www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, June 29, 2014

မြန်မာ့ရိုးရာ ဆယ်ပွင့်ပန်း


မြန်မာ့ရိုးရာ ဆယ်ပွင့်ပန်း

မြန်မာ့ လက်မှုပညာ ဖြစ်သော ဘုရားမတင်၊ နတ်မဝင်၊ လူတွင် ပန်းဆယ်မျိုး ဟု တင်စား ထားသည့် မြန်မာတို့၏ လက်မှု အနုပညာ ရပ်သည် ရှေးအခါမှစ၍ ယနေ့တိုင် ထင်ရှားလျက် ရှိပြီး အဆင့် မြင့်မားသည့် လက်မှု ပညာရပ် များဖြစ်သည့် အနုစိတ်သော လက်မှု ပညာရပ် ဖြစ်ပြီး အရည်အသွေး နှင့် စွမ်းရည်တို့မှာ အံ့သြဖွယ်ရာ ကောင်းမွန် လှသည်။

ပန်းဆယ်မျိုး လက်မှု အနုပညာကို ရှေးခေတ် မြန်မာလူမျိုး တို့ လေ့လာ လိုက်စား ခဲ့ကြသည်။ တန်ဖိုးထား၍ သင်ယူကြကာ တီထွင် ဆန်းသစ်ခဲ့ ကြသည်။ ပန်းဆယ်မျိုး ဖြစ်သည့် ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းပု၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း၊ ပန်းရန်၊ ပန်းတော့၊ ပန်းတမော့ စသည့် ပညာရပ် များကို လေ့လာ သင်ယူ လက်ဆင့်ကမ်း ခဲ့ကြသည်။

ပန်းပဲ ပညာသည် သံကို ကျိုချက် မီးဖုတ်၍ ပုံသဏ္ဌာန် အမျိုးမျိုး ပုံသွင်း ပြုလုပ်သည့် သံထည် လုပ်ငန်း ဖြစ်သည်။ ပန်းတဉ်းမှာ ကြေးနှင့် ပတ်သက်သည့် သတ္တုထည်များ ပြုလုပ်သော လုပ်ငန်း၊ ပန်းပုမှာ သစ်သား၊ တိရစ္ဆာန် အစွယ်၊ အရိုး၊ ရွှံ့စေး မြေစေး တို့ကို အနုစိတ်သော လက်ရာဖြင့် ခြူးပန်း၊ ခြူးနွယ် ရုပ်လုံး ရုပ်ကြွ အမျိုးမျိုး ထွင်းထုသော လုပ်ငန်း၊ ပန်းပွတ်မှာသစ်သား နှင့် သတ္တု အမျိုးမျိုး တို့ကို ပွတ်စင်တွင် တင်ပြီး ပွတ်လုံး အမျိုးမျိုး ပြုလုပ်သော လုပ်ငန်း၊ ပန်းယွန်းမှာ ပန်းနွယ် ပန်းခက် တို့ဖြင့် ခြယ်မှုန်းသည့် ယွန်းထည် လုပ်ငန်း၊ ပန်းတော့မှာ အင်္ဂတေ သရွတ် တို့ဖြင့် ခြူးနွယ် ပန်းခက် နှင့် ရုပ်လုံး ရုပ်ကြွ တို့ကို ပြုလုပ်သည့် လုပ်ငန်း၊ ပန်းတမော့သည် ကျောက်သား တို့ကို ပုံသဏ္ဌာန် အမျိုးမျိုး ဆစ်ထုသည့် လုပ်ငန်း ဖြစ်သည်။

ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာ ပုဂံဒေသ တွင် မြန်မာ လူမျိုးတို့ ယုံကြည် ကိုးကွယ်သည့် စေတီပုထိုး များတွင် မြန်မာတို့၏ ပန်းဆယ်မျိုး အနုပညာ လက်ရာ များကို အများဆုံး တွေ့မြင် နိုင်သည်။ ထိုဒေသရှိ စေတီပုထိုး၊ ဂူဘုရား များတွင် တန်ဆာဆင် ထားသည့် အင်္ဂတေ ပန်းလက်ရာ များ၊ စေတီပုထိုး များတွင် ရေးထိုး ထားသည့် နံရံပန်းချီ၊ မင်စာ၊ ကျောက်စာ၊ ခေါင်းလောင်းစာ စသည့် ရှေးဟောင်း လက်ရာများကို ကြည့်ခြင်းဖြင့် မြန်မာတို့၏ ဗိသုကာ အတတ်ပညာ နှင့် အနုပညာ လက်ရာ အဆင့်အတန်း မြင့်မားမှုကို သိနိုင်သည်။

ရခိုင်ပြည်နယ် တွင် မြို့ဟောင်း၊ နန်းရာကုန်း၊ မြောက်ဦးမြို့ တို့ရှိ အဆင့်မြင့် လက်ရာ အဆောက်အအုံ များ၊ ဗိဿနိုး၊ ဟန်လင်း စသည့်မြို့ တို့မှ အဆင့်မြင့် အဆောက်အအုံ များသည် ရှေးမြန်မာ တို့၏ အရည်အသွေး နှင့် ကျွမ်းကျင်မှု စွမ်းရည်ကို ဖော်ထုတ် ပြသလျက် ရှိပြီး ကမ္ဘာကပင် အသိအမှတ် ပြုခဲ့ရသည်။ ထိုမြန်မာတို့၏ လက်မှုပညာ ပန်းဆယ်မျိုးသည် ယနေ့ အချိန်အခါ ထိ မြန်မာနိုင်ငံ၌ ရိုးရာအမွေ အဖြစ် ကျန်ရှိ နေသည်ကို မြန်မာနိုင်ငံ အရပ်ရပ်မှ လက်မှု လုပ်ငန်းများ ကို ကြည့်၍ သိနိုင်သည်။

သို့ရာတွင် တိုးတက် လာသော ခေတ်၌ ရိုးရာအမွေ လက်မှု လုပ်ငန်း များသည် အခက်အခဲ အမျိုးမျိုးကြောင့် တချို့ တိမ်ကော၍ ပျောက်ကွယ်လု နီးဖြစ်နေသည် ကို တွေ့ရသည်။ ရိုးရာလက်မှု ပညာအမွေကို ဆက်ခံမည့် မျိုးဆက်သစ် တို့သည် စက်မှု လုပ်ငန်းများ နှင့် အခြား လုပ်ငန်းများ သို့ ပြောင်းရွှေ့လုပ်ကိုင် လာကြ၍ နောင်လာမည့် အနာဂတ်တွင် ရိုးရာလက်မှု ပညာရှင်များ ရှားပါး ပျောက်ကွယ်မည့် အနေအထား သို့ ရောက်နေကြောင်း သိရသည်။

သို့ဖြစ်ရာ ရှေး အစဉ်အဆက် ထိန်းသိမ်း လက်ဆင့်ကမ်း သယ်ဆောင် လာသည့် ရိုးရာလက်မှု ပညာ ပန်းဆယ်မျိုး မတိမ်ကော မပပျောက် စေရေးအတွက် နိုင်ငံတော် နှင့် ပြည်သူများ အနေဖြင့် ကြိုးပမ်း အားထုတ် ကြရမည် ဖြစ်သည်။ ရိုးရာလက်မှု ပညာ ပန်းဆယ်မျိုး မတိမ်ကောရေး အတွက် ပညာရှင်များ မွေးထုတ် ပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ လိုအပ်သည့် ငွေကြေး အရင်းအနှီး စိုက်ထုတ် ပေးခြင်း တို့ကို ဆောင်ရွက်၍ လက်ဆင့်ကမ်း ထိန်းသိမ်း သွားကြရမည် ဖြစ်ကြောင်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page