www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 31, 2017

မန္တလေးမြို့ မိုဘိုင်းဖုန်းသုံးစွဲမှု၏ ၇၀ ရာခိုင်နှုန်းသည် စမတ်ဖုန်းအသုံးပြုသူများဖြစ်ပြီး ဒေတာသုံးစွဲမှုမှာ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ သုံးစွဲမှုထက် ပိုများနေ



မန္တလေး ၊ ၃၁-၃-၂၀၁၇

မန္တလေးမြို့ အတိုင်းအတာအရ မိုဘိုင်းဖုန်း သုံးစွဲမှုတွင် ၇ဝ ရာခိုင်နှုန်းသည် စမတ်ဖုန်း အသုံးပြုသူများ ဖြစ်နေပြီး လူတစ်ဦးချင်း ဒေတာ အသုံးပြုမှုသည် တစ်လလျှင် 1.5 GB ခန့်ထိရှိနေရာ ၄င်း ပမာဏသည် ဖွံ့ဖြိုးပြီးနိုင်ငံ များ၏ သုံးစွဲမှုထက် ပိုများနေသည်ဟု အရှေ့မြောက် ဒေသ စီးပွားရေးတာဝန်ခံ Arindam Sengupta (တယ်လီနော) က ဆိုသည်။

မန္တလေးတစ်မြို့လုံး အတိုင်းအတာအရ မိုဘိုင်းဖုန်းဖြင့် ဒေတာ အသုံးပြုမှုသည် ထိုင်းနိုင်ငံ နှင့် မလေးရှားနိုင်ငံ တို့ထက်ပင် ပိုမိုများပြား နေကြောင်း ၄င်းက ပြောပြသည်။

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ တို့တွင် အင်တာနက် ဆက်ကြောင်းများ တည်ဆောက်ရာတွင် အချိန်ကြာမြင့်စွာ ဆောင်ရွက်ခဲ့ရ သော်လည်း မန္တလေးမြို့တွင် ဆက်ကြောင်းများ တည်ဆောက်ရာတွင် အချိန်တိုအတွင်း
ပြုလုပ်နိုင်ခဲ့ သည်ဟု Arindam Sengupta ကဆိုသည်။

''မန္တလေးမှာရှိတဲ့ မိုဘိုင်းလ်ဖုန်းက တစ်ဆင့် ဒေတာ အသုံးပြုမှုဟာ ခြောက်လကြာတိုင်း ၂ဝ ရာခိုင်နှုန်း တိုးလာနေပါတယ်'' ဟု Arindam Sengupta က ပြောပြသည်။

ဒေတာအသုံးပြုမှုတွင် လူမှုကွန်ရက် စာမျက်နှာများ အသုံးပြုခြင်း၊ ဗီဒီယိုဖိုင်များ ကြည့်ရှုခြင်း၊ တေးဂီတဖိုင်များ ကြည့်ရှုခြင်း၊ You Tube အသုံးပြုခြင်း စသည်ဖြင့် စုံလင် စွာသုံးစွဲကြပြီး စုစုပေါင်း စမတ်ဖုန်းသုံးစွဲမှု ၏ ၆၅ ရာခိုင်နှုန်း သည် ဒေတာ သုံးစွဲလျက် ရှိကြောင်း သိရသည်။

ဒေတာဖြင့် ဖုန်းခေါ်ဆိုခြင်း သည် ဖုန်းလိုင်းမှ ခေါ်ဆိုခြင်းထက် ငွေကြေး ကုန်ကျမှု သက်သာခြင်းကြောင့် ဒေတာကို အသုံးပြု၍ ဖုန်းခေါ်ဆိုမှုမှာလည်း မြင့်မားလျက် ရှိကြောင်း သိရသည်။

၂ဝ၁၃-၂ဝ၁၄ ခုနှစ်အတွင်း လူဦးရေ ၁ဝဝဝ လျှင် တယ်လီဖုန်း ၁၅၂ လုံး သုံးစွဲနိုင်ရန် ဆက်သွယ်ရေး ကဏ္ဍမှ ရည်မှန်းခဲ့ပြီး ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် လူဦးရေ ၁ဝဝဝ ၏ တယ်လီဖုန်း သုံးစွဲနိုင်မှု အခြေအနေမှာ ၅၄၆ ဦးဖြစ်ခဲ့ကြောင်း အမျိုးသား စီမံကိန်း နှစ်ပတ်လည် အစီရင်ခံစာများတွင် ဖော်ပြပါရှိသည်။ ထိုသို့ တိုးတက်မှုများ ဖြစ်လာရခြင်းမှာ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအပြင် ပုဂ္ဂလိက အော်ပရေတာ များဖြစ်သည့် တယ်လီနော၊ အော်ရီဒူးတို့ ပါဝင်လာခြင်း ကြောင့်ဖြစ်ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် အစဉ် တိုးချဲ့တပ်ဆင် ပေးခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ယခုအခါ မြန်မာနိုင်ငံ လူဦးရေ၏ ၉ဝ ရာခိုင်နှုန်းခန့်သည် မိုဘိုင်းလ်ဖုန်း အသုံးပြုသူ များဖြစ်နေပြီး ၆၅ ရာခိုင်နှုန်းသည် ဒေတာ သုံးစွဲသူများ ဖြစ်နေကြောင်း သိရသည်။ ပြီးခဲ့သည့် လေးလခန့်မှစ၍ ဒေတာ အသုံးပြုမှုနှုန်းမှာ ၁၅ ရာခိုင်နှုန်း တိုးတက်လာနေပြီး သုံးစွဲမှု အနေအထား များအရ ၂ဝ၁၈ ခုနှစ်တွင် တယ်လီနောမှ တစ်နိုင်ငံလုံးတွင် တာဝါတိုင်ပေါင်း တစ်သောင်းခန့် တိုးချဲ့သွားမည် ဟု သိရသည်။

မြန်မာနိုင်ငံ၏ ဒေတာသုံးစွဲမှု မြင့်မား လာခြင်းကြောင့် ဆက်သွယ်ရေး အော်ပရေတာ များက အင်တာနက် နှုန်းမြန်ဆန် ကောင်းမွန်ရေးကို အလေးထား လုပ်ဆောင် လာကြသည်ဟု သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger