www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 27, 2014

တာဝန်သိသော နိုင်ငံသားကောင်းများ ပြုစုပျိုးထောင်ရေး အလေးပေးဆောင်ရွက်


တာဝန်သိသော နိုင်ငံသားကောင်းများ ပြုစုပျိုးထောင်ရေး အလေးပေးဆောင်ရွက်

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး အတွက် ကင်းထောက် အဖွဲ့ငယ်များ ဖွဲ့စည်း လေ့ကျင့် ပျိုးထောင် ပေးနေပြီ ဖြစ်သည်။ ကင်းထောက် လုပ်ငန်း၏ ရည်ရွယ်ချက် များမှာ လူငယ်များကို တာဝန်သိသော နိုင်ငံသားများ ဖြစ်စေရန်၊ အကျင့် စာရိတ္တ ကောင်းမွန် ဖွံ့ဖြိုး တိုးတက် စေရန်၊ ကျောင်းခန်းတွင်း နှင့် ကျောင်းပြင်ပ ဖွံ့ဖြိုးမှု လုပ်ငန်းများ အတွက် ပညာပေး အစီအစဉ် များတွင် ပါဝင်ရန်၊ အရွယ် ရောက်လာ သည့်အခါ အလုပ်အကိုင် အခြေပြု ဖွံ့ဖြိုးရေး လုပ်ငန်းများ တွင် လူထု အဖွဲ့အစည်း များနှင့် ပူးပေါင်း ပါဝင်ရင်း ကိုယ့်ကိုယ်ကိုယ် အားကိုး ယုံကြည်စိတ် ရှိအောင် လေ့ကျင့် မွေးမြူရန် တို့ ဖြစ်သည်။ 

ကမ္ဘာ့ ကင်းထောက် လုပ်ငန်းကို ၁၉ဝ၈ ခုနှစ်တွင် အင်္ဂလန် နိုင်ငံ၌ ဒုတိယ ဗိုလ်ချုပ်ကြီး ရောဘတ်ဘေဒင် ပါဝဲလ် က စတင် ခဲ့သည်။ မြန်မာနိုင်ငံ၌ ကင်းထောက် လုပ်ငန်းကို ၁၉၁ဝ ပြည့်နှစ်တွင် စတင်ခဲ့ပြီး ၁၉၂၂ ခုနှစ် တွင် အိန္ဒိယနိုင်ငံ နှင့် တွဲဖက်၍ ကင်းထောက် လုပ်ငန်း လုပ်ကိုင် ခဲ့သည်။ လွတ်လပ်ရေး ရပြီး နောက်ပိုင်း ၁၉၄၈ ခုနှစ်မှ ၁၉၆၄ ခုနှစ် အထိ ကင်းထောက် အဖွဲ့များ ဖွဲ့စည်း ဆောင်ရွက် ခဲ့သည်။

ကင်းထောက် လုလင်တို့၏ သစ္စာ အဓိဋ္ဌာန်မှာ တိုင်းပြည်နှင့် အမျိုးဘာသာ သာသနာ ကို စောင့်ရှောက်ရန်၊ သူတစ်ပါးကို အမြဲ ကူညီရန်နှင့် ကင်းထောက် ကျင့်ဝတ် စည်းကမ်းတို့ကို လိုက်နာရန် ဖြစ်သည်။ ကင်းထောက် ကျင့်ဝတ် စည်းကမ်း များမှာ ယုံကြည် ခံထိုက်ခြင်း၊ သစ္စာရှိခြင်း၊ ကူညီခြင်း၊ ခင်မင်ခြင်း၊ ယဉ်ကျေးခြင်း၊ ကြင်နာခြင်း၊ အမိန့် နာခံခြင်း၊ ပျူငှာခြင်း၊ ခြိုးခြံ ချွေတာခြင်းနှင့် ရဲရင့်ခြင်း တို့ဖြစ်သည်။

ယနေ့ နိုင်ငံတော်တွင် ကင်းထောက် ဖွဲ့စည်းရာ၌ ကင်းထောက် မောင်များသာ ပါဝင်ခွင့် ရသည် မဟုတ်ဘဲ ကင်းထောက်မယ် များကိုပါ အဖွဲ့ဝင် အဖြစ် ပါဝင်ခွင့်ပြု ထားသည်။ ကင်းထောက်သည် အတန်းစာ ထူးချွန်သူ ဖြစ်စေ၊ အတန်းစာ မထူးချွန်သူ ဖြစ်စေ အားလုံး ပါဝင်နိုင်သည့် အခွင့်အလမ်း ရှိသည်။ ကင်းထောက် ဆောင်ပုဒ် မှာ ''အစဉ်အသင့်'' ဟူ၍ ဖြစ်သည်။ ကင်းထောက်သည် သူတစ်ပါးကို အမြဲ ကူညီရန် သစ္စာ အဓိဋ္ဌာန် ပြုထားသူ ဖြစ်သဖြင့် မီးသတ်၊ အသက်ကယ်၊ ရေကူး၊ တောင်တက်၊ စခန်းချ၊ သစ်ခုတ်၊ တံတားထိုး၊ တောတောင် အတွင်း ခြေရာကောက်၊ အချက်ပြ သတင်းပို့ခြင်း နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး တို့အတွက် အစဉ်အသင့် ရှိနေရမည် ဖြစ်သည်။

ကင်းထောက် လုလင် တစ်ဦးသည် လူမှု အသိုင်းအဝိုင်း တွင် ဘက်စုံနှံ့စပ် ကျွမ်းကျင်သူ ဖြစ်၍ ကင်းထောက် လုပ်ငန်း၏ အဓိက ရည်ရွယ်ချက် ဖြစ်သော တာဝန်သိသူ၊ နိုင်ငံသားကောင်း ပီသသူ၊ ကျန်းမာ ကြံ့ခိုင်သူ၊ အကျင့် စာရိတ္တ ကောင်းမွန်သူ၊ အများအကျိုး လိုလား ထမ်းဆောင်သူ အဖြစ် အသိအမှတ် ပြုခံရသည်မှာ ဂုဏ်ယူဖွယ် ဖြစ်သည်။ ကင်းထောက် ကြွေးကြော်သံမှာ နေ့စဉ်ပြုဖွယ် တစ်ခု ကောင်းစွာပြု ရန် ဆိုသည်မှာ ကင်းထောက် လုလင်တို့ အတွက်သာ မဟုတ်ဘဲ အသက်အရွယ် မရွေး လူတိုင်း လက်တွေ့ လိုက်နာ အပ်သည့် ကြွေးကြော်သံ ဖြစ်သည်။

သို့ဖြစ်၍ နိုင်ငံတော်တွင် လူသား အရင်းအမြစ် ဖွံ့ဖြိုးရေး အတွက် ရည်ရွယ်ချက် ကောင်းများဖြင့် ဖွဲ့စည်း ထားသော ကင်းထောက် အဖွဲ့များ ကျယ်ကျယ် ပြန့်ပြန့် တိုးချဲ့ ဖွဲ့စည်းကာ တာဝန်သိသော နိုင်ငံ သားကောင်းများ ပြုစု ပျိုးထောင်ရေး အလေးပေး ဆောင်ရွက် ကြရမည် ဖြစ်ပေသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger