www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 30, 2015

တောင်တမန်အင်းနှင့်တံတား ဥတုသုံးမျိုးအလှ ပေါ်လွင်စေရန် ငွေကျပ်သိန်းနှစ်ထောင်ကျော် အသုံးပြု၍ ပြုပြင်ရန်စီစဉ်



မန္တလေး ၊ ၃၀-၁၂-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး မန္တလေး အမရပူရမြို့နယ်ရှိ တောင်သမန်အင်း နှင့် တောင်သမန်တံတား သည် ကမ္ဘာတွင် နာမည် ကျော်ကြားသည်။ တောင်သမန်အင်းနှင့် တံတားအလှသည် နွေ ၊ မိုး ၊ ဆောင်း ဥတုသုံးမျိုးလှ၍ သုံးပန်လှဟု တင်စားခေါ်ဝေါ် ကြသည်။

တောင်သမန်အင်း ကို ဖြတ်၍ တည်ဆောက်ထားသည့် တောင်သမန် တံတားသည် ကမ္ဘာပေါ်တွင် အရှည်လျားဆုံး သစ်သားတံတား များတွင် တစ်စင်း အပါအဝင်ဖြစ်ပြီး ရှေးဟောင်း သစ်သားတံတားကြီး ဖြစ်၍ နိုင်ငံတော်သမ္မတ ၏ ရန်ပုံငွေ ငွေကျပ် သိန်း ၂၂၇ဝ ကို အသုံးပြု၍ ရှေးမူမပျက် အကြီးစား ပြင်ဆင်မှုများကို ဖေဖော်ဝါရီလ မှစ၍ ပြုလုပ်ရန် စီစဉ်ဆောင် ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ တောင်သမန်တံတား ကို အမရပူရခေတ် ပုဂံမင်း လက်ထက် မြို့စာရေး ဦးပိန် က တည်ဆောက်ခဲ့၍ ဦးပိန်တံတား ဟု တွင်ခဲ့သော်လည်း တောင်သမန်အင်း အတွင်းမှာရှိ၍ တောင်သမန် တံတားဟူ၍ ထင်ရှားသည်။ 

ပုဂံမင်းလက်ထက် ၁၂၁၁ ခုနှစ်တွင် မြို့ဝန်ဘိုင်ဆပ် ၏ စီစဉ်မှုဖြင့် မြို့စာရေး ဦးပိန် က ကြီးကြပ် ဆောက်လုပ်ခဲ့သည်။

မြို့စာရေး ဦးပိန် သည် တောင်သမန် တံတား သာမက အခြားတံတား ဆယ်စင်းကိုလည်း တည်ဆောက်ခဲ့သည်။ ထိုတံတား များမှာ စကျင်ချောင်းကို ဖြတ်၍ တောင်ကြီးတံတား၊ ပန်းဘဲတံတား၊ မင်္ဂလာ အမြောက်ဘုံးအိုး ဗုံးထောင်တံတား၊ စကျင်တံတား၊ ရွှေလေးတံတား၊ တောင်မြင့်တံတား၊ ရွှေတောင်တံတား၊ ဂျင်းကုန်းတံတား၊ ရွှေတုံးတံတား၊ ကြက်မွေးတံတား တို့ဖြစ်ကြောင်း သိရသည်။

တောင်သမန် တံတားကို မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ် ပုဂံမင်း လက်ထက်တွင် စတင်ဆောက် လုပ်ခဲ့ပြီး ၁၂၁၃ ခုနှစ်တွင် ပြီးစီးခဲ့သည်။ တိုင်များကို မြေဝင်ခုနစ်ပေ ထားကာ တည်ဆောက်ထားပြီး အခြေတွင် တိုင်တစ်လုံးနှင့် တစ်လုံးကို အသားများနှင့် ထိန်းချုပ်ထားသည်။ လေဒဏ်၊ မိုးဒဏ် ခံနိုင်ရန် တံတားကို အဖြောင့် မဆောက်လုပ်ဘဲ ကွေ့ကောက်၍ တည်ဆောက် ထားသည်။ တောင်သမန် တံတားကို တိုင်ပေါင်း ၉၈၄ တိုင်ဖြင့် မူလက ဆောက်လုပ် ခဲ့သော်လည်း နောက်ပိုင်း တိုးချဲ့မှုများ ကြောင့် ၁ဝ၈၆ တိုင်ထိ ရှိလာသည်။ တံတားအရှည်မှာ ၃၃၉ တာနှင့် နှစ်တောင် (၃၉၆၇ပေ) ရှိပြီး အခန်းပေါင်း ၄၇၇ ခန်းရှိသည်။ တံတားပေါ်တွင် အပန်းဖြေရန် အတွက် ဇရပ်လေးဆောင် ထည့်သွင်း တည်ဆောက် ထားကြောင်း သမိုင်းမှတ်တမ်း များအရ သိရသည်။

ယခုအခါ တောင်သမန် တံတားကို နိုင်ငံခြား ပညာရှင်များနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ ငွေကျပ်သိန်း ၂၂၇ဝ အသုံးပြု သွားမည် ဖြစ်ကြောင်း ၊ ဥတုသုံးမျိုးအလှ ပြန်လည် ဖြစ်ပေါ်စေရန် စီစဉ် ဆောင်ရွက်နေပြီး အင်းလေလံ ချထားမှုကို ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ဘဏ္ဍာရေး ဝန်ကြီး ဒေါက်တာ မြင့်ကြူ က ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger