www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 29, 2015

မင်းဝံတောင်တွင် သစ်ပင်များ ပြန်လည်စိုက်ပျိုးသင့်



စစ်ကိုင်း ၊ ၂၉-၄-၂၀၁၅

ယခင်က အမြဲစိမ်းတော များဖြင့် ဖုံးလွမ်း နေခဲ့သော မင်းဝံတောင်ရိုး တွင် သစ်တောများ တဖြည်းဖြည်း ပြုန်းတီးလာပြီး အချို့သော နေရာများတွင် တောင်ကတုံး ဖြစ်သည်အထိ သစ်ပင်များ မရှိတော့ သဖြင့် မင်းဝံတောင်တန်း များ စိမ်းလန်း စိုပြည်လာစေရန် နှင့် ရာသီဥတု ကောင်းမွန်စေရန် အတွက် သစ်ပင်များ ပြန်လည် စိုက်ပျိုးသင့်ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ် သည် ၄၃၈ ဒသမ ၁၆ စတုရန်းမိုင် ကျယ်ဝန်းပြီး အပူပိုင်း ရပ်ဝန်းဇုန် တွင် တည်ရှိသော်လည်း လူတို့ စိုက်ပျိုးထားသော ဥယျာဉ်ခြံမြေ များကြောင့် အမြဲစိမ်းမြေ ၂၆၈၅ ဧက၊ သဘာဝ သစ်တောမြေ ဧက ၂၉၅ဝ ရှိခဲ့သဖြင့် အပူလွန်ကဲမှု ဒဏ်ကို ဆိုးဆိုးရွားရွား မခံစားရကြောင်း ယခု နောက်ပိုင်းတွင် သဘာဝ သစ်တောမြေများ မှ သစ်ပင်များကို ထင်းအဖြစ် ခုတ်ယူသုံးစွဲခြင်း၊ တောမီးရှို့၍ စိုက်ပျိုးမြေများ ချဲ့ထွင်လာခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ကျောက်များတူးခြင်း၊ လမ်းဖို့ရန် ကျောက်ဆွေး တူးယူခြင်း တို့ကြောင့် သစ်ပင် သစ်တောများ နည်းပါး လာကြောင်း သိရသည်။

''ကျွန်တော်တို့ ရွာမှာက လျှပ်စစ်မီး မရှိဘူး။ အဲဒီတော့ ထမင်းဟင်း ချက်ဖို့အတွက် ထင်းကိုအဓိက ထားရတယ်။ အများစု ကလဲ ဝင်ငွေနည်း တောင်သူတွေ ဆိုတော့ တခြားဒေသက ထွက်တဲ့ ထင်းကို ဝယ်မသုံးနိုင်ဘူး။ အဲဒီတော့ မင်းဝံတောင်ရိုး ပေါ်တက်ပြီး ထင်းခုတ် ကြရတယ်။ အရင်က တောင်ပေါ်မှာ သစ်ပင်က ပေါတော့ ထင်းတင် မကဘူး။ စားစရာ ဟင်းသီးဟင်းရွက် ပါ ရတယ်။ တချို့ဆို လိုက်ခူးပြီး ဈေးထိ သွားရောင်း ကြတော့ အပိုဝင်ငွေပါ ရတယ်။ အခုကျတော့ ထင်းခုတ်လွန်း အားကြီးပြီး သစ်ပင်တွေ မရှိတော့ စားသုံးသီးနှံပင် လေးတွေပါ သေကုန်ပြီ။ ရာသီဥတု ကလဲ အရင်ကထက် ပိုပူလာတယ် .. '' ဟု မင်းဝံတောင် အရှေ့ဘက်ခြမ်း ထုံးဘိုရွာမှ ဒေသခံတစ်ဦး က ပြောပြသည်။

ထိုသို့ ထင်းခုတ်ရုံ သာမက ကျောက်တူး၍ပါ ရောင်းကြသဖြင့် ယခင်က သဘာဝအတိုင်း လှပနေသော မင်းဝံတောင်တန်းမှာ လိုဏ်ဂူများ တောင်ပြတ်များ အဖြစ် တွေ့နေရပြီး မိုးများသော နှစ်များ၌ တောင်ပြိုမှုများ မကြာခဏ တွေ့ရကြောင်း၊ ထိုသို့ မဖြစ်စေရန် လျှပ်စစ်မီး မရရှိသေးသော ကျေးရွာများကို ရွာပိုင် ထင်းစိုက်ခင်း သတ်မှတ်၍ စိုက်ပျိုးစေပြီး စနစ်တကျ ခုတ်ယူသုံးစွဲ စေသင့်ကြောင်း၊ ထို့နောက် ကျောက်ကုန်းများ အတိ ဖြစ်နေသော မင်းဝံတောင် ကိုလည်း သစ်ပင်များ ရှင်သန်အောင် စိုက်ပျိုးပြီး ပြန်လည် စိမ်းလန်း လာအောင် ဆောင်ရွက် သင့်ကြောင်း၊ သို့မှသာ သဘာဝ ဂေဟစနစ် ပြန်လည် ကောင်းမွန်လာပြီး စိုက်ပျိုးရေး အတွက် အဓိကကျသော ရာသီဥတုမှာ မျှတလာမည် ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သစ်တောဦးစီး ဌာန တာဝန်ရှိသူ တစ်ဦးမှ ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger