www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 29, 2014

အပြောင်းအလဲ နှင့် အကျိုးဆက်ကောင်း


အပြောင်းအလဲ နှင့် အကျိုးဆက်ကောင်း

လွတ်လပ် ပွင့်လင်းသည့် ခေတ်ကာလတွင် ဖြစ်ပေါ် လာသည့် အပြောင်းအလဲ များအနက် သိသာ ထင်ရှားသော တိုးတက် ပြောင်းလဲမှု နှစ်ရပ်မှာ ဈေးနှုန်း သက်သာသည့် လက်ကိုင်ဖုန်း နှင့် မော်တော်ယာဉ်၊ ဆိုင်ကယ်များ သုံးစွဲ လာနိုင်ခြင်း ဖြစ်သည်။

တိုးတက် ပြောင်းလဲခြင်း ဟူသည် အများသူငါ အတွက် ကောင်းကျိုး များစွာ ရရှိစေနိုင် သော်လည်း တစ်ဖက်တွင် နောက်ဆက်တွဲ ဆိုးကျိုးများ လည်း ရှိတတ်သည်။ ထိုသို့ ဖြစ်သည်မှာ အကောင်း၊ အဆိုး ဒွန်တွဲ နေသည့် သဘော သဘာဝ ဖြစ်၍ အပြစ်ဆိုရန် မရှိပေ။

ထို အကောင်း အဆိုး ဒွန်တွဲနေသည့် ဖြစ်ထွန်းမှု များတွင် ယနေ့ တိုးတက် ဖြစ်ထွန်း လာသည့် ဈေးနှုန်း သက်သာသော ဖုန်းများ၊ မော်တော်ယာဉ်၊ ဆိုင်ကယ်များ များပြား လာခြင်းသည် အကောင်း တစ်ဝက် အဆိုးတစ်ဝက် ဖြစ်နေသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ၏ လူဦးရေ အထူထပ်ဆုံး နှင့် အထင်ရှားဆုံး မြို့ကြီးများ ဖြစ်သည့် ရန်ကုန်နှင့် မန္တလေး မြို့ကြီး တို့တွင် ဖုန်းသုံးစွဲမှု၊ မော်တော်ယာဉ်၊ ဆိုင်ကယ် သုံးစွဲမှုများ များပြား လာသည်ကို မျက်ဝါး ထင်ထင် တွေ့မြင် နေရသည်။ ဈေးနှုန်း သက်သာသော ဖုန်း၊ မော်တော်ယာဉ် များ တိုးတက် သုံးစွဲ လာခြင်း၏ အကျိုး တရားမှာ တစ်ချိန်က လူချမ်းသာ များသာ အသုံးပြု နိုင်သော အခြေအနေမှ ငွေကြေး အသင့်အတင့် ရှိသူများပါ အသုံးပြု လာနိုင်ခြင်း၊ သွားလာ ဆက်သွယ်ရေး တို့အတွက် လွယ်ကူ အဆင်ပြေ လာခြင်းတို့ ဖြစ်သည်။

နောက်ဆက်တွဲ ဆိုးကျိုးမှာ ယာဉ်ကြော ပိတ်ဆို့ခြင်း ကြောင့် ခရီး သွားလာမှု ကြန့်ကြာခြင်း၊ လိုအပ်သည့် စက်သုံးဆီ ကို နိုင်ငံခြား ငွေဖြင့် ဖြည့်ဆည်း ပေးနေရခြင်း၊ ယာဉ်မောင်းရင်း ဖုန်းပြောဆို မှုကြောင့် ယာဉ် အန္တရာယ် ပိုမို ဖြစ်ပွား လာခြင်း၊ ဆူညံသံ များသည် ယာဉ်များ ကြောင့် ပိုမိုဖြစ်လာ ခြင်းနှင့် ကျန်းမာရေး ဆိုင်ရာ စိတ်မွန်းကျပ်မှု၊ အသက်ရှူ မွန်းကျပ်မှု များ ဖြစ်ပေါ် ရင်ဆိုင် လာရခြင်း တို့ ဖြစ်သည်။

ထို့ကြောင့် ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာကို နည်းလမ်း ပေါင်းစုံဖြင့် ဖြေရှင်း နေသော်လည်း ပြေလည်မှု မရှိသေးခြင်း၊ ယာဉ်အန္တရာယ် လျော့ကျရေး နည်းလမ်းေ ပါင်းစုံဖြင့် ဖြေရှင်း ဆောင်ရွက် နေသော်လည်း လျော့နည်း ကျဆင်းမှု မရှိသေးခြင်း တို့မှာ မြို့ပြ၏ လူမှုဘဝ ပြဿနာ တစ်ရပ် ဖြစ်လာသည်။

ထိုသို့ ဖြစ်ပေါ် လာရခြင်းမှာ ရုပ်ပိုင်းဆိုင်ရာ လူမှုဘဝ ဖြစ်ထွန်း တိုးတက် လာသော်လည်း စိတ်ပိုင်း ဆိုင်ရာ တာဝန်သိစိတ်၊ တာဝန်ယူ စိတ်နှင့် စည်းကမ်း လိုက်နာမှု တို့၌ လျော့နည်း ကျဆင်းလာ သောကြောင့် ဖြစ်သည်။ ဆိုင်ကယ်စီးလျှင် ဦးထုပ် ဆောင်းရန် သတ်မှတ်သည်မှာ ဆိုင်ကယ် စီးသူ ၏ အသက် အန္တရာယ် နည်းပါး စေရေးအတွက် ဖြစ်သော်လည်း လိုက်နာသူ နည်းနေဆဲ ရှိသည်။

ယာဉ်ကြော သတ်မှတ်ချက် အတိုင်း မောင်းနှင်ရန်၊ ရပ်နားရန် သတ်မှတ် ထားသည်မှာ ယာဉ် သွားလာမှု လွယ်ကူ စေရေးအတွက် သတ်မှတ်ချက် ဖြစ်သော်လည်း တာဝန်မဲ့၊ အသိမဲ့လျက် ဖောက်ဖျက် သူများ ရှိနေဆဲ ဖြစ်သည်။

သို့ဖြစ်ရာ လွတ်လပ် ပွင့်လင်း လာသည့် အပြောင်းအလဲ တိုးတက်မှု များတွင် ရုပ်ပိုင်းဆိုင်ရာ တိုးတက် ပြောင်းလဲမှု များနှင့် စိတ်ပိုင်း ဆိုင်ရာ တာဝန်သိမှု၊ တာဝန်ယူမှု၊ စည်းကမ်း ဥပဒေကို လေးစား လိုက်နာမှု တို့ကို ပြောင်းလဲ တိုးတက် လာစေရန် ပြည်သူ တစ်ရပ်လုံးက ပူးပေါင်းပါဝင် ပြုပြင်မှသာ တိုးတက် ပြောင်းလဲမှု၏ အရသာနှင့် အကျိုးဆက် ကောင်းများကို ရယူ ပိုင်ဆိုင် နိုင်မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger