www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 25, 2016

မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံပူးပေါင်းပြီး အလုပ်သမား ၆၀၀၀၀ ခန့် လုပ်ကိုင်နိုင်မည့် အထည်ချုပ်စက်မှုဇုန် တည်ထောင်မည်



ရန်ကုန် ၊ ၂၅-၈-၂၀၁၆

မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံပူးပေါင်း ၍ အလုပ်သမားဦးရေ ၆ဝဝဝဝ ခန့် လုပ်ကိုင်နိုင်မည့် အထည်ချုပ် စက်မှုဇုန် တစ်ခုကို မြန်မာနိုင်ငံ၌ တည်ထောင်သွားရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အထည်ချုပ် စက်မှုဇုန် စီမံကိန်းကို မြန်မာနိုင်ငံမှ Olympus Asia Developer Group ကုမ္ပဏီနှင့် တောင်ကိုရီးယား နိုင်ငံမှ PANKO Corporation တို့ပူးပေါင်းပြီး ၂ဝ၁၇ ခုနှစ်မှ စတင်ကာ ရန်ကုန်တိုင်း ဒေသကြီး အတွင်း သုံးနှစ်စီမံကိန်း ချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက် သွားမည် ဖြစ်သည်။

စက်မှုဇုန် တည်ထောင်မည့် မြေနေရာ အတိအကျကို ထပ်မံ ကြေညာမည် ဖြစ်ပြီး ယင်းစက်မှုဇုန်၌ ချည်လုံးများ၊ ဖျင်များနှင့် အထည်ပိတ်စများ မှစ၍ အဝတ်အထည် များထုတ်လုပ် နိုင်သည်အထိ အဆင့်ဆင့် ဆောင်ရွက် သွားမည် ဖြစ်သည်။

မြေအကျယ်အဝန်း ဧက ၅ဝဝ ခန့်ရှိမည့် အဆိုပါ အထည်ချုပ် စက်မှုဇုန်ကို ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖော်ဆောင် သွားရန် စီစဉ်ထားခြင်း ကြောင့် ရန်ကုန်တိုင်း ဒေသကြီး သာမက ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီး စသည့်ဒေသ များမှ ဒေသခံ ပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေး နိုင်မည်ဖြစ်ပြီး စုစုပေါင်း အလုပ်သမား ၆ဝဝဝဝ ခန့်အထိ အလုပ်ခန့်ထား နိုင်မည်ဟု ခန့်မှန်း ထားကြောင်း Olympus Asia Developer Group မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ အထည်ချုပ် စက်မှုဇုန်ကို အမေရိကန် ဒေါ်လာ သန်း ၃ဝ မှ သန်း ၅ဝ အထိ ရင်းနှီးမြှုပ်နှံကာ အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ စက်မှုဇုန် အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အား ပမာဏမှာ မဂ္ဂါဝပ် ၁ဝဝ ခန့်ရှိမည် ဖြစ်ရာ အဆိုပါ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ယခုအခါ သက်ဆိုင်ရာ အစိုးရဌာန များနှင့် ဆွေးနွေး ညှိနှိုင်းဆဲ ဖြစ်ကြောင်း သိရသည်။

အထည်ချုပ် စက်မှုဇုန် ဖော်ဆောင်ရာတွင် ပါဝင် ဆောင်ရွက်မည့် PANKO Corporation သည် မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် ကတည်းက လာရောက် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့၌လည်း အထည်ချုပ် လုပ်ငန်းများ တည်ထောင် ထားကြောင်း သိရသည်။

Myanmar & South Korea JV to set up 500-acre garment facility

မိုးထက်ယံ

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger