www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 27, 2016

ချင်းပြည်နယ် သဘာဝဘေးကြောင့် ပျက်စီးမှုများ ပြန်လည်ပြုပြင်ရေးအတွက် ပံ့ပိုးမှုများပေးရန် အာရှဖွံ့ဖြိုးရေးဘဏ်မှ ကတိက၀တ်များ ရရှိထား



နေပြည်တော် ၊ ၂၇-၇-၂၀၁၆

အာရှဖွံ့ဖြိုးရေးဘဏ် ADB မှ အမေရိကန် ဒေါ်လာ ၁ဝ သန်းဖြင့် ချင်းပြည်နယ် ၌ သဘာဝ ဘေးကြောင့် ပျက်စီးမှုများ ပြန်လည် ပြုပြင်ရေးအတွက် ပံ့ပိုးမှုများ ပေးရန် ကတိကဝတ်များ ရရှိထားပြီး ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အနေဖြင့် အမျိုးသားအဆင့် မီးလင်းရေး၊ ရေပေးဝေရေး လုပ်ငန်းများနှင့် ပတ်သက်၍ မဟာဗျူဟာများ ရေးဆွဲ ဆောင်ရွက်လျက် ရှိပြီး ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျေးလက်လမ်းများ ရာသီမရွေး သွားလာနိုင်ရန် လိုအပ်သောကြောင့် အာရှ ဖွံ့ဖြိုးရေးဘဏ် ADB ၏ အကူအညီဖြင့် ကျေးလက်လမ်းများ ဖွံ့ဖြိုးရေး အစီအစဉ်များ အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

''ကျေးလက်ဒေသ အခြေခံ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ နိုင်ငံတကာ အဖွဲ့အစည်း ပေါင်း ၃ဝ ကျော်နဲ့ ပူးပေါင်း ဆောင်ရွက်နေ ပါတယ်။ ထိရောက်တဲ့ ပူးပေါင်းမှုမျိုးနဲ့ ဆက်လက် ဆောင်ရွက် နေပါတယ်''ဟု ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က ပြောသည်။

နိုင်ငံတကာမှ ပံ့ပိုးကူညီမှုများ အဖြစ် ဂျာမန် ဖွံ့ဖြိုးရေးဘဏ် KFW မှ ရှမ်းပြည်နယ် (တောင်ပိုင်း)၌ ယူရို ၁၈ သန်း ပံ့ပိုးထားကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ်၌ အမေရိကန် ဒေါ်လာ ၁ဝ သန်းဖြင့် လမ်း၊ တံတား ပြုပြင်ရန်နှင့် မကွေး၊ ပဲခူး၊ စစ်ကိုင်း၊ ရန်ကုန် နှင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်း၌ သဘာဝ ဘေးကြောင့် ပျက်စီးသွားသည့် ကျေးလက်လမ်း၊ တံတားများ ပြုပြင်ရန် ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာသန်း ၇ဝ ပံ့ပိုးကူညီ ထားကြောင်း သိရသည်။

ချင်းပြည်နယ်၌ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ ပြန်လည် ထူထောင်ရေး အရေးပေါ် ပံ့ပိုးကူညီမှု စီမံကိန်းကို အာရှ ဖွံ့ဖြိုးရေးဘဏ် ADB က ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ အမေရိကန် ဒေါ်လာ ၁ဝ သန်းဖြင့် ပံ့ပိုးကူညီပေးရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ထားပြီး ယူရို ၂ သန်းကုန်ကျ မည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ၌ ကျေးလက် မီးလင်းရေး စီမံကိန်းကို ယခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ နှစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရသို့ တင်ပြ ထားကြောင်း သိရသည်။

နိုင်ငံတကာ အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှု များဖြင့် ဆောင်ရွက်ခဲ့သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ထပ်မံ ဆောင်ရွက်မည့် စီမံကိန်းများ အတွက် အမေရိကန် ဒေါ်လာ သန်း ၈ဝဝ ကျော် ကုန်ကျမည် ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက သတင်းထုတ်ပြန် ထားသည်။

ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်၊ တနင်္သာရီ၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်း ဒေသကြီးတို့ရှိ မြို့နယ် ၃၄ မြို့နယ်၌ ရေရရှိရေး၊ ကျန်းမာရေး စီမံကိန်းနှင့် ကိုယ်ထူ ကိုယ်ထ ရေမီတာသုံး စနစ်ကို ၂ဝ၁၄-၂ဝ၁၅ နှင့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တို့တွင် UNICEF အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ (ဇာဏီ)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger