www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 28, 2016

နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ခွင့်ပြုချက်တောင်းခံ၍ သွားလာရသည့် ဒေသများ ပိတ်လိုက်သောကြောင့် ငွေအလျော်တောင်းယူမှု များနှင့် ကြုံတွေ့နေရ



မန္တလေး ၊ ၂၈-၁၂-၂၀၁၆

နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ခွင့်ပြုချက် တောင်းခံ၍ သွားလာရသည့် ဒေသများကို သွားလာလည်ပတ်ခွင့် ပိတ်ပင် လိုက်မှုကြောင့် အဆိုပါ ဧည့်သည်များက ငွေအလျော် တောင်းယူမှု အများအပြားနှင့် ရင်ဆိုင်ကြုံတွေ့ ရကြောင်း Union Of Myanmar Travel Association (မန္တလေး)မှ သိရသည်။

ဒီဇင်ဘာလလယ်ပိုင်း တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ခွင့်ပြုချက် တောင်းခံကာ သွားလာလည်ပတ် ရသည့် ဒေသများသို့ သွားလာခြင်းကို ပိတ်ပင်လိုက်ကြောင်း ထုတ်ပြန် လိုက်ရာ ထိုခရီးစဉ် ရေးဆွဲစီစဉ် ထားသည့် ခရီးသွား ကုမ္ပဏီများကို ဧည့်သည်များက ငွေကြေးအလျော် တောင်းယူမှု အများအပြား ရှိလာကြောင်း Union Of Myanmar Travel Association မှ ဒါရိုက်တာ ဦးမျိုးရည်ထံ မှ သိရသည်။

''စာထုတ်ပြီး ကန့်သတ် နယ်မြေတွေ မသွားရဆိုပြီး လုပ်တာက လွယ်လွယ်လေး။ ဒါပေမဲ့ ကျွန်တော်တို့ အောက်ခြေက ခရီးစဉ်တွေက စီစဉ်ပြီးသားတွေမှာ ဒုက္ခတွေ ရောက်ကုန်ပါတယ်။ အဲဒီ နယ်မြေတွေကို သွားချင်ရင် ကျွန်တော်တို့ အနေနဲ့ ရက်ကြိုပြီး စာတင်ရတယ်။ နိုင်ငံတော် သမ္မတရုံးထိ တင်ရတယ်။ နိုင်ငံတော် သမ္မတရုံးက ခွင့်ပြုတယ် သွားခွင့်ကျမှ သွားလို့ရတယ်။ အဲဒီလိုသွားလို့ အကုန်ရထားတဲ့ ခရီးစဉ် တွေမှာ ဟိုဘက်က လာမယ့် နိုင်ငံခြားသား ဧည့်သည်တွေ ကလဲ ရောက်နေပြီ။ ဥရောပ ဘက်ကလူတွေ ကဆို လေယာဉ်တွေ စီးပြီး ထွက်လာနေပြီ။ အခုမှ သွားမရတော့ဘူး ပိတ်လိုက်တယ် ဆိုတော့သူတို့က  လျော်တောင်းတာတွေ တော်တော်များ လာတယ်'' ဟု မန္တလေး ချမ်းအေးသာစံ မြို့နယ်အတွင်း ရှိ Zone Express Travel မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

မြန်မာနိုင်ငံ အထက်ပိုင်း ဒေသတွင် နိုင်ငံခြားသား ဧည့်သည်များ အနေဖြင့် ခွင့်ပြုချက် တောင်းခံကာ သွားလာရမည့် ဒေသများတွင် မိုးကုတ်၊ ပူတာအို၊ မူဆယ်၊ တမူး နှင့် မြစ်ကြီးနား-ဗန်းမော် ကားလမ်းပိုင်းတို့ ပါဝင်နေပြီး လတ်တလောတွင် နိုင်ငံတကာ မှ ဧည့်သည်များသည် မိုးကုတ်မြို့သို့ သွားလာရန် စီစဉ်ထားမှု အများအပြား ရှိနေပြီး မန္တလေးမြို့ရှိ ခရီးသွား ကုမ္ပဏီ ၃၇ ခုက စီစဉ်ပေးထားမှုများ ရှိနေကြောင်း သိရသည်။

''ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက စာထုတ် လိုက်တာတော့ မြင်လိုက်တယ်။ စည်းစနစ်တကျလေး ဖြစ်စေချင်လို့ လူကြီးတွေက စီစဉ်လိုက်တာလို့ ပဲမြင်ပါတယ်'' ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ထိုကဲ့သို့ ခရီးစဉ်များ စီစဉ်ရေးဆွဲ ထားကာ သွားလာခွင့် မရရှိခဲ့ သောကြောင့် နိုင်ငံတကာ ဧည့်သည်များက စီစဉ်ထားသည့် ငွေကြေးများ အလျော်တောင်း မှုများကြောင့် ခရီးသွား ကုမ္ပဏီများ အနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေကြ ရကြောင်း အဆိုပါ ခရီးသွား ကုမ္ပဏီများထံမှ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger