www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 19, 2016

ကျောက်တော်မြို့နယ်အတွင်း ၀င်ရောက်လှုပ်ရှားလာသည့် AA သောင်းကျန်းသူများကို တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိ



နေပြည်တော် ၊ ၁၉-၄-၂၀၁၆

တပ်မတော်အနေဖြင့် နိုင်ငံတစ်ဝန်းလုံး ၌ နယ်မြေဒေသ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ လုံးဝချုပ်ငြိမ်း စေရန်အတွက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ဆောင်ရွက်လျက် ရှိသော်လည်း ရခိုင်ပြည်နယ် အတွင်း AA သောင်းကျန်းသူ အဖွဲ့သည် ၂ဝ၁၅ ခုနှစ်၊ မတ်လတွင် တစ်ကြိမ်၊ ဒီဇင်ဘာလတွင် တစ်ကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားမှတ်တိုင် အမှတ်(၆၈) နှင့် (၇၁)အကြား နယ်မြေမှ တစ်ဆင့် အတွင်းပိုင်း ဖြစ်သည့် ပလက်ဝ၊ ကျောက်တော် နယ်မြေများသို့ အခြေခံနယ်မြေ တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက် လာခဲ့သဖြင့် တပ်မတော် စစ်ကြောင်းများက ဒေသခံ ပြည်သူလူထုနှင့် ပူးပေါင်း၍ နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ သောင်းကျန်းသူ များသည် တစ်ဖက်နိုင်ငံ အတွင်းသို့ ပြန်လည် ဆုတ်ခွာ ထွက်ပြေးသွား ခဲ့သည်။

ထပ်မံ၍ ၂ဝ၁၆ ခုနှစ်၊ သင်္ကြန်ကာလ မတိုင်မီ ဧပြီလ ပထမပတ်အတွင်း လက်နက် ကိုယ်စီ ကိုင်ဆောင်ထားသည့် AA သောင်းကျန်းသူ အင်အား ၁ဝဝ ဦးခန့်သည် ရခိုင်ပြည်နယ် အတွင်း သင်္ကြန် ရေကစားပွဲတော် ကာလ လုံခြုံရေး အားနည်းလေ့ ရှိမှုအပေါ် အခွင့်ကောင်း ယူ၍ ပြည်သူများ အေးချမ်း ပျော်ရွှင်စွာ ရေကစားခြင်း အား နှောင့်ယှက်ရန်၊ ပြည်သူများ အထိတ်တလန့် ဖြစ်စေရန် ဖောက်ခွဲခြင်းများ ပြုလုပ်ခြင်း၊ မြို့/ရွာ၊ တပ်စခန်းများကို နှောင့်ယှက် ပစ်ခတ်ခြင်း စသည့် ရည်ရွယ်ချက်ဖြင့် ကျောက်တော် မြို့နယ်၊ လောရမတောင် နယ်မြေ တစ်ဝိုက်သို့ စိမ့်ဝင်လှုပ်ရှား လာခဲ့ကြောင်း သတင်း ရရှိသဖြင့် တပ်မတော် စစ်ကြောင်း များဖြင့် သင်္ကြန် ကာလအတွင်း နယ်မြေရှင်းလင်း စေခဲ့ရာ ဧပြီလ ၁၆ ရက်တွင် အင်အားနှင့် ခေါင်းဆောင် စိစစ်ဆဲ AA သောင်းကျန်းသူ နှစ်ဖွဲ့ဖြင့် တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး AA သောင်းကျန်းသူ များသည် အဖွဲ့ငယ်များ အဖြစ် ပြန့်ကွဲ ဆုတ်ခွာ ထွက်ပြေးလျက် ရှိသည်။

တိုက်ပွဲဖြစ်စဉ် များတွင် AA သောင်းကျန်းသူ အဖွဲ့ထံမှ ဆက်သွယ်ရေး မြောင်းများနှင့် ပစ်ကျင်းများ တူးဖော် ထားရှိသည့် ယာယီ အခြေပြု နေရာများကို သိမ်းပိုက် ရရှိခဲ့ကာ လူနေတဲများ၊ ဒေသန္တရ လက်လုပ်မိုင်း နှင့် ဆက်စပ်ပစ္စည်း များ၊ ချပ်ဝတ် တန်ဆာများ၊ တခြား အသုံးအဆောင် ပစ္စည်းများနှင့် ရိက္ခာများကို သိမ်းဆည်း ရမိခဲ့ပြီး အဆိုပါ တိုက်ပွဲ ဖြစ်စဉ်များ အနက် AA သောင်းကျန်းသူ တစ်ဖွဲ့က ရွာသားများ အသွင်ယူ၍ ချောင်းမြောင်း ချုံခို တိုက်ခိုက်ခဲ့ သဖြင့် တပ်မတော်မှ ယာယီ တပ်ရင်းမှူး တစ်ဦး အပါအဝင် အရာရှိ၊ စစ်သည်တချို့ နိုင်ငံတော် အတွက် အသက် ပေးလှူခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်းများ ရှိခဲ့သည်။

AA သောင်းကျန်းသူများ အနေဖြင့် နိုင်ငံတော် အစိုးရအသစ် အပြောင်းအလဲ ကာလနှင့် အများပြည်သူ ရုံးပိတ်ရက် သင်္ကြန်ကာလကို အလစ်အငိုက် ရယူကာ ဝင်ရောက် လှုပ်ရှားခဲ့ခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ် အတွင်း တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေး တို့အတွက် တပ်မတော် အနေဖြင့် ဆုတ်ခွာ ထွက်ပြေးလျက် ရှိသော AA သောင်းကျန်းသူ များကို အပြီးတိုင် ချေမှုန်းနိုင်ရေး စစ်ဆင်ရေး တပ်များဖြင့် နယ်မြေရှင်းလင်း မှုများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger