရပါကခွဲခြားမှုများမရှိဘဲ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကူညီစောင့်ရှောက်ခြင်းများ အပါအ၀င် ပြည်သူ့အကျိုးပြုလုပ်ငန်းမှန်သမျှကို ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံအတွင်း လူမျိုးစုပေါင်း ၁၃၀ ကျော်သည် ရှေးနှစ်ပေါင်းများစွာကတည်းက အတူတကွအေးချမ်းစွာ ယှဉ်တွဲနေထိုင်ခဲ့ကြကြောင်း၊ လူမျိုးစုများထဲတွင် လူဦးရေသိန်းနှင့် ချီပြီးရှိသည့် တိုင်းရင်းသား လူမျိုးစုများရှိသကဲ့သို့ လူဦးရေအနည်းငယ်သာရှိသည့် တိုင်းရင်းသားလူမျိုးစုများလည်းပါဝင်ကြောင်း၊ အင်အားနည်းခြင်း၊ များခြင်းသည် အဓိက မဟုတ်ဘဲ တိုင်းရင်းသားလူမျိုးစုအားလုံးအတွက် အခွင့်အရေးသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တစ်ပြေးညီအတူတူပင်ဖြစ်ကြောင်း၊ ဘာသာရေးတွင်လည်း မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကို အများစုကိုးကွယ်ကြပြီး အခြားဘာသာများကိုလည်း လွတ်လပ်စွာကိုးကွယ် ယုံကြည်ခွင့် ရှိကြောင်း၊ ထို့ကြောင့် ဘာသာရေးနှင့်ပတ်သက်လာလျှင် အထင်အမြင် လွဲမှားအောင် ပြောဆိုပြုမူနေခြင်း များကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း။

မိမိတို့တပ်မတော်သည် “စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးမဏ္ဍိုင်” ဆိုသည့်ဆောင်ပုဒ်အတိုင်း စည်းကမ်းကိုအခြေပြုပြီး ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ မိမိတို့တပ်မတော်ယနေ့အချိန်အထိ မယိမ်းမယိုင် ရပ်တည်နေနိုင်ခြင်းသည်လည်း စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်မှု များကြောင့် ဖြစ်ကြောင်း၊ တပ်မတော်သားတိုင်းသည် ထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာကြ ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားကောင်း တစ်ယောက်ဖြစ်ရန် အခြေခံဖြစ်သည့် အပါး ၆၀ သော စစ်သည်တော်ကျင့်ဝတ်သည် Code of Conduct သဘောသက်ရောက်သည့် ပြဋ္ဌာန်းချက်များဖြစ်သည့်အတွက် စစ်သည်တော်ကျင့်ဝတ်ကို ခါးဝတ်ပုဆိုးပမာမြဲမြံစွာ စောင့်ထိန်းကြရန်လိုအပ်ကြောင်း၊ ထို့အပြင် နယ်ဘက်ဆိုင်ရာ ဥပဒေ၊ စစ်ဘက်ဆိုင်ရာဥပဒေနှင့် စစ်ပွဲဆိုင်ရာဥပဒေများကို လိုက်နာရသည့်အပြင် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement- ROE) များကိုလည်း တိကျစွာလိုက်နာ ကြရမည်ဖြစ်ကြောင်း၊ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (ROE) ဆိုသည်မှာတပ်ရင်း၊ တပ်ဖွဲ့များအနေဖြင့် စစ်ရေးဆိုင်ရာ ရည်မှန်းချက်ကို ရရှိနိုင်ရန် ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အခြေအနေများနှင့် ကန့်သတ်ချက်များကို တရားဥပဒေနှင့်အညီ ညွှန်ကြားထားချက်၊ လမ်းညွှန်ချက် များဖြစ်ကြောင်း၊ သတ်မှတ်ပြဋ္ဌာန်းထားသည့် ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေပြဋ္ဌာန်းချက် များကို ဖောက်ဖျက် ကျူးလွန်မိလျှင်လည်း သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရပြီးမကြာမီ ကိုလိုနီနယ်ချဲ့များကျင့်သုံးခဲ့သည့် သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့် အယူဝါဒရေးအရ၊ လူမျိုးရေးအရ၊ ဘာသာရေးအရ စိတ်ဝမ်းကွဲပြားမှုများစွာ ပေါ်ပေါက်လာခဲ့ပြီး လက်နက်ကိုင် ပဋိပက္ခများ ယနေ့အချိန်အထိ ဖြစ်ပွားလျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးရရှိရန် အစိုးရအဆက်ဆက်က ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ယခုလည်း ပါတီစုံဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ပြောင်းလဲကျင့်သုံး နေပြီဖြစ်သည့် မိမိတို့နိုင်ငံတွင် သဘောထားကွဲလွဲမှုများကို လက်နက်စွဲကိုင်တောင်းဆိုရန် မလိုအပ်တော့ သည့်အတွက် နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာကြရမည်ဖြစ်ကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေး အဖြေရှာသည့် အခါတွင်လည်း တိုင်းရင်းသားပြည်သူ လူထုအားလုံး၏ လိုလားချက်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်ပေးနိုင်မည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) လမ်းကြောင်းကိုအခြေခံပြီး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးပြီး စာချုပ်ပါပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်၏ လက်ရှိနိုင်ငံရေးလမ်းကြောင်း တည်ငြိမ်မှုနှင့်ခိုင်မာမှုရှိအောင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။

တည်ငြိမ်အေးချမ်းမှုနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များကို တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး အမြန်ဆုံး ရရှိခံစားနိုင်ကြရန်အတွက် NCA မှတဆင့် ထာဝရငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက်အကောင် အထည်ဖော်ရာတွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းလုပ်ငန်းစဉ်များကို တိုးတက်အောင်လည်း ဆောက်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကိစ္စဆွေးနွေးကြသည့်အခါတွင် မဖြစ်နိုင်တာတွေတောင်းဆိုပြီး အချိန်ဆွဲနေမည့်အစား ဖြစ်သင့်ဖြစ်ထိုက်သည်များကို အရှည်မျှော်တွေးတောင်းဆို ညှိနှိုင်းကြခြင်းက ပိုမိုလက်တွေ့ဆန်ကြမည်ဖြစ်ကြောင်း၊
နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တိုင်းရင်းသားလူမျိုးများနေထိုင်သည့် ဒေသများဖွံ့ဖြိုး တိုးတက်ရေးသည် အလွန်အရေးကြီးကြောင်း၊ ယခင်တပ်မတော် အစိုးရလက်ထက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဝင် ဒေသ ၂၂ ခု သတ်မှတ်ပြီး တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ပေးခဲ့ရာ တိုင်းရင်းသားများ နေထိုင်ရာဒေသများသည် ပိုမိုဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း၊ လက်ရှိကာလတွင်လည်း နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနများ ဖွင့်လှစ်ပြီးဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် နယ်စပ်ဒေသ တွင်ရှိသော မိမိတို့တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရှိန်အဟုန် မကျသွားရန် ပိုမိုအလေးထား ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း။

မိမိတို့တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်ရေးအတွက် လိုအပ်သော အခြေခံကောင်းများ ဖြစ်ပေါ်လာအောင် ပုံဖော်ဖန်တီးပေးခဲ့ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ညင်သာချောမွေ့စွာ ဖြစ်ပေါ်စေရေး ကိုလည်း ဆောင်ရွက်ပေး ခဲ့ကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် ကျင့်သုံးလျက်ရှိသည့် ပါတီစုံဒီမိုကရေစီ စနစ် ပိုမိုခိုင်မာစေရေးအတွက် တပ်မတော်အနေဖြင့် ရိုးသားမှုကိုအခြေခံပြီး မျှော်လင့်ချက်၊ ယုံကြည်ချက် အပြည့်အ၀ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုအဖြစ်တည်ဆောက်ရာတွင် ထာဝရငြိမ်းချမ်းရေးရရှိရန် မဖြစ်မနေလိုအပ်သည့်အတွက် တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကိုအခြေခံသည့် ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ကိုချမှတ်ပြီး ခိုင်ခိုင်မာမာ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကချမှတ်ထားသည့် ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်သည် ယခင်ဖြတ်သန်းခဲ့ရသည့် ငြိမ်းချမ်းရေး အတွေ့အကြုံများနှင့် လက်ရှိငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် တွေ့ကြုံလာသည့် အခက်အခဲများအရ နိုင်ငံတော်တည်ငြိမ်ရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးတည်ချမှတ်ထားခြင်းဖြစ်ကြောင်း၊ တပ်မတော်၏ပင်မတာဝန်သည် နိုင်ငံတော် ကာကွယ်ရေးဖြစ်ပြီး ယင်းတာဝန်ကို ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲဆောင်ရွက် သွားမည်ပင်ဖြစ်ကြောင်း၊ ကာကွယ်ရေးကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် နိုင်ငံအလိုက် သမိုင်းကြောင်းအပေါ်မူတည်ပြီး ကွဲပြားမှုရှိကြောင်း၊ မည်သည့်အစိုးရ၊ မည်သည့်နိုင်ငံရေး စနစ်ဖြင့် သွားသည်ဖြစ်စေ၊ မိမိတို့တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော် ကာကွယ်ရေးနှင့် အမျိုးသားနိုင်ငံရေးတာဝန် ထမ်းဆောင်ရန်ပင်ဖြစ်ကြောင်း၊ တပ်မတော်၏အဓိက တာဝန်ကြီး များအဖြစ် ဒို့တာဝန်အရေးသုံးပါးနှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးတို့ကို အဓိကထား ဆောင်ရွက် သွားမည်ဖြစ်ပြီး နိုင်ငံ့အကျိုးပြု၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အမျိုးသားရေး အသိဖြင့်ယှဉ်ကာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် အောင်အောင် ဦးဆောင်သော စစ်ကြောင်းကြီးများမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အစီအစဉ်အတိုင်း စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုကြပြီး စစ်ရေးပြကွင်းကြီး အတွင်းမှ ပြန်လည်ထွက်ခွာကြသည်။

ထိုသို့ချီတက်အလေးပြုချိန်တွင် တပ်မတော်(လေ)မှ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၄ စီးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် တပ်မတော် (ကြည်း၊ ရေ၊လေ)အလံများကို အသီးသီးချိတ်ဆွဲ၍ အစဉ်လိုက်ပျံသန်းကြသည်။

အထူးတာဝန်တပ်ဖွဲ့ ကိုယ်စားပြု(အမျိုးသမီး)စစ်ရေးပြတပ်ခွဲမှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ရေ)မှ ရေတပ်စစ်ဆင်ရေးအထူးတပ်ဖွဲ့ (Navy SEALs)မှ အရာရှိ၊ စစ်သည်များက ရဟတ်ယာဉ်များပေါ်မှ အမြန်ဆင်းကြိုးများဖြင့် မြေပြင်ပေါ်သို့ အသီးသီးဆင်းသက်ကြပြီး စစ်ရေးပြ စစ်ကြောင်းများနှင့်အတူ လိုက်ပါချီတက်ကြသည်။

ထို့နောက် တပ်မတော်(လေ)မှ တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးနှင့် အပေါ့စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၃ စီးတို့က အမျိုးအစားမတူညီသော ရဟတ်ယာဉ်များ အုပ်ဖွဲ့လျက်ပုံစံဖြင့်လည်းကောင်း၊ အပေါ့စားသယ်ယူပို့ဆောင်ရေး လေယာဉ် ၃ စီးက Vic Formation ပုံစံဖြင့်လည်းကောင်း၊ အလတ်စား သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စီး၊ အမောင်းသင်လေယာဉ် ၄ စီးတို့က အမျိုးအစားမတူညီသော အုပ်ဖွဲ့လျက် Arrow Head Composite Formation ပုံစံဖြင့်လည်းကောင်း၊ အလတ်စားသယ်ယူ ပို့ဆောင်ရေးလေယာဉ် ၁ စီး၊ တိုက်ခိုက်ရေးဂျက်လေယာဉ် ၂ စီးတို့က အမျိုးအစားမတူ အုပ်ဖွဲ့ပျံသန်း၍ Composite Formation ပုံစံဖြင့်လည်းကောင်း၊ အလတ်စားသယ်ယူ ပို့ဆောင်ရေးလေယာဉ် ၁ စီးနှင့် အပေါ့စား အမောင်းသင်ဂျက်တိုက်လေယာဉ် ၄ စီးတို့က Smoke Trail များအသုံးပြုပျံသန်း၍လည်းကောင်း၊ အဆင့်မြင့် လေ့ကျင့်ရေးဂျက်တိုက် လေယာဉ် ၄ စီးကပျံသန်း၍လည်းကောင်း၊ ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ် ၅ စီးက Arrow Head Formation ပုံစံဖြင့် လည်းကောင်း၊ ဘက်စုံသုံးဂျက်တိုက်လေယာဉ် ၅ စီးက Arrow Head Formation ပုံစံဖြင့်ပျံသန်းပြီး ယပ်တောင်သဏ္ဌာန်ခွဲထွက်ကာ မီးကျည်များ ပစ်လွှတ်၍လည်းကောင်း အသီးသီး သရုပ်ပြပျံသန်းပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အား အလေးပြုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် အခမ်းအနား တက်ရောက်လာကြသူများအား နှုတ်ဆက်၍ စစ်ရေးပြကွင်းကြီးမှ ပြန်လည်ထွက်ခွာသွားပြီး ၂၀၁၈ ခုနှစ် (၇၃)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

၂၀၁၈ခုနှစ်၊ (၇၃)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြကျင်းပသော နေပြည်တော် စစ်ရေးပြကွင်းကြီးတွင် ခံ့ညားစွာစိုက်ထူထားသည့် ပထမ၊ ဒုတိယနှင့် တတိယ မြန်မာနိုင်ငံတော်တို့ကို တည်ထောင်ခဲ့ကြသော မင်းသုံးပါးတို့၏ ကြေးရုပ်တုကြီး များကိုလည်းကောင်း၊ တပ်မတော်နေ့ မီးရှူးတိုင်နှင့် (၇၃)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်တံဆိပ်ကြီးကိုလည်းကောင်း၊ ၀င့်ထည်စွာတွေ့မြင်နိုင်သည့်အပြင် ဗမာ့လွတ်လပ်ရေးတပ်မတော်အလံ၊ ဗမာ့ကာကွယ်ရေးတပ်မတော်အလံ၊ တပ်မတော်(ကြည်း၊ရေ၊လေ) အလံများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ညွှန်ကြားရေးမှူးရုံးအလံများ၊ တိုင်းစစ်ဌာနချုပ်၊ တပ်မဌာနချုပ် အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၏ အမှတ်တံဆိပ်ပါ ရောင်စုံအလံများ တလွင့်လွင့် လွှင့်ထူထားကြသည် တို့ကိုလည်းတွေ့မြင်နိုင်သည်။

ထို့အပြင်(၇၃)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် စုရပ်သစ်တပ် စစ်ရေးပြကွင်းအနီးရှိ ရန်ကုန်-မန္တလေးကားလမ်းမနှင့် ပင်လောင်းလမ်းဆုံတွင် မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေမည့် တပ်မတော် (ကြည်း၊ ရေ၊လေ)စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကြူးထားသော ပိုစတာကြီးများကို စိုက်ထူထားရှိ၍ စစ်ကြောင်းကြီးများချီတက်ရာ လမ်းတစ်လျှောက် တွင်လည်း တပ်မတော်၏ ဆောင်ပုဒ်များအား မြန်မာ၊အင်္ဂလိပ်နှစ်ဘာသာဖြင့် ဆိုင်းဘုတ်များစိုက်ထူထားပြီး စာတန်းများကိုလည်း ချိတ်ဆွဲထားရှိသည်။ (၇၃)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများကလည်း စိတ်ပါဝင်စားစွာဖြင့် လာရောက်သတင်း ရယူခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger