www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 30, 2014

ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ အဖြစ်မှ လွတ်မြောက်ရေး


ဖွံ့ဖြိုးမှု  အနည်းဆုံးနိုင်ငံ အဖြစ်မှ လွတ်မြောက်ရေး

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အစိုးရအဖွဲ့ တာဝန် ထမ်းဆောင်မှု တစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ပြည်ထောင်စု လွှတ်တော်၌ မိန့်ခွန်းတစ်ရပ် ပြောကြား ခဲ့သည်။ ထိုမိန့်ခွန်း တွင် ''ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက် နှင့်အညီ ကျွန်တော်တို့ နိုင်ငံတွင် ၂၆ ရာခိုင်နှုန်း ရှိနေသည့် ဆင်းရဲမှုနှုန်း အား ၂ဝ၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်း အထိ လျှော့ချနိုင်မှု၊ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံဘဝမှ ရုန်းထွက်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက် နေပါကြောင်း'' ထည့်သွင်း ပြောကြား ခဲ့သည်။ ထို့နောက် အစဉ်တစိုက် ပင် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ် များကို အလေးပေး ဆောင်ရွက် ခဲ့သည်။

မြန်မာနိုင်ငံ သည် ၁၉၈၇ ခုနှစ်မှစ၍ ကမ္ဘာ့ ကုလသမဂ္ဂ ၏ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများ စာရင်းဝင် ဖြစ်ခဲ့သည်။ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများစာရင်းကို ၁၉၇၁ ခုနှစ်တွင် နိုင်ငံပေါင်း ၂၅ နိုင်ငံဖြင့် စတင်သတ်မှတ် ခဲ့ရာ ယခုအခါ မြန်မာနိုင်ငံ အပါအဝင် ၄၈ နိုင်ငံရှိခဲ့ပြီ ဖြစ်သည်။ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဖြစ် သတ်မှတ်ရာတွင် ဝင်ငွေနိမ့်ကျမှု စံသတ်မှတ်ချက်၊ လူသား အရင်းအမြစ် စံသတ်မှတ်ချက် နှင့် စီးပွားရေး ထိခိုက်လွယ်မှု စံသတ်မှတ်ချက် တို့ဖြင့် သတ်မှတ်ခြင်း ဖြစ်ပေသည်။

ပထမစံနှုန်းမှာ နိုင်ငံ တစ်နိုင်ငံ၏ သုံးနှစ်ပျမ်းမျှ အမျိုးသား ဝင်ငွေအပေါ် အခြေခံသည့် တစ်ဦးချင်း ဝင်ငွေသည် ၂ဝ၁၂ ခုနှစ် သတ်မှတ်ချက် အရ ဒေါ်လာ ၉၉၂ အောက်ဖြစ်ပြီး စာရင်းဝင် နိုင်ငံအဖြစ်မှ လွတ်မြောက်ရန် ဒေါ်လာ ၁၁၉ဝ အထက် ရှိရမည် ဖြစ်ပေသည်။ မြန်မာနိုင်ငံ အနေဖြင့် ၂ဝ၁၃ ခုနှစ် စာရင်းများ အရ တစ်ဦးချင်း ဝင်ငွေမှာ ၁ဝ၅၇ ဒေါ်လာ ရှိသည့်အတွက် သတ်မှတ်ချက် ပြည့်မီရန် လက်တစ်ကမ်းသာ လိုပေ တော့သည်။

ဒုတိယ စံနှုန်းမှာ လူသား အရင်းအနှီး ညွှန်းကိန်း ဖြစ်ပြီး အာဟာရ ချို့တဲ့မှု၊ ငါးနှစ်အောက် ကလေး သေဆုံးနှုန်း၊ အလယ်တန်း အဆင့် ကျောင်းနေနှုန်း၊ သက်ကြီး စာတတ်မြောက်နှုန်း ညွှန်းကိန်း (၄) ရပ်ကို ဆတူ အမှတ်ပေး သတ်မှတ်ခြင်း ဖြစ်သည်။ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံစာရင်းမှ လွတ်မြောက်ရန် ၆၆ မှတ် သတ်မှတ် ထားရှိသည်။ မြန်မာနိုင်ငံ အနေဖြင့် ကျန်းမာရေး နှင့် ပညာရေး သတ်မှတ်ချက် အဆင့်၌ ၂ဝ၁၂ ခုနှစ်တွင် ၆၈ ဒသမ ၆ ရှိသည့် အတွက် သတ်မှတ်ချက် ၆၆ မှတ်ကို ကျော်လွန်ခဲ့ပြီး ဖြစ်သည်။

တတိယ စံနှုန်းမှာ စီးပွားရေး ထိခိုက်လွယ်မှု ညွှန်းကိန်း ဖြစ်ပြီး လူဦးရေ၊ ဝေးလံခေါင်သီမှု၊ ပို့ကုန်အမည် နည်းပါးမှု၊ ဂျီဒီပီတွင် လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍ ပါဝင်မှုအချိုး၊ မြေနိမ့်ကမ်းခြေ ဒေသရှိ လူဦးရေ အချိုး၊ ပို့ကုန်နှင့် ပြည်ပ ဝန်ဆောင်မှု လုပ်ငန်းများ မတည်ငြိမ်ခြင်း၊ သဘာဝ ဘေးသင့် ဒုက္ခသည်များ၊ လယ်ယာကဏ္ဍ ထုတ်လုပ်မှု မတည်ငြိမ်ခြင်း စသော အချက်အလက် များကို ပေါင်းစည်း တွက်ချက်ခြင်း ဖြစ်သည်။ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်ရန်မှာ ၃၂ မှတ် ရှိရပေမည်။ အဆိုပါ သတ်မှတ်ချက် အဆင့်နှင့် ပတ်သက်၍ သတ်မှတ်ချက် ပြည့်မီရန် ကုန်သွယ်ရေး ဆိုင်ရာ နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံ အနေဖြင့် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်ရေး အတွက် ပထမ စံနှုန်းဝင်ငွေ နိမ့်ကျမှု စံသတ်မှတ်ချက် နှင့် တတိယ စံနှုန်း စီးပွားရေး ထိခိုက်လွယ်မှု စံသတ်မှတ်ချက် တို့ပြည့်မီရန် လိုအပ် နေသည်။ ထို လိုအပ်ချက်များ ပြည့်မီမှသာ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက် နိုင်မည် ဖြစ်ပေသည်။ သတ်မှတ်ထားသည့် အညွှန်းကိန်းများ တစ်ခုချင်း တိုးတက် ကောင်းမွန်စေရန် နှင့် အရှိန်အဟုန် မြှင့်တင် ဆောင်ရွက် သွားရန် အတွက် နိုင်ငံတော် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းဥက္ကဋ္ဌ အဖြစ် ဦးဆောင်သော မြန်မာနိုင်ငံ အား ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်ရေး အတွက် အကောင် အထည်ဖော် ဆောင်ရွက်ရေး ကော်မတီကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၄ ခုနှစ် ဇူလိုင် ၂၂ ရက် မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော် သမ္မတရုံး အစည်းအဝေး ခန်းမ၌ ပထမအကြိမ် အစည်းအဝေး ကျင်းပခဲ့သည်။

ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း က လိုအပ်သော အညွှန်းကိန်းများ ပြည့်မီရေး အတွက် ပြည်ထောင်စု ဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီး / ပြည်နယ် အစိုးရများ၊ ပုဂ္ဂလိက ကဏ္ဍများ ပေါင်းစပ် ညှိနှိုင်း၍ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်း များ၏ အကူအညီများ ရယူ ဆောင်ရွက်ရန် နှင့် အဆိုပါ အဖွဲ့များနှင့် ဆက်သွယ် ပူးပေါင်း၍ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်ရေး လုပ်ငန်း အချိန်ဇယား ရေးဆွဲ ဆောင်ရွက် သွားရန် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမှန်အားဖြင့် နိုင်ငံ တစ်နိုင်ငံ တိုးတက် ဖွံ့ဖြိုးရန်မှာ အုပ်ချုပ်သော အစိုးရ ကဏ္ဍသာမက ပုဂ္ဂလိက ကဏ္ဍ၊ ပြည်သူ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူထု အခြေပြု အဖွဲ့အစည်းများ အားလုံး တက်ညီ လက်ညီ ပူးပေါင်း ပါဝင် ဆောင်ရွက် မှသာ အောင်မြင် နိုင်မည်ဟု မြဝတီက ယုံကြည်သည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ ( LDC ) အဖြစ်မှ လွတ်မြောက်ရန် တိုင်းရင်းသား ပြည်သူ အားလုံး ဝိုင်းဝန်း ကြိုးပမ်း ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပေသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger