www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 28, 2017

နည်းပညာနှင့် သက်မွေးပညာသင် ကျောင်းသားများ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပညာတော်သင် ထွက်ခွာ


တာဝန်ရှိသူများနှင့် ပညာတော်သင် ကျောင်းသား ကျောင်းသူများ
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စုပေါင်းဓာတ်ပုံရိုက်စဉ်

နေပြည်တော် ၊ ၂၈-၂-၂၀၁၇

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နည်းပညာနှင့် သက်မွေးပညာ ဖလှယ်ရေးအစီအစဥ်အရ မြန်မာနိုင်ငံ၏ ပညာရေးဝန်ကြီး ဌာန၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ နိုင်ငံခြား တိုင်းပြည်များနှင့် ချစ်ကြည်ရေး အသင်း (CPAFFC)၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)နှင့် ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးတို့ ပူးပေါင်း ဆောင်ရွက်မှု ဖြင့် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ မန္တလေး တက္ကသိုလ်၊ အစိုးရနည်းပညာ ကောလိပ်၊ အစိုးရစက်မှုလက်မှု သိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်း ကျောင်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန လက်အောက်ရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လက်အောက်ရှိ ဆေးဝါးတက္ကသိုလ် (ရန်ကုန်) တို့မှ ကျောင်းသား၊ ကျောင်းသူ ၈၅ ဦးတို့သည် ဒုတိယအသုတ် အနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ပညာတော်သင် သွားရောက်ရန် ယမန်နေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့သို့ ထွက်ခွာသွား ကြသည်။

ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာန ကိုယ်စား နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ ဒေါက်တာ အေးမြင့်၊ သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး များနှင့် ဆရာ၊ ဆရာမများ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး နှင့် သံရုံးအဖွဲ့ဝင်များ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) မှ ဒုတိယ ဥက္ကဋ္ဌ ဦးစိုးဝင်း၊ အလုပ် အမှုဆောင်များ နှင့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘ အုပ်ထိန်းသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက် ကြသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာန နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတကာ ပညာရေး ဖလှယ်ရေးအသင်း (CEAIE)၊ တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်းနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) တို့အကြား ပူးပေါင်းဆောင်ရွက်မှု အရ Tianjin Sino-German University of Applied Science ၊ Chongqing Industry & Trade Polytechnic ၊ Chongqing Three Gorges Vocational College ၊ Wuhan Polytechnic ၊ Nanjing Institute of Industry Technology ၊ Suzhou Health College နှင့် Zhejiang Institute of Mechanical & Electrical Engineering, Hangzhou တို့တွင် နည်းပညာနှင့် သက်မွေး ပညာရပ်များ သွားရောက်သင်ယူ နိုင်ရေးအတွက် ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများအား စိစစ်ရွေးချယ်၍ အရည်အချင်းစစ် စာမေးပွဲဖြေဆို အောင်မြင်သူ များအား စေလွှတ်ခြင်း ဖြစ်သည်။

ပထမအသုတ် အနေဖြင့် ကျောင်းသား၊ ကျောင်းသူ ၈၇ ဦးတို့သည် ၂ဝ၁၆ ခုနှစ် မေလအတွင်း၌ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ သွားရောက်ခဲ့ကြပြီး နန်ကျင်း၊ ယန်ကျိုး၊ ထိုက်ကျိုး နှင့် ချန်ကျိုးမြို့တို့ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများတွင် နည်းပညာနှင့် သက်မွေးပညာရပ် များကို လေ့လာသင်ယူလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger