www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 17, 2017

ဘာကြောင့် စာဖတ် ဖို့လိုသလဲ


ဆောင်းပါး ၁၇-၁၁-၂ဝ၁၇
.
အတွေ့အကြုံ ဗဟုသုတသည် စဉ်းစားဥာဏ်အတွက် ထင်းနှင့်တူ၏။ စဉ်းစားဥာဏ်သည်ကား ထိုထင်းနှင့်ချက်ရသော ထမင်းနှင့်တူ၏။ 
.
ပီမိုးနင်း(၁၂၄၅-၁၃ဝ၁) လူပေါ်ကလူ
.
စဉ်းစားဥာဏ်ရင့်သန်ရန်
.
လောက၌သင်ယူစရာ များများလှ၏။ လူတစ်ဦးတစ်ယောက်၏ တစ်သက်တာဘဝ အတွေ့အကြုံဖြင့် လောက၏ သင်ယူစရာ ပညာရပ်တို့ကို ပြည့်စုံကုံလုံအောင် သင်ကြားနိုင်မည်မဟုတ်။ မည်သည့် အောင်မြင်သော ကိစ္စမဆို စဉ်းစားဥာဏ်ကို အခြေခံ၍ တည်ဆောက်ရလေသည်။ ထိုစဉ်းစားဥာဏ်အတွက် အထောက်အပံ့ကောင်းမှာ ထင်းနှင့်တူသော ဗဟုသုတ ဖြစ်လေသည်။
.
ထိုအတွေ့အကြုံများ၊ ဗဟုသုတများသည် စာအုပ်စာပေထဲတွင် ရနိုင်၏။ ထို့ကြောင့် ကြီးပွားတိုးတက် လိုသူတိုင်း စဉ်းစားဥာဏ်၏ အထောက်အပံ့ ကောင်းရရန် စာပေဖတ်ရှုခြင်းအလုပ်ကို မလွဲမသွေလုပ်ရမည် ဖြစ်သည်။
.
ကမ္ဘာပေါ်၌ အင်္ဂလန်နိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ရှိ စာကြည့်တိုက်များသည် နှစ်ကာလ ကြာမြင့်စွာက တည်ရှိနေသော စာကြည့်တိုက် ကြီးများဖြစ်၏။ မျက်မှောက်ကာလ၌ အချို့သည် e-Library များဖြစ်၏။ ဤစာကြည့်တိုက် များသည် အဖိုးတန် ရတနာနှင့်တူသော စွယ်စုံကျမ်းအစရှိသည့် စာအုပ်စာပေများကို သိမ်းဆည်း သိုလှောင်ထား၏။ အချို့ကား ပညာရပ်ဆိုင်ရာ ရည်ညွှန်း စာကြည့်တိုက်များ ဖြစ်၍ အထူးလောင်စာ ထင်းပုံကြီးများ နှင့်တူလှ၏။ စဉ်းစားဥာဏ်ဟူသော ထမင်းကို ရရန် ထင်းနှင့်တူသော ထိုစာအုပ်စာတမ်းများကို ဖတ်ရှုရန်လိုအပ် လေသည်။ ဤကားဆရာကြီး ပီမိုးနင်းအတွေးကို ဆပွားတွေးယူခြင်း ဖြစ်သည်။
.
တိုးတက်သည့် နိုင်ငံများ
.
တိုးတက်သော လူမျိုးသည် စာဖတ်ကြ၍ စာဖတ်သော လူမျိုးသည် တိုးတက်မြဲဖြစ်သည်ဟု ဆိုကြသည်။ သို့ဖြစ်လျှင် နိုင်ငံတစ်နိုင်ငံသည် စာဖတ်သော ဝါသနာကို ပျိုးထောင်နိုင်လေ နိုင်ငံနှင့်တစ်ဝန်း တိုးတက်လေဟုသာ ဆိုရပေမည်။ ယနေ့ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများမှ ပြည်သူအများစုသည် စာဖတ်သော ပြည်သူများဖြစ်သည်။ သူတို့သည် နေရာမရွေး၊ ဒေသမရွေး စာကြည့်တိုက်တွင်၊ ကော်ဖီဆိုင်တွင်၊ ရထားပေါ်တွင်၊ ဘတ်စကားပေါ်တွင် စာဖတ်ကြသည်ကို တွေ့ရသည်။ ဘာကြောင့် စာဖတ်ကြပါသနည်း။ အဖြေမှာ အသိပညာမိုးကုတ် စက်ဝိုင်းကို ချဲ့ထွင်ရန် မိမိထက်ရှေ့ရောက် နေသူများနောက် အမီလိုက်ရန်ပင် ဖြစ်သည်။
.
စာတတ်မြောက်မှုကို ဆန်းစစ်ခြင်း
.
ကမ္ဘာ့လူဦးရေ သန်း ၇ဝဝဝ ကျော်မှာ စာတတ်သူ သန်း ၄ဝဝဝ ကျော်ရှိသည်ဟု ကုလသမဂ္ဂစာရင်း ဇယားများအရ သိရသည်။ ထို့ပြင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှာရာခိုင်နှုန်းပြည့် စာတတ်သည့်နိုင်ငံက ၁ဝနိုင်ငံခန့်သာရှိပြီး ၅ဝရာခိုင်နှုန်း စာတတ်သူက နိုင်ငံပေါင်း ၂ဝခန့်သာရှိသည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၏ စာတတ်မြောက်မှု ရာခိုင်နှုန်းသည် ၂ဝ၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အစီရင်ခံစာအရ ၈၉ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပြီး ကမ္ဘာ့အဆင့် စာတတ်မြောက်မှု ၆၈ နိုင်ငံမြောက်ဖြစ်သည်ဟု မှတ်သားမိသည်။ မေးရန်မှာ "မြန်မာနိုင်ငံက စာတတ်သူတွေအားလုံး စာဖတ်ကြပါသလား" မေးခွန်းပင် ဖြစ်သည်။ သေချာသည်မှာ မြန်မာနိုင်ငံ စာတတ်မြောက် သူများထဲတွင်ဘွဲ့ရလျှင် ပညာရေးဆုံးခန်းတိုင် ရောက်ပြီဟု ယူဆသူများနှင့် စာတတ်ပြီး စာမဖတ်သူများက အများစုဖြစ်နေ ပေလိမ့်မည်။
.
အတွေးအမြင်ပြောင်းလဲရန်
.
စာရေးသူသည် အဏ္ဏဝါသိပ္ပံ တတိယနှစ်ကျောင်းသား ဘဝက ဆရာဖြစ်သူ ဆရာကြီးဒေါက်တာ မင်းသိန်း (မြန်မာနိုင်ငံတွင် စပီရူလိုင်းနားကို စတင်တွေ့ရှိသူ ပညာရှင်) သည် သူ့အိမ်က စာအုပ်စင်ကို ရှင်းလင်းရန် စာရေးသူ အပါအဝင် ကျောင်းသားလေး၊ ငါးဦးကိုခေါ်သည်။ စာအုပ်များရှင်းလင်းစဉ် ပေးစာများတွဲထားသော ဖိုင်တစ်ခုကို တွေ့ရသည်။ဆရာက "နိုင်ငံခြားတွင် ပါရဂူဘွဲ့သင်တန်း တက်ရောက်စဉ်က ကြုံတွေ့ခဲ့ရသည့် သူငယ်ချင်းများက
သူ့ထံသို့ စာအဆက်အသွယ် မပြတ်ကြောင်း၊ မည်သည့် သုတေသနကို လုပ်နေကြောင်း၊ ပညာရပ်နှင့် ဆိုင်သော အသစ်တွေ့ရှိချက် များရှိပါက မျှဝေရန်" စသည်ဖြင့် သူငယ်ချင်းများက ဆက်သွယ်ရေးသားသော စာဖိုင် ဖြစ်ကြောင်း ပြောပြသည်။
.
ထိုအချိန်က ဆရာကြီး၏အပြုအမူကို ကောင်းစွာ နားမလည်ခဲ့ပါ။ နောင်မှ "သြော်...ပါရဂူဘွဲ့ရသော်လည်း ပညာကရပ်တန့် နေခြင်းမရှိ၊ ဆုံးခန်းမတိုင် သေးပါလား" ဟူသော အတွေးအမြင်ကို ရခဲ့သည်။ယခုမှ ဆရာကြီး၏ သုတေသနအလုပ်သည် ဇွဲကောင်းအားသန်သည့် စိတ်ဓာတ်ကို ဂုဏ်ယူအားကျမိသည်။
.
စာပေယဉ်ကျေးမှုကို ထိန်းသိမ်းရန်
.
စာပေသည် လူအားလုံး၏မိတ်ဆွေ၊ ဘာသာစကား၏ ယဉ်ကျေးမှု 'စာပေမြင့်မှ လူမျိုးတင့်မည်' ဆိုသောစကားကို ထောက်လျှင် စာပေရှိသော လူမျိုး၊စာပေထွန်းကားသော နိုင်ငံသာ ကမ္ဘာ့အလယ်တွင် တင့်တယ်နိုင်ပေသည်။
.
သို့ဆိုလျှင် လူသားမျိုးနွယ်စု မတိမ်ကော၊ မပျောက်ကွယ်ရန်၊ စာပေယဉ်ကျေးမှုကို ထာဝစဉ် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လှသည်။ ကမ္ဘာပေါ်တွင် လူမျိုးအလိုက် သက်ဝင်လှုပ်ရှား ရှင်သန်နေသော ဘာသာစကား အမျိုးပေါင်း ၆၈ဝဝခန့် ရှိသည်ဟု ဆိုသည်။ ထိုသို့ ရှင်သန်သက်ဝင်နေသော ဘာသာစကားနှင့် စာပေထဲတွင် မြန်မာဘာသာစကားနှင့် စာပေလည်း ပါဝင်သည်။ ထိုသို့ရှင်သန်နေသော စကားနှင့် စာပေများတွင် အင်္ဂလိပ်စာပေ နှင့်စကားက နိုင်ငံတကာသုံး ဘာသာစကားနှင့် စာပေအဆင့် ရောက်သည့်အပြင် တရုတ်၊ အာရဗီနှင့်ဟင်ဒီ ဘာသာစကားနှင့် စာပေတို့ကလည်း လူသန်းပေါင်းများစွာ ပြောဆိုသုံးစွဲကြသည်။
.
မျိုးချစ်စိတ်ပြင်းထန်သော ကိုဂျပန်တို့က သူတို့စာနှင့်စကားကို နှစ်သက်မြတ်နိုးစွာ သုံးစွဲကြသည်။သူတို့နိုင်ငံတွင် အလုပ်လုပ်ကို အခြေခံဂျပန်ဘာသာ စကားနှင့်စာကို မတတ်ပါက အလုပ်မခန့်ပါ။
.
စာရိတ္တဖွံ့ဖြိုးရန်
.
မျက်မှောက်ကာလ စာရေးသူတို့နိုင်ငံမှ ကလေးများ ဖတ်စာအုပ်စနစ်နှင့် စာမေးပွဲစနစ် နွံအတွင်းမှ ရုန်းမထွက်နိုင်သေးပါ။ ဖွံ့ဖြိုးရေးဘာသာ စာရိတ္တနှင့် ပြည်သူ့နီတိကလည်း အရေးမပါသေးသည့် အခြေအနေ ဖြစ်သည်။ စာရိတ္တနှင့်ပြည်သူ့ နီတိပညာရေး မရှင်သန် မဖွံ့ဖြိုးသည့်အတွက် နိုင်ငံသား၏ တာဝန်ဝတ္တရား (Civics Duty)၊ ကျင့်ဝတ်တာဝန် (Moral Duty) နှင့် ယဉ်ကျေးပျူငှာမှု (Etiquette Duty) အလေ့အကျင့်ကောင်းများ လျော့ကျ လာသည်။
.
သည်အချက်ကို ကိုယ်ကျင့်ဝတ္တရား၊ စာရိတ္တဆိုင်ရာ စာပေများ လေ့လာဖတ်ရှု စေခြင်းအားဖြင့် ပြုပြင်နိုင်သည်။
.
ဘာသာစကားဖွံ့ဖြိုးရန်
.
ဘာသာစကား ဆိုသည်မှာ သုံးစွဲမှုနည်း လာသည့်အခါ တဖြည်းဖြည်း ပျောက်ကွယ်သွားနိုင်သည်။ ဥပမာအဖြစ် အေဒီလေးရာစုမှ ငါးရာစုထိ ထွန်းကားခဲ့သော ပျူဘာသာစကားနှင့် စာပေက သက်သေခံနေ ပေသည်။ ဘာသာစကားနှင့် စာပေပျောက်ကွယ်ခြင်းက လူမျိုးပျောက်ရန် ပင်ဖြစ်သည်။
.
ဘာသာစကားစွမ်းရည်ဟု ဆိုသည့်အခါ အင်္ဂလိပ်ဝေါဟာရ L.S.R.W ဟု မှတ်သားမိသည်။ အနာအကြားစွမ်းရည် (Listening Skill)၊ အပြောအဆိုစွမ်းရည် (Speaking Skill)၊ အဖတ်အရွတ်စွမ်းရည် (Reading Skill) နှင့် အရေးအသားစွမ်းရည် (Writing Skill) တို့ကိုဆိုလိုသည်။ ဤတွင် အနာအကြားစွမ်းရည်နှင့် အဖတ်အရွတ်စွမ်းရည်ကို လက်ခံမှု စွမ်းရည်၊ အပြောအဆိုစွမ်းရည်နှင့် အရေးအသားစွမ်းရည်ကို ထုတ်ဖော်မှုစွမ်းရည်ဟု ပညာရှင်တို့ မှတ်ချက်ပြုသည်။
.
အချုပ်အားဖြင့် စာဖတ်ခြင်းသည် စဉ်းစားဥာဏ် ရင့်သန်ရန်၊ လူတစ်ဦးချင်းစီနှင့် နိုင်ငံတိုးတက်ရန်၊ မှန်ကန်သော အတွေးအမြင်ရရန်၊ စာပေယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ရန်၊ စာရိတ္တဖွံ့ဖြိုးရန်နှင့် ဘာသာစကား ဖွံ့ဖြိုးရန် အတွက် တစ်မျိုးသားလုံး၊ ကောင်းနိုးရာရာ စာပေတို့ကို လေ့လာဖတ်ရှုရန် လိုအပ်ပါကြောင်း 'အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်း ဖြစ်ထွန်းလာရေး' ကို ရည်ရွယ်၍ ရေးသားလိုက်ရပေသည်။
.
မြဝတီနေ့စဉ်သတင်းစာ စာ (၁၄)
.
#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page