www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 28, 2015

ခေတ်စားနေတဲ့ ဆန်ဆေးရည်အကြောင်း


ခေတ်စားနေတဲ့ ဆန်ဆေးရည်အကြောင်း

ဒေါက်တာ အေးမင်းထူး

ဆန်ဆေးရည်ကိစ္စ အခုတစ်လော ခေတ်စားနေတယ်။ ဂျာနယ်တစ်ခုမှာ ပါတဲ့ သတင်းတစ်ပုဒ်ကြောင့် ဖြစ်တယ်။ တစ်ရက်ကပဲ တနင်္ဂနွေ ကျန်းမာရေး အမေးအဖြေ အစီအစဉ် တစ်ခုမှာ ဆန်ဆေးရည် နဲ့ပတ်သက်ပြီး မေးထားတာ ရှိလို့ ရေးဖို့ ဖြစ်လာတယ်။ ဆန်ဆေးရည် ဆိုတာ ရှေးယခင် နှစ်ပေါင်းများစွာ ထဲက အဘိုးအဘွားတွေ သုံးစွဲခဲ့တာ ကြားဖူးကြမယ်။ အာယုဗေဒ ဆေးကျမ်း၊ တရုတ်ဆေးကျမ်း တွေမှာလဲ ဆန်ဆေးရည်ရဲ့ အာနိသင်တွေ ရေးထားတာ ရှိတယ်။ အသားအရေ လှတာ၊ ဝက်ခြံ ပျောက်ကင်းတာ၊ ဆံသားကို နက်မှောင်သန်စွမ်း စေတာ စသဖြင့် အမျိုးမျိုးပေါ့။ တကယ်လဲ ဟုတ်ပါတယ်။ ဆံသားနဲ့ ပတ်သက်လို့ ပြောရရင် Huangluo ရွာ တရုတ်မျိုးနွယ်စု တစ်စုဖြစ်တဲ့ Yao လူမျိုးစုတွေကို ချန်ထားလို့ မရပါဘူး။ အဲဒီမျိုးနွယ်စုဝင် တွေရဲ့ ပျမ်းမျှဆံပင် အရှည်ဟာ ၆ ပေလောက်ရှိလို့ ဂင်းနစ်ကမ္ဘာ့စံချိန် စာအုပ် မှာတောင် ထည့်သွင်းဖော်ပြ ခံရတယ်။ ထူးခြားချက်က အသက် ၈ဝ ကျော်တဲ့ထိ ဆံပင်ဖြူတာမျိုး မရှိပါဘူး။ အဲဒီလို ဆံသားတွေ နက်မှောင် သန်စွမ်းမှုရဲ့နောက်ကွယ် အကြောင်းအရာကို လေ့လာကြည့်တော့ ဆန်ဆေးရည်ကြောင့် ဖြစ်ပါသတဲ့။ ခေါင်းလျှော်တဲ့အခါ ကစော် ဖောက်ထားတဲ့ ဆန်ဆေးရည်နဲ့ လျှော်တဲ့အတွက် ဆံသားတွေ သန်စွမ်းနေရတာ ဖြစ်တယ်လို့ ဆိုကြတယ်။

ဆန်ဆေးရည်မှာ ပါဝင်တာတွေ လေ့လာကြည့်တဲ့ အခါ အာဟာရဓာတ် စုံတယ်။ သဘာဝ အင်တီအောက်စီးဒင့် တွေပါသလို Vitamin B1 ၊ B3 ၊ B5 ၊ B6 နဲ့ Folic Acid စတာတွေပါလို့ အာဟာရဓာတ် စုံတယ်။ ဆန်ဆေးရည် မှာ ပါတဲ့ Phenolic နဲ့ Flavonoid ဓာတ်တွေက အရေပြားအတွက် ကောင်းမွန်တယ်။ နောက်ပြီး အရေးကြီးတဲ့ သတ္တုဓာတ်တွေ ဖြစ်တဲ့ Magnesium ၊ Selenium ၊ Iron ၊ Phosphorous ၊ Manganese စတာတွေ ကြွယ်ဝစွာ ပါဝင်ပြန်တယ်။ လေ့လာမှုတွေ အရ ဆန်ဆေးရည်မှာ ပါတဲ့ Inositol ဓာတ်က ဆံသားကို ပြန်လည် နက်မှောင်သန်စွမ်း စေတယ်။ Inositol က ခေါင်းလျှော်ပြီး နောက်ပိုင်း ဆံသားထဲထိ ဝင်ရောက်ပြုပြင် နိုင်တယ်။ (နောက်ပြီး ဆန်ဆေးရည်မှာ ပါတဲ့ အမိုင်နိုအက်စစ်က ဆံပင်အရင်းထိ အားဖြည့်ပေးတယ်။ ဆံသားကို ထူထပ်စေတယ်။)

ဆန်ဆေးရည်ကို အာယုဗေဒ ဆေးနည်းအရ အရေပြား ရောင်ရမ်းနာ တွေမှာ အသုံးပြုတယ်။ အစိုဓာတ် ထိန်းပေးတယ်။ အနာကျက် စေတယ်။ သွေးလည်ပတ်မှု အားကောင်းလို့ အမည်းစက် တွေကို လျော့ပါးသက်သာ စေတယ်။ အရေပြား ခြောက်သွေ့ပြီး ယားယံတဲ့အခါ သုံးနိုင်တယ်။ နှင်းခူနာနဲ့ ဝက်ခြံတွေမှာလဲ သုံးတယ်။ တချို့က နေလောင်တဲ့အခါ ဆန်ဆေးရည်ကို ခပ်ပါးပါး လိမ်းပေးခိုင်းတယ်။ မျက်နှာမှာ လိမ်းရင် အရေးအကြောင်း ကင်းစင်ပြီး အသားတင်း စေတယ်။ အသားဖြူ စေတယ်။ အဝတ်တွေမှာလဲ ဒီတိုင်းပဲ။ ဆန်ဆေးရည်နဲ့ လျှော်ပြီး မီးပူတိုက်ထားရင် တွန့်ခေါက်တာ သိပ်မရှိတော့ဘူး။ ဆန်ဆေးရည်ကို အချဉ်ဖောက် နိုင်ရင် ပိုကောင်းသေးတယ်။ 

အချဉ်ဖောက်တယ် ဆိုတာ အခန်းအပူချိန်မှာ နည်းနည်း ချဉ်လာတဲ့အထိ ခပ်ကြာကြာ ထားလိုက်တာကို ဆိုလိုတာ။ အဲဒီလိုထားလိုက် ခြင်းအားဖြင့် Vitamin B ၊ Vitamin E ၊ Allantoin ၊ Ferullic Acids ၊ Pitera ဓာတ်တွေ ပိုထွက်လာတယ်။ ဒီနောက်ပိုင်း အသားအရေ တင်းရင်းတဲ့ ဆေးတွေမှာ Pitera ဓာတ်ကို အဓိကထား လာကြတယ်။ အာနိသင်က ဆဲလ်တွေကို ပြန်လည် နုပျိုစေတာ သိထားလို့ပါ။

ဆန်ဆေးရည်နဲ့ ပတ်သက်ပြီး အမျိုးမျိုး သုံးတယ်။ တချို့က မျက်နှာသစ် ကြတယ်။ ရေချိုးကြတယ်။ ခေါင်းလျှော် ကြတယ်။ ဆန်ဆေးရည်က အသားအရေကို ကြည်လင် ဝင်းပစေတာ အမှန်ပဲ။ အသားလဲ ဖြူစေတယ်။အရေးအကြောင်း ကင်းစင် စေတာမို့ ငယ်ရုပ်ဆင်တယ် ဆိုရင်မမှားပါ။ ဝက်ခြံ အဆီထွက်များ သူတွေမှာ သုံးရင် မွေးညင်းပေါက်ကို ကျဉ်းမြောင်း စေတာမို့ ဝက်ခြံတွေ ပျောက်ကင်း နိုင်တယ်။ ဆန်ဆေးရည်ကို တချို့က ခေါင်းလျှော်ကြတယ်။ ခေါင်းလျှော်တဲ့အခါ ကစော် ဖောက်ထားတဲ့ ဆန်ဆေးရည်က အကောင်းဆုံး ဖြစ်တယ်။ ကစော် ဖောက်ခြင်းက အချဉ်ဓာတ်ကဲ စေတယ်။ pH Level ကျဆင်းလာတာမို့ ဆံပင်ရဲ့ ပုံမှန်စံနဲ့ သွားတူတယ်။ 

ဆန်ဆေးရည်မှာ ပါတဲ့ အမိုင်နိုအက်စစ် က ဆံပင်အရင်းထိ အားဖြည့်ပေးလို့ ဆံပင်ထူစေပြီး ဆံသားတွေကို နက်မှောင်သန်စွမ်း စေတယ်။

ဆန်ဆေးရေပြုလုပ်ပုံ
  • (၁) ဆန်ကြမ်းကို ခွက်တစ်ဝက်စာ ယူပြီး ဇလုံတစ်ခုထဲ ထည့်ပါ။
  • (၂) ပြီးရင် ရေတစ်ခွက် ယူပြီး လောင်းထည့်ပါ။ တစ်မိနစ် ထားပြီး မကောင်းတဲ့ အညစ်အကြေးတွေ ပါတဲ့ ဆန်ဆေးရည် တွေကို သွန်ပစ်လိုက်ပါ။
  • (၃) ဆန်ထဲကို ဒုတိယအကြိမ် ရေနှစ်ခွက်စာ လောင်းထည့်ပါ။ (ဆန်နဲ့ရေ အချိုးအဆ လေးပုံတစ်ပုံ ဖြစ်သင့်တယ်)
  • (၄) ဆန်ဆေးရည်ကို အနည်ထိုင်အောင် ထားပါ။ ၁ဝ မိနစ်လောက် ကြာရင် အောက်ခြေ မမြင်ရအောင် နောက်လာ လိမ့်မယ်။
  • (၅) ပြီးရင် ရေစစ်နဲ့စစ်ပြီး သန့်စင်တဲ့ ဆန်ဆေးရည်ကို စစ်ထုတ်ယူပါ။ ရလာတဲ့ ဆန်ဆေးရည်ကို စတင် သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။
ကစော် ဖောက်ချင်သေးတယ် ဆိုရင် ဆန်ဆေးရည်ကို အခန်းအပူချိန်မှာ ၂၄ နာရီ၊ ၄၈ နာရီထားရမှာ ဖြစ်တယ်။ အပူချိန် မြင့်လေလေ ကစော်ဖောက်တဲ့ အချိန် မြန်လေလေ ဖြစ်တယ်။ ပြီးရင် ကစော်ဖောက် ထားတဲ့ ဆန်ဆေးရည်ကို နည်းနည်း အပူပေးလိုက်ပါ။ သုံးမိနစ်လောက် အပူပေးပြီး အအေးခံလိုက်ရင် အသင့်သုံးစွဲနိုင်တဲ့ ဆန်ဆေးရည်ကို ရရှိမှာဖြစ်တယ်။ ဒါပေမဲ့ ကစော် ဖောက်ထားတဲ့ ဆန်ဆေးရည် တွေက နည်းနည်း ပြင်းတယ်။ အနံ့နံတယ်။ ဒါကြောင့် မသုံးခင် ရေတစ်ခွက်စာနဲ့ ရောပြီးမှ သုံးသင့်တယ်။

မှတ်ချက်- ဆန်ဆေးရည် နေရာမှာ ထမင်းရည်ကိုလဲ အစားထိုး သုံးနိုင်တယ်။ ပွက်ခါစ ထမင်းရည် ဒါမှမဟုတ် ပွက်ပြီးသား ထမင်းရည် ကြိုက်နှစ်သက်ရာ အသုံးပြုနိုင်တယ်။ သတိပြုရမှာက ထမင်းရည်ကို ရေနဲ့အရင် ရောပြီးမှ သုံးပါ။ ရေခဲသေတ္တာ ထဲမှာ ထားရင် တစ်ပတ်ထိ အထားခံတယ်။

သုံးစွဲပုံ

သန့်စင်တဲ့ ပိတ်ပါးစတစ်ခုကို ဆန်ဆေးရည်ထဲ စိမ်ပါ။ အဆိုပါ အဝတ်နဲ့ မျက်နှာကို အသာဖိသုတ်ပါ။ အရေပြားထဲ စိမ့်ဝင်သည်ထိ နှိပ်နယ်ပြီး ခြောက်သွေ့အောင် ထားပါ။ ၃ မိနစ်၊ ၅ မိနစ်လောက် ထားသင့်တယ်။ မျက်နှာမှာ တင်းရင်းတဲ့ ခံစားမှုမျိုး ရတဲ့အခါ မျက်နှာစသစ်လို့ ရပါပြီ။ ခေါင်းလျှော်တဲ့ နေရာမှာသုံးရင် ဆံသားကို နက်မှောင်သန်စွမ်း စေပြီး ဆံပင်ကျွတ်ခြင်းမှ ကာကွယ်တယ်လို့ဆိုတယ်။ ကစော် ဖောက်ထားတဲ့ ဆန်ဆေးရည်က ဆံသားအတွက် အကောင်းဆုံး ဖြစ်တယ်။

ဆန်ဆေးရည်ကို -
  • မျက်နှာမှာ သုံးတဲ့အခါ မနက် ဒါမှမဟုတ် ညနေ နေ့စဉ်သုံးသင့်တယ်။
  • ဆံသားအတွက် တစ်ပတ် တစ်ကြိမ်၊ နှစ်ကြိမ် ခေါင်းလျှော်ပေး နိုင်တယ်။ တစ်ခါလျှော်ရင် ငါးမိနစ်လောက် ထားပါ။
  • Body Scrub အနေနဲ့လဲ သုံးလို့ရတယ်။ အရင်ဆုံး ဆန်လုံးကို အမှုန့်ဖြစ်အောင် ကြိတ်ပါ။ ပြီးရင် ရှောက်ရည် ထမင်းစားဇွန်း နှစ်ဇွန်းနဲ့ သံလွင်ဆီ နှစ်ဇွန်းကို ကြိတ်ထားတဲ့ ဆန်မှုန့်နဲ့ ရောပြီး အရေပြားမှာ လိမ်းပါ။ ဒီနည်းအတိုင်း တစ်ပတ်တစ်ခါ ဒါမှမဟုတ် နှစ်ပတ် တစ်ခါ လုပ်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်း အားဖြင့် အမည်းစက် ကင်းစင်ပြီး နူးညံ့စိုပြည်တဲ့ အသားရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်တယ်။
သောက်တဲ့ကိစ္စ

အမေးများတဲ့ မေးခွန်း နောက်တစ်ခုက ဝိတ်ကျတယ် ဆိုတဲ့ ကိစ္စပါ။ ဝိတ်ကျဖို့ သောက်လို့ရတယ် ဆိုတာမျိုး ဖတ်လိုက် ရပါတယ်။ အဲဒီ အကြောင်းကလဲ ဂျာနယ်တစ်ခုမှာ ဒေါက်တာ တစ်ယောက် က ဖြေထားတာကြောင့် ဖြစ်တယ်။ တကယ်တော့ အဲဒီ အမေးအဖြေကို သေချာ ဖတ်ကြည့်ရင် သိသိသာသာ ဝိတ်ကျတယ်လို့ ပြောမထား ပါဘူး။ တကယ် ဝိတ်ကျသွားတာ အားကစား ပြင်းပြင်းထန်ထန် လုပ်လို့ ဖြစ်တယ်။ အစားအသောက် ထိန်းတာနဲ့ အားကစား ကသာ အဓိကကျတယ်။ ဆန်ဆေးရည်နဲ့ မဆိုင်ပါဘူး။ ဆန်ဆေးရည်က တွန့်သွားတဲ့ အသားအရေကို ပြန်လည် တင်းရင်းစေပြီး နောက်ပိုင်း တက်လာမယ့် ဝိတ်ကို ထိန်းသွားနိုင်တယ်။ တက်လိုက်ကျလိုက် မဖြစ်တော့ဘူး။ အဲဒါကိုပဲ ပြောချင်တာပါ။ ဒါပေမဲ့ မီဒီယာတွေက ခေါင်းစဉ်တပ်တော့ ဝိတ်ကျတယ် ဆိုပြီး ဖြစ်သွားတယ်။

ဆန်ဆေးရည်နဲ့ ပတ်သက်လို့ အသားအရေအတွက် ကလွဲရင် ဝိတ်ကျဖို့ သုံးတယ်ဆိုတာမျိုး မဖတ်ရပါဘူး။ ဒါပေမဲ့ ထမင်းရည် မနက်စောစော သောက်ရင် ဝိတ်ကျနိုင်တယ် ဆိုတာမျိုးတော့ ရှိခဲ့ဖူးတယ်။ ထမင်းရည် တစ်ပန်းကန်က ကယ်လိုရီ ၁ဝဝ လောက်သာ ပါဝင်လို့ ကောင်းတယ်။ ရင်ပြည့်စေတယ်။ ဝမ်းမှန်စေတယ်။ ပုံမှန်စားသုံးမှုရဲ့ သုံးပုံတစ်ပုံသာ ရှိလို့ ဝိတ်ကျနိုင်တယ်။ သေချာတာ ကတော့ ဆန်ဆေးရည်က ဝိတ်မကျ စေပါဘူး။

နောက်တစ်ချက်က ဆန်ဆေးရည် သောက်တဲ့အခါ အများစိုးရိမ် သလို ပိုးသတ်ဆေး၊ ဓာတုကင်းစင်မှု ကိုလဲ သတိပြု သင့်တယ်။ ဒီဘက်ခေတ် ဆန်တွေကို ယုံရင် အမှားကြီး မှားလိမ့်မယ်။ ဆန်ကို တစ်ကြိမ် ဆေးကြောရုံနဲ့ ရောဂါပိုးမွှား၊ ဓာတုဆေး ပစ္စည်းတွေ ကင်းစင်မယ် မဟုတ်သေး ပါဘူး။ ဒါကိုတော့ ဂရုစိုက် စေချင်တယ်။ ဆန်ဆေးရည်ကို ခန္ဓာကိုယ် ပြင်ပ အသားအရေ အတွက် သုံးစွဲလို့ရတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ဝိတ်ကျဖို့ပဲ ဖြစ်ဖြစ်၊ တခြားကိစ္စ အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် သောက်သုံးမယ် ဆိုရင် အထူးဂရုစိုက်သင့် ပါတယ်။

ရတနာပုံနေ့စဉ် ၊ စာ(၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger