www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 31, 2017

အတိတ်သမိုင်းတွင် တိုင်းရင်းသားအားလုံး စုစည်းညီညွတ်စွာဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို ထူထောင်နိုင်ခဲ့


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တူရကီနိုင်ငံသံအမတ်ကြီး H.E.Mr. Kerem Divanlioglu အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၃၁-၅-၂၀၁၇

အဓိကတိုင်းရင်းသား ၈ မျိုးနှင့် တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၃၀ ကျော်ရှိသော နိုင်ငံတစ်ခုအနေဖြင့် တိုင်းရင်းသား စုစည်းညီညွတ်မှုရရှိရန်မှာ ခက်ခဲသော်လည်း အတိတ်သမိုင်းတွင် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်း တရားကြီးတို့လက်ထက် မိမိတို့တိုင်းရင်းသားများအားလုံး စုစည်းညီညွတ်စွာဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို ထူထောင်နိုင်ခဲ့ကြောင်း၊ တစ်ဖက်တွင်လည်း မိမိနိုင်ငံကိုလိုနီဖြစ်ခဲ့စဉ်က နယ်ချဲ့ဗြိတိသျှတို့၏ခွဲခြားဆက်ဆံ အုပ်ချုပ်ခဲ့မှုကြောင့် တိုင်းရင်းသားအချင်းချင်း အထင်အမြင်လွဲမှားမှုများကို ယနေ့ တိုင်ဖြေရှင်းနေရဆဲဖြစ်ကြောင်း၊ ယင်းသမိုင်းကြောင်း ဖြစ်စဉ်များအရ မိမိတို့အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက် ကြရမည် ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တူရကီ နိုင်ငံသံအမတ်ကြီး H.E.Mr. Kerem Divanlioglu အား လက်ခံတွေ့ဆုံရာ၌ ထည့်သွင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တာဝန်ရှိသူတို့ တက်ရောက်ကြပြီး တူရကီနိုင်ငံ သံအမတ်ကြီးနှင့်အတူ သံရုံးဒုတိယ အကြီးအကဲ Mr. Eymen Ozsahin တို့ တက်ရောက်ကြသည်။

ဦးစွာဧည့်သည်တော် သံအမတ်ကြီးက မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို စိတ်ဝင်စားပါကြောင်း၊ တပ်မတော်စစ်သမိုင်းပြတိုက်သို့ ရောက်ရှိလေ့လာစဉ် ပထမမြန်မာနိုင်ငံတော် ထူထောင်ခဲ့သည့် အနော်ရထာမင်း လက်ထက်ရှေး နှစ်ပေါင်း ၁၀၀၀ ကျော်ခန့်ကပင် မြန်မာ-တူရကီနှစ်နိုင်ငံ၏ ရပ်တည်မှု၊ ဆက်ဆံမှုများ ရှိခဲ့ကြောင်း၊ ယဉ်ကျေးမှုနှင့်လူမှုရေးဆိုင်ရာ တူညီသည့် သမိုင်းကြောင်းများ ရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း ပြောကြား၍ လက်ရှိနှစ်နိုင်ငံအကြား လေကြောင်းဆိုင်ရာ၊ ပညာရေးနှင့်ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေသည့် အခြေအနေများ၊ မြန်မာ့တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့် အခြေ အနေများ၊ တူရကီနိုင်ငံ၌ နိုင်ငံတော်ကာကွယ်ရေး ဆောင်ရွက်ရာတွင် ရင်ဆိုင်နေရသည့် အကြမ်းဖက်မှုကိစ္စရပ်များ၊ နိုင်ငံ၏လုံခြုံရေး၊ ဒီမိုကရေစီရေးနှင့်ဖွံ့ဖြိုး တက်မှုများ လုပ်ဆောင်ရာတွင် ပြင်ပပယောဂ ၀င်လာပါက အခက် အခဲများတွေ့ရှိနိုင်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံနှင့် တူရကီနိုင်ငံသည် အလှမ်းကွာဝေးသော်လည်း မိတ်ဆွေနိုင်ငံများဖြစ်ကြောင်း၊ ရှေးယခင်တူရကီ အင်ပါယာမှာ များစွာကြီးမားကျယ်ပြန့်ပြီး ယဉ်ကျေးမှု အရ၊ နည်းပညာအရ၊ စီးပွားရေး အရမြင့်မားသည်ကို လေ့လာသိရှိရပါကြောင်း၊ လက်ရှိအခြေအနေတွင်လည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ နယ်ပယ်များစွာရှိကြောင်း၊ တစ်ချို့စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုများ တွင်နောက်ကွယ်မှ ကိစ္စရပ်များ ပါဝင်မှုများရှိနေသည်ကို တွေ့ရှိရ၍ သိရှိလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ အကြမ်းဖက်မှုကာကွယ် တားဆီးရေး လုပ်ငန်းများမှာလည်း တစ်နိုင်ငံတည်းလုပ်ဆောင်၍ မရသဖြင့် တပ်မတော် နှစ်ရပ် အကြားအကြမ်းဖက်မှု ဆိုင်ရာများတွင် အပြန်အလှန်သတင်းဖလှယ်ရယူ၍ ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဆက်သွယ်မှု လမ်းကြောင်းများ ယခုထက် ပိုမိုတိုးမြှင့်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးသည်။

ယင်းနောက် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေး ဆောင်ရွက်ခဲ့မှု၊ ရခိုင်ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်နေမှု၊ တူရကီနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ရပ်တည်လုပ်ဆောင်နေမှု အခြေအနေများ၊ အဓိကအားဖြင့် စာရင်းဇယားပြုစုပြီး စိစစ်နိုင်ရေးအတွက် နားလည်လက်ခံ လိုက်ပါလုပ်ဆောင်ရန် လိုအပ်မှု၊ ရိုးသားမှုနှင့် ယုံကြည်မှုအပေါ်တွင် အခြေခံလုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုရရှိ နိုင်ကြောင်းတို့အား အပြန်အလှန်ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တူရကီနိုင်ငံသံအမတ်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawdaydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger