www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 8, 2014

လေးစား မြတ်နိုးအပ်သော ဓလေ့စရိုက်


လေးစား မြတ်နိုးအပ်သော ဓလေ့စရိုက်

မြန်မာတို့၏ ချစ်စရာ ကောင်းသည့် ဓလေ့စရိုက် များစွာတွင် အဘိုး၊ အဘွား၊ မိခင်၊ ဖခင်များ နှင့် သားသမီး မြေးမြစ်များ အတူတကွ ချစ်ချစ်ခင်ခင် နေထိုင်ခြင်း၊ အဘိုး၊ အဘွား၊ မိဘ တို့ကို သား၊ သမီး မြေးမြစ်များက ရိုသေ လေးစားခြင်း၊ အနန္တော အနန္တ ငါးပါးဂိုဏ်းဝင် ကျေးဇူးရှင်များ အဖြစ် ဦးထိပ် ပန်ဆင်ခြင်း၊ သားသမီး ဝတ်ငါးပါး နှင့်အညီ ကျေးဇူးဆပ်ခြင်း၊ ပြန်လည် ပြုစု စောင့်ရှောက်ခြင်း စသည့် ဓလေ့စရိုက် များလည်း ပါဝင်သည်။

ထို ဓလေ့စရိုက် များသည် မြန်မာ့ ယဉ်ကျေးမှု အခန်းကဏ္ဍ ၌ မယိုင်မလဲ ခိုင်မြဲလျက် ရှိသော (၃၈)ဖြာ မင်္ဂလာ တရားတော် နှင့်ညီသော၊ ကမ္ဘာ့နိုင်ငံ အများက လေးစား မြတ်နိုးသော ဓလေ့စရိုက် များဖြစ်သည်။သက်ကြီးရွယ်အို များကို ပြုစု စောင့်ရှောက်ခြင်း အစ မြန်မာနိုင်ငံက ဟု ဆိုရလောက် အောင် မြန်မာ ဘုရင်များ လက်ထက် ကပင် ကျင့်သုံးခဲ့သည့် ဓလေ့လည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဘိုးဘွား ရိပ်သာများ ထူထောင်၍ ပြုစု စောင့်ရှောက်ခြင်းကို မြန်မာ သက္ကရာဇ် ၁၂၇၆ ခုနှစ်တွင် ကရုဏာရှင် ဒေါ်ဦးဇွန်း က ပထမဆုံး သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်း ကို မင်းကွန်မြေ၌ စတင်ခဲ့သည်။ သထုံ မြသပိတ် တောင်ခြေတွင် ၁၂၈၉ ခုနှစ်တွင် လည်းကောင်း၊ ပေါင်းတည်တွင် ၁၂၉ဝ ပြည့်နှစ် တွင်လည်းကောင်း၊ ရန်ကုန် နှင်းဆီကုန်း တွင် ၁၂၉၅ ခုနှစ်တွင် လည်းကောင်း၊ ၁၂၉၉ ခုနှစ်တွင် ပခုက္ကူ၌ လည်းကောင်း ဘိုးဘွား ရိပ်သာများ ထူထောင်၍ ဘိုးဘွားများကို စောင့်ရှောက် ပေးခဲ့သည်။

မြန်မာနိုင်ငံ သန်း ၆ဝ ကျော် လူဦးရေ၏ ၉ ဒသမ ၁ ရာခိုင်နှုန်းသည် အသက်(၆ဝ) နှစ်အထက် သက်ကြီးရွယ်အို များဖြစ်ကာ ၄င်းတို့အနက် ၁ဝ ရာခိုင်နှုန်းခန့်သည် လူမှုရေး အရ အထူး ကာကွယ် စောင့်ရှောက် ပေးရန် လိုအပ်လျက် ရှိနေသည်။ ထို့ကြောင့် သက်ကြီးရွယ်အို နေ့ပိုင်း စောင့်ရှောက်မှု ဂေဟာများ ဖွင့်လှစ်ပြီး သက်ကြီးရွယ်အို များကို ကျန်းမာရေး စောင့်ရှောက်မှု၊ လူမှုရေး စောင့်ရှောက်မှု နှင့် အပန်းဖြေ အနားယူနိုင်ရေး အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန က ရန်ကုန်တိုင်း ဒေသကြီး နှင့် မန္တလေးတိုင်း ဒေသကြီး တို့တွင် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက် ရာတွင် မြန်မာ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ ဖြစ်သော အဘိုး၊ အဘွား နှင့် သား၊ သမီး မြေးမြစ် များသည် လက်ရည် တစ်ပြင်တည်း နေထိုင်ကြသည့် မိသားစု ပုံစံမပျက်ယွင်း စေရန် ထိန်းသိမ်း စောင့်ရှောက် သွားကြရန် လိုသည်။ ယခုအခါ မြန်မာနိုင်ငံ၏ ပထမ ဦးဆုံးသော ဘိုးဘွား ရိပ်သာ မင်းကွန်းသည် နှစ်(၁ဝဝ) ပြည့်မြောက် တော့မည်ဖြစ်ပြီး နှစ်(၁ဝဝ) ပြည့်ပွဲ ကျင်းပရန် စီစဉ်လျက် ရှိကြောင်းလည်း သိရသည်။

သို့ဖြစ်ရာ ကရုဏာရှင် ဒေါ်ဦးဇွန်း ပြုစု ပျိုးထောင် ပေးခဲ့သည့် ဘိုးဘွားရိပ်သာ များကို အတုယူ၍ မြန်မာ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ ဖြစ်သည့် အဘိုး၊ အဘွားများကို ကျေးဇူးဆပ် ပြုစု စောင့်ရှောက်ခြင်း၊ ရိုသေလေးစား ဦးထိပ် ပန်ဆင်ခြင်း ဟူသော ကောင်းမြတ်သည့် ဓလေ့စရိုက် များကို မယိုင်မလဲ ခိုင်မြဲအောင်၊ တိုးတက် စည်ပင် လာအောင် ပြည်သူ အားလုံးက ဝိုင်းဝန်း ဖော်ဆောင် ရပါမည်။ ထို့ပြင် မြတ်နိုး အတုယူဖွယ် မြန်မာ့ ယဉ်ကျေးမှု ဓလေ့ထုံးစံကို ကမ္ဘာ တည်သရွေ့ တည်ရှိ နေအောင် ကြိုးပမ်း၍ (၃၈)ဖြာ မင်္ဂလာတရား ကို ထိန်းသိမ်း သွားကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger