www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 29, 2015

အစိုးရငွေတိုက်လက်မှတ် များအား လေလံစနစ်ဖြင့် ရောင်းချပေးလျက်ရှိ


ရန်ကုန် ၊ ၂၉-၇-၂၀၁၅

မြန်မာနိုင်ငံတွင် သုံးလ သက်တမ်းရှိ အစိုးရငွေတိုက် လက်မှတ် (Treasury Bill) များကို သက်ဆိုင်ရာမှ ယခုနှစ်အတွင်း လေလံစနစ်ဖြင့် ရောင်းချခဲ့ရာ လက်ရှိတွင် ငွေကျပ် ၃ဝဝ ဘီလီယံကျော် အထိ လေလံတင် ရောင်းချပြီး ဖြစ်ကြောင်း သိရသည်။

ငွေကြေး ဖောင်းပွမှုကို ထိန်းသိမ်းနိုင်  စေရန်နှင့် ငွေကြေး ရင်းနှီးမြှုပ်နှံမှု ဈေးကွက် ဖွံ့ဖြိုးတိုးတက် လာစေရန် အစိုးရငွေတိုက် လက်မှတ်များကို ယခုနှစ် ဇန်နဝါရီလ မှစတင်ကာ ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချပေး ခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ဆောင်ရွက်နိုင် စေရန် အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) တို့မှ ကျွမ်းကျင် ပညာရှင် များ၏ အကူအညီ များကို ရယူခဲ့ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သက်ဆိုင်ရာမှ အစိုးရငွေတိုက် လက်မှတ် များအား ဈေးပြိုင်စနစ်ဖြင့် ရောင်းချခြင်းကို ဧပြီလမှလွဲ၍ လစဉ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၄င်း လေလံပွဲများကို ဇန်နဝါရီလတွင် တစ်ကြိမ်၊ ဖေဖော်ဝါရီလ တွင် နှစ်ကြိမ်၊ မတ်လတွင် နှစ်ကြိမ်၊ မေလတွင် နှစ်ကြိမ်၊ ဇွန်လတွင် နှစ်ကြိမ်နှင့် ဇူလိုင်လတွင် တစ်ကြိမ် စသည်ဖြင့် ကျင်းပခဲ့ရာ စုစုပေါင်း လေလံပွဲ ၁ဝ ကြိမ်အထိ ယခုနှစ်အတွင်း ကျင်းပခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေလံပွဲ များတွင် အဆိုပြု အတိုးနှုန်း များသည် ၆ ရာခိုင်နှုန်းမှ ၉ ဒသမ ၂၅ ရာခိုင်နှုန်း အထိရှိပြီး လေလံ အောင်မြင် ခဲ့သည့် အတိုးနှုန်း အများစုမှာ ၇ ရာခိုင်နှုန်းမှ ၈ ဒသမ ၁၅ ရာခိုင်နှုန်း အကြားတွင် ရှိကြောင်း သိရသည်။

ဘဏ္ဍာရေး ဝန်ကြီးဌာန အနေဖြင့် ယခုကဲ့သို့ အစိုးရငွေတိုက် လက်မှတ် (Treasury Bill) များအား လေလံစနစ်ဖြင့် ရောင်းချခြင်း များကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့သည့် အတွက် နောက်ပိုင်းတွင် အစိုးရငွေတိုက် စာချုပ် (Treasury Bond) များအား ဈေးပြိုင်စနစ်ဖြင့် ရောင်းချသော လေလံပွဲ များကို ကျင်းပနိုင်ရန် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger