www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 13, 2014

ကိုယ်ထည်ကျဉ်း ဘိုးရင်း လေယာဉ်သစ် ၁၀ စင်းအား Myanma Airways ငှားရမ်း ပြေးဆွဲမည်



GE Capital Aviation Services ( GECAS) နှင့် Myanma Airways တို့မှ
တာဝန်ရှိသူများ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးစဉ်
ရန်ကုန် ၊ ၁၃-၂-၂၀၁၄

အမေရိကန် General Electric (GE) ၏ လေယာဉ် ငှားရမ်းခြင်း နှင့် ဘဏ္ဍာငွေ ရှာခြင်း လုပ်ငန်းခွဲ တစ်ခု ဖြစ်သော GE Capital Aviation Services ( GECAS ) က မြန်မာ့ လေကြောင်း ( Myanma Airways ) သို့ ကိုယ်ထည်ကျဉ်း Boeing လေယာဉ်သစ် ၁ဝ စင်း ငှားရမ်းသည့် စာချုပ် ချုပ်ဆိုထားပြီး ကြိုတင် မှာယူထားသည့် စာချုပ်အရ Boeing 737-800 Model လေယာဉ်သစ် ၆ စင်းနှင့် Boeing 737-8 MAX Model လေယာဉ်သစ် ၄ စင်းတို့ကို ၂ဝ၁၅ ခုနှစ် ဇွန်လမှ စတင်၍ ၂ဝ၂ဝ ပြည့်နှစ် အတွင်း ပေးအပ် သွားမည် ဖြစ်ကာ မြန်မာ့ လေကြောင်းလိုင်း တွင် ငှားရမ်း ပြေးဆွဲ သွားမည် ဖြစ်ကြောင်း ၂ဝ၁၄ ခုနှစ် စင်ကာပူ Air Show မတိုင်မီ အကြိုအဖြစ် ဖေဖော်ဝါရီ ၁၁ ရက်က ကျင်းပခဲ့သော သတင်းစာ ရှင်းလင်း ပွဲတွင် ထုတ်ပြန် ကြေညာ လိုက်သည်။

''ဒေသတွင်းက အဓိက ကျတဲ့ ဈေးကွက် နေရာတွေဆီ လမ်းကြောင်း တွေ ချဲ့ထွင် ပျံသန်း နိုင်ဖို့နဲ့ ကျွန်တော်တို့ လေကြောင်းလိုင်း ရဲ့ လုပ်ငန်းတွေကို အဆင့်မြှင့် ချဲ့ထွင်နိုင်ဖို့ GE ရဲ့ Capital Aviation Services နဲ့ တွဲဖက် လုပ်ကိုင် ရတဲ့အတွက် ဝမ်းသာပါတယ် .. '' ဟု Myanma Airways ( MA ) ၏ စီမံအုပ်ချုပ်မှု ဒါရိုက်တာ လေယာဉ်မှူးကြီး ဦးသန်းထွန်း က ပြောကြား ခဲ့သည်။

GECAS သည် လက်ရှိ တွင်လည်း Myanma Airways သို့ E 190 လေယာဉ်နှစ်စင်း ငှားရမ်းထားပြီး ၁၉၄၈ ခုနှစ် က စတင် တည်ထောင် ခဲ့သော MA သည် နိုင်ငံပိုင် လေကြောင်းလိုင်း တစ်ခုဖြစ်ကာ လက်ရှိတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ၌ အခြေစိုက်၍ ယင်းမှ တစ်ဆင့် ပြည်တွင်း အဓိက ခရီးစဉ်များကို အဓိက ပြေးဆွဲ ဝန်ဆောင်မှု ပေးလျက် ရှိသည်။

ထို့ပြင် GECAS ၏ Avia Solutions အတိုင်ပင်ခံ လုပ်ငန်း အဖွဲ့အစည်း က လေကြောင်းလိုင်း၊ လေကြောင်း ခရီးစဉ်နှင့် ဆက်သွယ်မှု ကွန်ရက် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဦးတည်ကာ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးထားပြီး မဟာဗျူဟာကျကျ တိုးတက်အောင် စီစဉ် ဆောင်ရွက် နိုင်ရန် အကြီးတန်း စီမံ အုပ်ချုပ်သူ များနှင့် တွဲဖက် ဆောင်ရွက် သွားမည် ဖြစ်သည်။

''GE အနေနဲ့ အဆင့်မြင့် Boeing လေယာဉ်သစ် တွေ ပံ့ပိုး ပေးအပ်ပြီး မြန်မာ့ လေကြောင်းနဲ့ အတူ တွဲဖက် လုပ်ကိုင်ရတာကို ကျေနပ် ဝမ်းမြောက်မိ ပါတယ်။ ဒါဟာ ကျွန်တော်တို့ လေကြောင်းလိုင်း အတွက်ရော မြန်မာ့ လေကြောင်း လုပ်ငန်းကဏ္ဍ အတွက်ပါ အရေးပါတဲ့ မှတ်တမ်းတင် ဖြစ်ရပ် တစ်ခုပါ ... '' ဟု GECAS ၏ President နှင့် CEO ဖြစ်သူ Norman C.T. Liu က ပြောကြား ခဲ့သည်။

အမေရိကန်နှင့် အိုင်ယာလန် လုပ်ငန်းခွဲ GECAS သည် လေယာဉ် စင်းရေ ၁၆၂ဝ ကျော် ပိုင်ဆိုင်ပြီး လေကြောင်း လိုင်းပေါင်း ၂၃ဝ ကျော်နှင့် လုပ်ငန်းများ တွဲဖက် ဆောင်ရွက် နေကြောင်း၊ လေယာဉ်ပုံစံ အမျိုးမျိုး ကမ်းလှမ်း ပေးအပ်နိုင် သကဲ့သို့၊ ငှားရမ်းမှု လုပ်ငန်းများ၊ စိတ်ချ လုံခြုံမှု ရှိသော ငွေချေး ငှားမှုများ အပါအဝင် ဘဏ္ဍာ ငွေကြေးပိုင်း ဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှု များကို လုပ်ကိုင် ဆောင်ရွက် နေသော လေယာဉ် ငှားရမ်းသည့် ထင်ရှားသောကမ္ဘာ့ ကုမ္ပဏီတစ်ခု အဖြစ် အသိအမှတ် ပြုခံရသော အဖွဲ့အစည်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger