www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 31, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံး/စစ်သံရုံး မိသားစုများနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သင်တန်းသားများ ၊ သံရုံး/စစ်သံရုံး မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်သံရုံးမိသားစုများအတွက် အမှတ်တရပစ္စည်းများ ပေးအပ်စဉ်

နေပြည်တော် ၊ ၃၁-၁၀-၂၀၁၆

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရှီအန်းမြို့မှ ပေကျင်းမြို့သို့ တရုတ်ပြည်သူ့
လွတ်မြောက်ရေး တပ်မတော် အထူးလေယာဉ် ဖြင့် ဆက်လက် ထွက်ခွာရာ Lintong လေဆိပ်၌ Shan Xi ပြည်နယ် ဒုတိယစစ်ဒေသမှူး Major General Li Shengli နှင့် တပ်မတော် အရာရှိကြီးများက ပို့ဆောင်နှုတ်ဆက် ကြသည်။

ယမန်နေ့ ညပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံရုံး သို့ ရောက်ရှိကြရာ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ သင်တန်း တက်ရောက် နေကြသည့် သင်တန်းသား များနှင့် သံရုံး/ စစ်သံရုံး မိသားစုများက ကြိုဆိုနှုတ်ဆက် ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သံရုံး ဧည့်ခန်းမတွင် သင်တန်းသားများ၊ သံရုံး/ စစ်သံရုံး မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြားရာတွင် သင်တန်းသားများ အနေဖြင့် သက်ဆိုင်ရာ နယ်ပယ် အလိုက် အခြေခံ ကောင်းမွန်ကြ သူများဖြစ်၍ အဆင့်မြင့် အတတ်ပညာ ပိုင်းဆိုင်ရာများ ပိုမိုတတ်ကျွမ်း စေရန်အတွက် အလေးအနက် ထား၍ ကြိုးစား အားထုတ် လေ့လာသင်ကြား ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော် နှင့်တပ်မတော်မှ အချိန်၊ လုပ်အား၊ ငွေကြေးများစွာ ကျခံစေလွှတ် ပေးခြင်းဖြစ်၍ တန်ဖိုးထားပြီး ကြိုးစားကြရန် လိုကြောင်း၊ တပ်မတော်၏ အစဉ်အလာ ဖြစ်သည့် အမိန့်နာခံမှု၊ စည်းကမ်း ကောင်းမွန်မှု နှင့် လူတိုင်းတွင် ကိန်းအောင်းလျက် ရှိသော မျိုးချစ်စိတ် များသည် မိမိတို့၏ လုံ့လ၊ ဝီရိယ၊ ကြိုးစား အားထုတ်မှုများ၊ ထိန်းသိမ်းနိုင်မှု များအပေါ် မူတည်၍ ခိုင်မာမှု ရှိလာမည် ဖြစ်ကြောင်း၊ အလားတူ Rule and Regulation များကို ထိန်းသိမ်း လိုက်နာဖို့ လိုကြောင်း၊ သွားသင့်သည့် နေရာကိုသွား၊ ပေါင်းသင့်သည့် လူကိုပေါင်း၊ ပြောသင့်သည့် စကားကိုပြော၊ လုပ်သင့်သည့် အရာကိုလုပ် ဆိုသည့် သင့်လေးသင့်နှင့် အညီ လိုက်နာ နေထိုင်ကြ ရမည် ဖြစ်ကြောင်း၊ မိမိကိုယ်ကို သာမက မိမိကွပ်ကဲရသူ များကိုပါ အလိုမလိုက် ကြရန်မှာကြား လိုကြောင်း၊ သံတမန်ရေးနှင့် ပတ်သက်၍လည်း နှစ်နိုင်ငံ၏ ဆက်ဆံရေး ကောင်းမွန် စေရန် လုပ်ဆောင်ကြခြင်း ဖြစ်၍ လွန်စွာ ကျယ်ပြန့်ကြောင်း၊ အရှည်ကို မျှော်တွေးပြီး ကိုယ့်တိုင်းပြည်၊ ကိုယ့်နိုင်ငံသား များအတွက် မှန်မှန်ကန်ကန် လုပ်ဆောင်ကြ ရမည် ဖြစ်ကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိ နေကြသည့် မိမိနိုင်ငံသား များကိုလည်း အမိအဖသဖွယ် စိတ်စေတနာ ထား၍ ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ကြရမည် ဖြစ်ကြောင်း၊ သံတမန်ရေးတွင် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး စသည်ဖြင့် အခန်းကဏ္ဍ များစွာ ရှိခြင်းကြောင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပိုမိုတိုးတက် အောင်မြင်အောင် ကြိုးစား လုပ်ဆောင်ကြ စေလိုကြောင်းဖြင့် တိုက်တွန်း ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမှတ်တရ ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ သံအမတ်ကြီး နှင့်ဇနီး၊ သံရုံး အမှုထမ်းများ၊ စစ်သံမှူးနှင့် ဇနီး၊ စစ်သံရုံး အမှုထမ်းများ နှင့် သင်တန်းသား များက လက်ခံရယူ ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား သံရုံး မိသားစုများက ညစာဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger