www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 30, 2015

ရှေးရိုးစွဲဒေသ ကုထုံးတစ်ခုဖြစ်သည့် မက်ကလောင်ခြစ် ကုသမှုကြောင့် အသည်းရောင်စီပိုး ရောဂါဖြစ်ပွားနှုန်း များပြားလာ


ရန်ကုန် ၊ ၃၀-၁၁-၂၀၁၅

မြန်မာနိုင်ငံတွင် ရှေးရိုးစွဲ ဒေသကုထုံး တစ်ခုဖြစ်သည့် မက်ကလောင်ခြစ် ကုသမှုကြောင့် အသည်းရောင်စီပိုး ရောဂါဖြစ်ပွားနှုန်း များပြားလာကြောင်း မြန်မာအသည်း ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ ခင်ပြုံးကြည် က ပြောသည်။

မြန်မာနိုင်ငံတွင် အသည်းရောဂါ ဖြစ်ပွားနှုန်း မြင့်တက်လာခြင်း ကြောင့် ဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်း လျော့ကျရေး အတွက် ကျန်းမာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အသည်း ဖောင်ဒေးရှင်း နှင့် ဆေးသုတေသန တို့ပူးပေါင်း၍ သုံးလတာ စစ်တမ်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်းဒေသကြီး နှင့်ပြည်နယ် ၁၈ နေရာ ကို မေလ မှစတင် ကောက်ယူခဲ့ခြင်း ဖြစ်သည်။

''ဘီပိုး၊ စီပိုး စစ်တမ်းအရ ဆိုရင် စီပိုးအရမ်းများတဲ့ နေရာတွေမှာ ဆေးကုတဲ့အခါ သိပ်ပြီးတော့ ဗဟုသုတ နည်းတယ်။ သူတို့က မက်ကလောင် ခြစ်တယ် ဆိုပြီးတော့ ဖန်ကွဲလိုဟာ မျိုးနဲ့ ခြစ်ကြတယ်။ နေမကောင်းဘူး။ မက်ကလောင် ခြစ်တယ်ဆိုပြီး သွေးကို ခြစ်ထုတ်ကြတယ်။ အရင်ကဆို မူးယစ်ဆေး ထိုးတဲ့ အဆောင်တွေမှာ ဆိုရင် စီပိုး အဖြစ်များတာ တွေ့ရတယ်။ အခု မက်ကလောင် ခြစ်ကြတဲ့ သူတွေကြောင့် စီပိုး အဖြစ်များလာ တာလို့ ယူဆတယ်''ဟု ၄င်းက ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ နေရာကို ကောက်ယူပြီး ဖြစ်ပြီး အဆိုပါ စစ်တမ်း ကောက်ယူခြင်းကို အပြီးသတ် ဆောင်ရွက် သွားမည်ဟု သိရသည်။ ယင်း စစ်တမ်းမှ ရရှိလာသည့် အချက်အလက် များအပေါ် မူတည်၍ အမျိုးသား အသည်း ရောဂါစီမံကိန်း တွင် ထည့်သွင်း ရေးဆွဲခြင်း အပြင် ဘီပိုး လူနာများအား အခမဲ့ ကုသပေးနိုင်ရန် နှင့် စီပိုး လူနာများအား ဈေးကွက်တွင် ဈေးနှုန်းချိုသာ စွာဖြင့် ဝယ်ယူ သုံးစွဲနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ ကမ္ဘာပေါ်တွင် နှစ်စဉ် လူဦးရေသန်း ၅ဝဝ ခန့် အသည်းရောဂါများ ခံစားနေရပြီး တစ်သန်းခွဲခန့် သေဆုံးလျက် ရှိသည်။

မြန်မာနိုင်ငံ တွင်လည်း အသည်းရောဂါ ဖြစ်ပွားနှုန်းမှာ မြင့်တက်လျက် ရှိပြီး အသည်းရောင် ဘီပိုး ဖြစ်ပွားနှုန်းမှာ ၁ဝ ရာခိုင်နှုန်း ခန့်နှင့် စီပိုး ဖြစ်ပွားနှုန်းမှာ သုံးရာခိုင်နှုန်းခန့် ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) မှ ခန့်မှန်းချက်အရ သိရသည်။

၂ဝ၁၄ ခုနှစ်က ကျင်းပခဲ့သော (၆၇)ကြိမ်မြောက် ကမ္ဘာ့ ကျန်းမာရေး ညီလာခံတွင် ကမ္ဘာတစ်ဝန်း လုံး၌ အသည်းရောဂါ တိုက်ဖျက်ရေး၊ ရောဂါ ရှာဖွေရေး၊ ကုသရေး တို့တွင် ပိုမို ကောင်းမွန်ရေး အတွက် နိုင်ငံတကာ မှ အားထည့်၍ ပူးပေါင်း ဆောင်ရွက် ကြရန် ဆုံးဖြတ်ချက် ချခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger