www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 27, 2016

နေပူထဲထွက်လျှင် သတိပြုရမည့် အချက်များ


ကြည်လွင်မြင့် (မုဒြာ)

ကမ္ဘာကြီးပူနွေး လာသည်နှင့် အမျှ နေ၏ အပူရှိန်လည်း တစ်နေ့တခြား ပို၍ပူပြင်း လာပေသည်။ ထို့ကြောင့် နေပူထဲ ထွက်လျှင် နေလောင်ဒဏ် ကာကွယ်ပေး နိုင်သောအရာများ ယူဆောင်ခြင်း ဖြင့်သာ အပြင် ထွက်သင့်သည်။ အထူးသဖြင့် အထက်အညာ ဒေသ နေထိုင်သူများ အတွက် ပို၍ သတိရှိရန် လိုသည်။ မြို့နေ လူတန်းစားများ အတွက် ထီး၊ ဦးထုပ်၊ နေကာမျက်မှန် စသည်တို့ဖြင့် အပူဒဏ် ကာကွယ်ပေးဖို့ သတိပေး နေချိန်တွင် လယ်ထဲကိုင်းထဲ အလုပ်လုပ်ကြ ရသော တောသူ တောင်သား များအား မည်သို့ကာကွယ် ပေးရမည်နည်း၊ စိတ်ပူပန်ရန် မလိုပါ။ ရှေးဘိုးစဉ် ဘောင်ဆက် ကပင် တောသူ တောင်သားတို့တွင် နေပူဒဏ် ကာကွယ်နည်း ရှိပါသည်။ အကာအကွယ် ရှိပါသည်။ ထို အကာအကွယ်မှာ သနပ်ခါး ဘဲကျား ထူထူလိမ်းခြင်း နှင့် ဝါးခမောက် တို့ဖြစ်သည်။

မြန်မာ့ရိုးရာ သနပ်ခါးသည် မျက်နှာနှင့် လက်ခြေ များပါ လိမ်းထားလျှင် နေပူဒဏ် (ခေတ်အခေါ် ခရမ်းလွန် ရောင်ခြည်ဒဏ်) သာမက လေတိုက်ပြီး အသားပပ်ခြင်း၊ ဖုန်မှုန့်များ ကပ်ခြင်းကိုပါ ကာကွယ်သည်။ သနပ်ခါး အမြစ်တွင် အအေးဓာတ် (သီတဓာတ်) ပါသဖြင့် အပူကန်ပြီး မိတ်ဖုများ ထွက်ခြင်းကိုပါ အကာ အကွယ် ပေးသည်။ ရှေးကလူကြီး များသည် ကလေးများ ကို ရေမိုးချိုးပြီး သည်နှင့် ကျောက်ပျဉ်တွင် သနပ်ခါး သွေးပြီး လိမ်းပေးသည်။ လိမ်းပေးရုံ သာမက သန့်ရှင်းသော ရေဖြင့် သွေးထားသော သနပ်ခါး အနည်းငယ် ကို ကလေး၏ ပါးစပ် အတွင်းသို့ ခွံ့ပေးသည်။ ကလေး ငယ်များသည် စ၍ခွံ့ပေး ခါစက သနပ်ခါးသည် ခါးသက်သက် အရသာ ရှိသဖြင့် မကြိုက်သော်လည်း နောင်တွင် ကြိုက်သွားလေ့ ရှိသည်။ သနပ်ခါး စားခြင်းသည် အပူဒဏ် ကာကွယ်သည့် အပြင် ကလေးငယ် များကို ရေကျောက်နှင့် ဝက်သက် ပေါက်ခြင်းများ မှလည်း အကာအကွယ် ပေးနိုင်သည်။

ကန်စွန်းရွက် သည် ရာသီမရွေး ရနိုင်သော အစာ ဖြစ်သည်။ နွေအခါ ကုန်းကန်စွန်း၊ မိုးအခါ ရေကန်စွန်း စသည်ဖြင့် ပေါပေါများများ ရနိုင်သည်။ ကန်စွန်းရွက် ကို နေ့စဉ် စားခြင်းဖြင့် အပူဒဏ်မှ ကာကွယ်နိုင်သည်။ ကန်စွန်းရွက် သည် အဆုတ် အားကောင်း စေသည့် အာပေါစာ ဖြစ်သည်။ နွေရာသီ အပူငုပ်၍ ချောင်းခြောက် ဆိုးခြင်း၊ အသံဝင်ခြင်းကို သက်သာ စေနိုင်သည်။ ကန်စွန်းရွက် ကို မန်ကျည်းမှည့် နှင့် ချဉ်ရည်ဟင်း ချက်စားလျှင် အပူဒဏ်မှ ကာကွယ်သော ရာသီစာ ဖြစ်သည်။ မိတ်ထွက်ပြီး ပူစပ်ပူလောင် ဖြစ်လျှင် ကန်စွန်းရွက် အရည်ညှစ်ပြီး ဆားအနည်းငယ် ထည့်၍ ဖျော်လိမ်းပေး လျှင် သက်သာ စေနိုင်သည်။ နေပူဒဏ် ကာကွယ်ဖို့-

  • သနပ်ခါးလိမ်းပါ။
  • မိတ်ထွက်လျှင် သနပ်ခါး အနည်းငယ် စားပေးပါ။
  • ရတစ်ခွက် သောက်ပြီးမှ အပြင်ထွက်ပါ။
  • အပြင်မှ ပြန်လာလျှင် ရေခဲရေ မသောက်ပါနှင့်။
  • ခထောက် ရေမဆေးပါနှင့်။
  • မျက်နှာမသစ် ပါနှင့်။
  • ရချက်ချင်း မချိုးပါနှင့်။
  • ခါင်းမူး၊ ခေါင်းချွေးပြန်လျှင် သံပရာရည် မသောက်ပါနှင့်။
  • ဦးခေါင်းဆံပင် ဖြန့်၍ ပန်ကာလေ မခံပါနှင့်။
  • ရခဲသေတ္တာထဲမှ ရေဘူးကို သောက်လိုလျှင် အပြင်မှာ ၁၅ မိနစ်ခန့် ထုတ်ထားပြီးမှ သောက်ပါ။
  • ဝမ်းချုပ်လျှင် ညအိပ်ရာဝင် မန်ကျည်းမှည့် နှင့် ထန်းလျက် ဖျော်ရည် သောက်ပါ။
  • ဝမ်းပျက်လျှင် သကြားသုံးဇွန်း၊ ဆားတစ်ဇွန်း၊ လက်ဖက်ခြောက် လက်တစ်ဆုပ် သံဒယ်အိုးဖြင့် လှော်ပြီး ရေနွေးဆူဆူ တွင် ခတ်သောက်ပါ။ ဝမ်းအရည် သွားခြင်းကို ရပ်စေပါသည်။


နေပူထဲထွက်ပြီး အလုပ်လုပ်ရာမှ ပြန်လာသူများ အထူး သတိပြုရန်မှာ ချက်ချင်း ရေအေးဖြင့် မျက်နှာသစ်ခြင်း၊ ခြေထောက် ဆေးခြင်းများ မပြုလုပ်ရပါ။ ထိုသို့ ပြုလုပ်လျှင် ကြွက်သားများမှ အပူအအေး ဆန့်ကျင်ဘက် ဖြစ်ပြီး လေဖြတ်နိုင်သည်။ ခေတ္တနား နေပြီးမှသာ ရေအေး သောက်ခြင်း၊ အဝတ်အစား လဲလှယ်ခြင်း၊ ခြေဆေးခြင်း၊ ရေချိုးခြင်းများ ပြုလုပ်သင့်သည်။ အပူအအေး ကွာခြားချိန်မှာ တစ်နာရီခန့် အချိန်ယူ သင့်သည်။

ပူပြင်းသော ရာသီတွင် နေပူထဲ ထွက်ခြင်း၊ ကားစီးသော အခါတွင် လေလုံ၍ ကားအင်ဂျင်မှ ထွက်သော အပူရှိန်၊ ဘတ်စ်ကားများ အတွင်းတွင် လူများ ကျပ်တည်း၍ အပူရှိန် တိုးလာခြင်း တို့ကြောင့် ခေါင်းမူးခြင်း၊ သွေးတိုးအခံ ရှိသူများတွင် သွေးပေါင်ချိန် တက်ခြင်း၊ အပူဒဏ်ခံ ရသည့် နာရီကြာမြင့် သည့်အခါ ဦးနှောက် သွေးကြောများ အထိ အပူရှိန် တက်ကာ Heat Stroke ခေါ် အပူရှပ်၍ လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြော ပေါက်ခြင်းအထိ ဖြစ်နိုင်သည်ကို သတိပြု ဆင်ခြင် သင့်သည်။

နေပူပြင်းသည့် ဒဏ်ကို ကာကွယ်သည့် အနေဖြင့် ချည်ထည်များ ဝတ်ဆင်ခြင်း၊ ဖြစ်နိုင်လျှင် နေအိမ်ပြင်ပ သို့ မထွက်ဘဲ နေခြင်း၊ ပြင်ပသို့ သွားစရာရှိလျှင် နံနက်စောစော နှင့် ညနေ နေအေးချိန် တွင်သာ သွားလာခြင်း၊ သစ်ရိပ်ဝါးရိပ် များသည် အပူဒဏ်မှ ကာကွယ်နိုင် သဖြင့် အရိပ်ရှိသော နေရာတွင် သွားရောက် နေထိုင်ခြင်း၊ အထူးသဖြင့် သက်ကြီးရွယ်အို များကို အပူဒဏ်မှ ကာကွယ် နိုင်သည့် နေရာများတွင် ရွှေ့ပြောင်းထား ရှိခြင်း၊ သဘာဝလေ တိုက်ခတ်သည့် နေရာ၊ ရေကန်၊ မြစ်ချောင်းအနီး အနားများတွင် နေထိုင်သင့်ကြောင်း တင်ပြလိုက်ရ ပေသည်။

မြ၀တီနေ့စဉ် ၊ စာ(၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger