www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 26, 2018

ဆောင်းအကုန် နွေအကူး နွေဦးကာလ ဖြစ်သော်လည်း အအေးဓာတ် ရှိနေသေးခြင်းကြောင့် နေပြည်တော်ရေပူစမ်း၌ အပန်းဖြေသူများ စည်ကားလျက်ရှိ



နေပြည်တော် ၂၆-၂-၂ဝ၁၈

ယခုကာလသည် ဆောင်းအကုန် နွေအကူးဖြစ်သည့် နွေဦးကာလရောက်ရှိပြီ ဖြစ်သော်လည်း အအေးဓာတ် မကုန်သေးသည့်အတွက် နေပြည်တော်ရေပူစမ်း အပန်းဖြေစခန်း၌ အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါရေပူစမ်း အပန်းဖြေ စခန်းသို့ လာရောက်သူများသည် ရေပူစိမ်သူများ၊ လာရောက် လေ့လာသူများနှင့် အပန်းဖြေလိုသူများ ဖြစ်ကြပြီး မိသားစုလိုက် သော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း၊ တစ်ဦးတစ်ယောက်ချင်း အနေဖြင့် သော်လည်းကောင်း လာရောက်ကြခြင်း ဖြစ်သည်။

ရေပူစမ်းမှ ထွက်ရှိသောရေသည် အပူချိန် ၉၈ ဒီဂရီစင်တီဂရိတ် ရှိပြီး တစ်နာရီလျှင်ဂါလန် ၈ဝဝဝ မှ ၁ဝဝဝဝ အထိထွက်ရှိကာ ကြက်ဥများကို သုံးမိနစ်ခန့် ရေပူတွင်စိမ်၍ စားနိုင်သည်။

''ရေပူကန်ထဲကို စိမ်လိုက်တာနဲ့ အညောင်းအညာတွေ ပြေသွားတယ်။ စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွ သွားသလိုခံစားရတယ်။ ဆောင်းရာသီဆိုရင်တော့ ပိုပြီးစိမ်လို့ ကောင်းတယ်။ အခုရာသီက နွေဦးပေါက်ကာလဖြစ်ပေမယ့်လည်း အအေးဓာတ် မကုန်သေးတော့ ရေကစိမ်လို့ ကောင်းနေတုန်းပါပဲ''ဟု ရေပူစမ်းတွင် အပန်းဖြေသူ မခိုင်မာမာလင်းက ပြောသည်။

နေပြည်တော်ရေပူစမ်း အပန်းဖြေစခန်း၌ သဘာဝအလျောက် ရေပူများထွက်ရှိသော နေရာသုံးခုရှိပြီး ဝန်ဆောင်ခအနေဖြင့် လူတစ်ဦး ငွေကျပ် ၅ဝဝ၊ ကားတစ်စီး ငွေကျပ်၂ဝဝဝ၊ ဆိုင်ကယ်တစ်စီး ငွေကျပ် ၅ဝဝ ကောက်ခံပြီး ပြင်ပစုပေါင်း ရေစိမ်ကန်တွင် အခကြေးငွေမယူဘဲ သီးခြားရေစိမ်ကန်များတွင် တစ်ဦးလျှင် တစ်နာရီ ငွေကျပ် ၁ဝဝဝ နှုန်းကောက်ခံ၍ သီးခြားအခန်းများတွင် အဝတ်လဲခန်း၊ အဝတ်လှန်းစင်၊ ရေချိုးဆပ်ပြာ၊ သန့်စင်ခန်းများ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် အပန်းဖြေသူများ အနေဖြင့် ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ်၂၇၁/၄ မိုင်ရှိ ကင်းသာလမ်းခွဲမှ ပင်လောင်း လမ်းအတိုင်းသွားပြီး ကင်းသာမှ ၂၁ မိုင်ရှိ ကိုးကွေ့ရွာသို့ ရောက်ရှိလျှင် ယင်းကျေးရွာအနီးရှိ ရေတံခွန်၌ လည်းကောင်း၊ တောင်ကျရွာအလွန်ရှိ မိုင် တိုင်အမှတ် ၂၄/၄ မှ လမ်းခွဲအတိုင်း ၁ မိုင် ၆ ဖာလုံခန့် ကတ္တရာလမ်း အတိုင်းသွားလျှင် နေပြည်တော်ရေပူစမ်း အပန်းဖြေစခန်း၌ လည်းကောင်း အပန်းဖြေနိုင်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger