www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 28, 2014

လေးစားခံ့ညားလောက်သည့် စွမ်းရည်ဖြင့် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နိုင်မှု မှတ်တိုင်သစ်




'' တပ်မတော်သည် အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီသည့် တစ်ခု တည်းသော မျိုးချစ် တပ်မတော် ဖြစ်သည်''ဟု ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပုဒ်မ ၂ဝ (က)နှင့် ပုဒ်မ ၃၃၇ တို့တွင် အတိအလင်း ပြဌာန်း ထားသည်။ နိုင်ငံတော်၏ အတိတ် သမိုင်းအား မှန်ကန်စွာ လေ့လာ သုံးသပ် ကြည့်ပါက တပ်မတော် သည် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း၊ ပြည်ပ ကျူးကျော်မှု နှိမ်နင်းရေး သမိုင်း၊ ပြည်ထောင်စု မပြိုကွဲရေး နှင့် အချုပ်အခြာ အာဏာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်မှု သမိုင်း၊ ဒီမိုကရေစီ နိုင်ငံတော်သစ် အဖြစ် ဖော်ဆောင်ရေး သမိုင်း တို့၌ တပ်မတော် သည် မှန်ကန်သော ရပ်တည်ချက်၊ ထက်မြက်သော ဦးဆောင်မှု တို့ဖြင့် '' နိုင်ငံတော် ကာကွယ်ရေး အတွက် အဓိက အကျဆုံးသော လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည် '' ဆိုသော ပြဌာန်းချက် ကို မှတ်ကျောက်တင် ခံခဲ့ပြီး ဖြစ်ပါသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က '' မိမိနိုင်ငံ၏ ကာကွယ်ရေး မူဝါဒမှာ ပြည်ပ ကျူးကျော်ရန် မဟုတ်ဘဲ နိုင်ငံတော်အား ကာကွယ်ရန် ဖြစ်ကြောင်း၊ မိမိတို့ တပ်မတော်အား နိုင်ငံတကာ စံချိန်စံညွှန်း နှင့် ကိုက်ညီသည့် Stamdard Army အဖြစ် ရည်ရွယ် တည်ဆောက်လျက် ရှိကြောင်း '' တပ်မတော်(ကြည်း)၊ (လေ)၊ အမြောက်နှင့် သံချပ်ကာ ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်ခန်း တွင် ပါဝင်ခဲ့သည့် တာဝန်ရှိ သူများနှင့် လေ့ကျင့်ခန်း တွင် ပါဝင် ဆောင်ရွက်ခဲ့ သူများအား လေ့ကျင့်ခန်း ရှုရပ်ကုန်း ၌ အမှာစကား ပြောကြား ရာတွင် ထည့်သွင်း ပြောကြား ခဲ့ပါသည်။ တပ်မတော် သည် '' အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီသည့် တစ်ခုတည်းသော တပ်မတော် '' ဖြစ်စေရေး စဉ်ဆက်မပြတ် အားသွန် ခွန်စိုက် လေ့ကျင့် ဆောင်ရွက်လျက် ရှိပေသည်။ တပ်မတော် အစိုးရ အနေဖြင့် ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလ တွင် ပြည်သူတို့ ရွေးကောက် တင်မြှောက်သည့် အစိုးရထံ သို့ နိုင်ငံတော် ၏ အာဏာ အရပ်ရပ်ကို ငြိမ်းချမ်းစွာ လွှဲပြောင်း ပေးခဲ့ပြီး နောက်ပိုင်း၌ တပ်မတော် သည် အဓိက တာဝန်ဖြစ်သော အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီ မျိုးချစ် တပ်မတော် ဖြစ်စေရေး အစဉ်တစိုက် ရည်မှန်းချက် ထား တည်ဆောက်လျက် ရှိပါသည်။ 



တပ်မတော်အား နိုင်ငံတကာ စံချိန်စံညွှန်း များနှင့် ကိုက်ညီသည့် Standard Army အဖြစ် တည်ဆောက် ရာတွင် လူ၊ လက်နက်၊ ပစ္စည်း ကိရိယာများ ဖွဲ့စည်းရုံဖြင့် မပြည့်စုံဘဲ မိမိ၏ စစ်လက်နက် ပစ္စည်း ကိရိယာ များအား ကျွမ်းကျင် ပိုင်နိုင်စွာ ကိုင်တွယ် နိုင်ရေး၊ လက်တွေ့ ထိရောက်စွာ အသုံးချ နိုင်ရေး သည်လည်း အရေးကြီး သည်။ စွမ်းရည် ထက်မြက်ရေး အတွက် စစ်ရေး စွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည် နှင့် စည်းရုံးရေး စွမ်းရည် (၃)မျိုးလုံး ထက်မြက် နေအောင် လေ့ကျင့်ရာ၌ စစ်ရေး စွမ်းရည် သည် တပ်မတော်၏ Professional အလုပ် ဖြစ်ပေသည်။ စစ်ရေး စွမ်းရည် ထက်မြက်စေရေး အတွက် စဉ်ဆက်မပြတ် လေ့ကျင့်မှု ( Substainable Training ) ရှိရန် လိုအပ် ပေသည်။ 

တပ်မတော် အနေဖြင့် တပ်ဖွဲ့၊ တပ်ရင်း၊ တပ်မ အလိုက် သက်ဆိုင်ရာ လက်ရုံး ဝန်ထမ်း တပ်ဖွဲ့အလိုက် စစ်ရေး စွမ်းရည် ထက်မြက် စေရေး လေ့ကျင့်မှု များအား နေ့စဉ်၊ အပတ်စဉ်၊ လစဉ် လေ့ကျင့်လျက် ရှိပေသည်။ လေ့ကျင့်ရေး နှစ်အလိုက် လည်း ထိုကဲ့သို့ တပ်ဖွဲ့အလိုက် လေ့ကျင့်မှု များအား စုပေါင်း၍ နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ပီပြင်စွာ ထမ်းဆောင် နိုင်ရန် နှင့် နိုင်ငံတော် ၌ ပြည်တွင်း ပြည်ပ အန္တရာယ်များ ကျရောက် လာပါက ပေါင်းစည်း ကာကွယ် နိုင်ရန်အတွက် တပ်မတော် ၏ စစ်လက်ရုံးများ ပေါင်းစည်း ပါဝင်သော စစ်ရေး လေ့ကျင့်မှု များလည်း မလွဲမသွေ လိုအပ် ပေသည်။ ထို့ကြောင့် တပ်မတော် အနေဖြင့် ၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်းတွင် ပူးပေါင်း စစ်ဆင်ရေး ( Joint Operation ) လေ့ကျင့်ခန်း အား (၂)ကြိမ် ပြုလုပ်၍ တပ်မတော်၏ စစ်ရေး စွမ်းရည်ကို အဆင့်မီစွာ ပြသ လေ့ကျင့်ခဲ့ ပါသည်။ 

ပူးပေါင်း စစ်ဆင်ရေး (Joint Operation ) သည် နိုင်ငံ တစ်နိုင်ငံတွင် ဖွဲ့စည်း ထားသည့် (ကြည်း)၊ (ရေ)၊ (လေ)တပ်ဖွဲ့ (၃)ရပ်အနက် (၃)ရပ်စလုံး သို့မဟုတ် အနည်းဆုံး (၂)ရပ် ပေါင်းစပ် ပါဝင်သည့် စစ်ဆင်မှု အမျိုးအစား ဖြစ်ပါသည်။ ခေတ်သစ်စစ်ပွဲ များတွင် နိုင်ငံတော် အား ကာကွယ်ရန် ဖွဲ့စည်း ထားသည့် ကြည်း၊ ရေ၊ လေ လက်ရုံးတပ်ဖွဲ့ များသည် သီးခြားစီ စစ်ဆင် ရခြင်းထက် ပေါင်းစည်း၍ စစ်ဆင် တိုက်ခိုက် ရပါသည်။ စစ်ပွဲ အတွေ့အကြုံများ၊ စစ်ပွဲ အတွင်း ထားရှိသည့် စစ်အခြေခံ သဘောတရား များကို အခြေခံ၍ ပူးပေါင်း စစ်ဆင်ရေး ၏ အခြေခံ ဥပဒေသ များကို ဖော်ထုတ်ခဲ့ရာ အခြေခံ ဥပဒေသ (၁၁)ခု ရှိပါသည်။ အရေးကြီး သော အခြေခံ အချက်များမှာ တစ်ခုတည်းသော ရည်မှန်းချက် ထားရှိခြင်း၊ တစ်ခုတည်းသော ကွပ်ကဲမှု ရှိခြင်း၊ (ကြည်း)၊ (ရေ)၊ (လေ)တပ်များကို ရည်မှန်းချက် တာဝန်နှင့် အညီ ဟန်ချက်ညီစွာ ဖွဲ့စည်း ထားခြင်း၊ နိုင်ငံတော်၏ အမျိုးသားရေး အကျိုးစီးပွား၊ အမျိုးသားရေး မဟာဗျူဟာ၊ နိုင်ငံတော်၏ ဂုဏ်သက္ခာကို ကာကွယ်ရန် နှင့် အကျိုးပြု စေရန်အတွက် ရည်မှန်းချက် အသီးသီး တို့ကို စစ်ဆင်နိုင်စွမ်း ရှိခြင်းတို့ ဖြစ်ပေသည်။ ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်ခန်း ကို ဆောင်ရွက် ရာ၌ စွမ်းရည် မတူသော တပ်ဖွဲ့များအား စုပေါင်း၍ တပ်ဖွဲ့ တစ်ဖွဲ့၏ လိုအပ်ချက်ကို ကျန်တပ်ဖွဲ့ များက ဖြည့်ဆည်း ပံ့ပိုး ပေးခြင်း၊ တပ်ဖွဲ့အလိုက် အားသာချက် များကို ကျန်တပ်ဖွဲ့ များက စုပေါင်း၍ မြှင့်တင် ပေးခြင်း၊ တပ်ဖွဲ့အလိုက် အချိန်ကိုက် ဟန်ချက်ညီ ( Timing and Synchronize ) စုပေါင်း ဆောင်ရွက် ကြခြင်းဖြင့် ယနေ့ ခေတ်သစ်စစ်ပွဲ များ၌ အသုံးပြု နေသည့် တပ်အင်အားကို ဆပွား တိုးတက်  စေခြင်း ( Force Multiplier ) ၊ စွမ်းအားကို ဆပွား တိုးတက် စေခြင်း ( Capability Multiplier ) တို့ကို ရရှိအောင် လေ့ကျင့် ကြရ ပါသည်။




တပ်မတော် (ကြည်း)၊ (လေ)၊ အမြောက်နှင့် သံချပ်ကာ ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်ခန်း အား ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ အထိ လေ့ကျင့် ဆောင်ရွက်ခဲ့ ပါသည်။ တပ်မတော်၏ လက်ရုံး၊ ဝန်ထမ်းတပ်ဖွဲ့ ပေါင်း ၁၅ ဖွဲ့မှ အရာရှိ၊ စစ်သည် အင်အား ၄ဝဝဝ ခန့် ပါဝင်၍ လေ့ကျင့်ခဲ့ ကြသည်။ လေ့ကျင့်ခန်း အား ထိရောက်စွာ ဆောင်ရွက် နိုင်ရေးအတွက် နိုင်ငံတကာ အခြေအနေ၊ ဒေသတွင်း အခြေအနေ နှင့် ကိုက်ညီသည့် ဖြစ်စဉ်ဖြစ်ရပ် များကို လေ့လာ၍ လေ့ကျင့်မှု စီမံချက်အား အသေးစိတ် ရေးဆွဲခဲ့ ရသည်။ တပ်မတော် အကြီးအကဲ အဆင့်ဆင့် တို့မှ အကြိမ်ကြိမ် လေ့လာ စစ်ဆေး၍ တကယ့် စစ်မြေပြင် နှင့် ပုံသဏ္ဌာန်တူ လေ့ကျင့် နိုင်ရေး၊ ပါဝင်သည့် တပ်ဖွဲ့ အားလုံး၏ စွမ်းရည်များ ပေါ်လွင် စေရေး၊ ခေတ်မီ လက်နက်စနစ် များအား လက်တွေ့ အသုံးချ နိုင်စေရေး မှသည် တပ်မတော် သည် နိုင်ငံတော် ကာကွယ်ရေး တာဝန်အား ထက်မြက် မြင့်မားစွာ ထမ်းဆောင် နိုင်စွမ်း ရှိကြောင်း ပြသနိုင်ရန် ဆောင်ရွက်ခဲ့ ပါသည်။ လေ့ကျင့်ခန်း တွင်ပါဝင်သည့် တပ်ဖွဲ့ အားလုံးအား ပူးပေါင်း စစ်ဆင်ရေး ၏အခြေခံ ဥပဒေနှင့် အညီ တစ်ခုတည်းသော ကွပ်ကဲမှု ( Unified Command ) ရှိစေရန် အတွက် ပူးပေါင်း စစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့ ( Joint Operation Command ) အား ဖွဲ့စည်း လေ့ကျင့် ခဲ့သည်။

လေ့ကျင့်ခန်း တွင် တပ်မတော် (ကြည်း)မှ ခြေလျင်တပ်မ တစ်ခု ပါဝင် လေ့ကျင့် ဆောင်ရွက် နိုင်ခဲ့ပြီး ချီစစ် စစ်နည်း ဗျူဟာများ၊ တိုက်စစ် စစ်နည်း ဗျူဟာများ၊ ခံစစ် စစ်နည်း ဗျူဟာ များအား လက်ရုံးတပ်ဖွဲ့ များနှင့် ပူးပေါင်း လေ့ကျင့် နိုင်ခဲ့သည်။ တပ်မတော် (လေ) အနေဖြင့် စတုတ္ထ မျိုးဆက် ဘက်စုံသုံး ဂျက် တိုက်လေယာဉ်၊ ကြားဖြတ် တိုက်လေယာဉ်၊ ဗုံးကြဲ လေယာဉ်၊ တိုက်လေယာဉ်၊ အလတ်စား သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် နှင့် သယ်ယူ ပို့ဆောင်ရေး လေယာဉ်များ ပါဝင်သည့် လေယာဉ် အမျိုးအစား ၈ မျိုးဖြင့် ဖွဲ့စည်းထား၍ လေယာဉ်၊ ရဟတ်ယာဉ် ၂၃ စီးတို့သည် လှုပ်ရှား ဆောင်ရွက်မှု ၁၄ မျိုး ပါဝင် ဆောင်ရွက် လေ့ကျင့်ခဲ့ ကြသည်။ ရန်သူ့ နောက်ပိုင်း နေရာသို့ မိမိ ကွန်မန်ဒို တပ်ဖွဲ့ များအား ရဟတ်ယာဉ်ဖြင့် သယ်ဆောင်၍ စစ်မြေပြင် သို့ ရှေ့တန်း ကျကျ ပို့ဆောင်ရေး လေ့ကျင့်ခန်း များကိုပါ ထည့်သွင်း လေ့ကျင့်ခဲ့ ကြသည်။ အလားတူ အမြောက်များ လည်း လိုအပ်သည့် နေရာသို့ ရဟတ်ယာဉ်ဖြင့် လျင်မြန်စွာ ရွှေ့ပြောင်း ပို့ဆောင် ပေးနိုင်ခဲ့သည်။

အမြောက်တပ်ဖွဲ့ အနေဖြင့် ခေတ်မီ အမြောက် နှင့် မြေပြင်ပစ်ဒုံး အမျိုးအစား ၄ မျိုး၊ အမြောက် မျိုးစုံ ၃၉ လက်အား အမြောက်စခန်း များမှ တိကျစွာ ပစ်ကူပေး လေ့ကျင့် ခဲ့သည့်အပြင် ခေတ်မီ အထောက် အကူပြု ပစ်မှတ် ရှာဖွေရေး စနစ်များ ကိုလည်း အသုံးပြု နိုင်ခဲ့ ပါသည်။ တင့်၊ သံချပ်ကာ တပ်ဖွဲ့ များမှလည်း  တင့်၊ သံချပ်ကာ တိုက်ယာဉ် အမျိုးအစား ၄ မျိုး၊ အထောက် အကူပြု ယာဉ် ၃ မျိုး၊ စုစုပေါင်း ယာဉ်စီးရေ ၁ဝဝ စီးဖြင့် ခြေလျင်တပ် များနှင့်အတူ ပူးပေါင်း ပါဝင်ခဲ့သည်။ လေ့ကျင့်ခန်း စီမံချက်ပါ အတိုင်း နဂါးပတ် စစ်ဆင်ခြင်း၊ အမြတ်ထုတ် အောင်မြေ ချဲ့ခြင်း၊ ရန်သူ့တင့်၊ သံချပ်ကာ ကားများအား တိုက်ခိုက် ဖျက်ဆီးခြင်း၊ ခြေလျင်တပ် များအား အနီးကပ် အကူပေးခြင်း စသည့် လေ့ကျင့်မှုများ ဆောင်ရွက် ခဲ့သည်။

ခေတ်သစ် စစ်ပွဲများ၌ လေကြောင်း အရေးသာမှု၊ လေကြောင်း စွမ်းအား သာလွန်မှု သည် အရေးကြီး သကဲ့သို့ ရန်သူ၏ လေကြောင်းမှ တိုက်ခိုက် လာမှု အားလည်း မိမိမှ ခုခံကာကွယ် တွန်းလှန် နိုင်ရန် အရေးကြီး ပါသည်။ ရန်သူ၏ ဝေဟင်မှ တိုက်ခိုက်လာမှု များအား ကာကွယ် နိုင်ရန် အတွက် လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့ အနေဖြင့် ခေတ်မီ ဝေဟင်ပစ်ဒုံး နှင့် လေယာဉ်ပစ် အမြောက် ၃ မျိုး၊ လက်နက် ၃၆ လက် တို့ဖြင့် ပစ်မှတ် ထောက်လှမ်း ရှာဖွေရေး၊ စောင့်ကြည့်ရေး လုပ်ငန်းများ အား ပါဝင် လေ့ကျင်ခဲ့ ပါသည်။ အချိန်ကိုက် နှင့် ဟန်ချက်ညီ ဆောင်ရွက် ရသော စစ်ဆင်ရေး ဖြစ်သဖြင့် အချိန်နှင့် တစ်ပြေးညီ သတင်း အချက်အလက် များ ဆက်သွယ် ပေးပို့ နိုင်ရေး ကြီးကြပ် ကွပ်ကဲမှု အဆက်မပြတ် စေရေးအတွက် ခေတ်မီ ဆက်သွယ်ရေး ကိရိယာများ၊ အီလက်ထရောနစ် စစ်ဆင်ရေး (EW) တန်ပြန် အီလက်ထရောနစ် စစ်ဆင်ရေး၊  (ECM) ကိရိယာများ ကိုပါ ထည့်သွင်း လေ့ကျင့်၍ လေ့ကျင့်ခန်း ကာလ တစ်လျှောက် အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ ပါသည်။ 

ခေတ်သစ် စစ်ပွဲများတွင် ခေတ်မီ အသုံးအဆောင် ပစ္စည်း အမြောက်အမြား ကို အသုံးပြု ရခြင်း၊ လက်နက်ခဲယမ်း အမျိုးအစား စုံလင်စွာ အသုံးပြု ရခြင်းတို့ကြောင့် အုပ်ချုပ် ထောက်ပံ့မှု စနစ်များကို အချိန်နှင့် တစ်ပြေးညီ ထောက်ပံ့ ပေးရန် အရေးကြီး ပါသည်။ ယခု လေ့ကျင့်ခန်း ၌ စစ်လက်နက် ပစ္စည်း၊ ရိက္ခာ၊ စက်သုံးဆီ နှင့် စခန်းချရန် နေရာများ ထောက်ပံ့မှု စနစ်အား သက်ဆိုင်ရာ လက်ရုံး၊ ဝန်ထမ်း တပ်ဖွဲ့များမှ စနစ်တကျ ပါဝင် လေ့ကျင့်ခဲ့ ပါသည်။ 

ယခု လေ့ကျင့်ခန်း ၌ စစ်သည်များ၏ ကျန်းမာ ကြံ့ခိုင်ရေး နှင့် စိတ်ဓာတ်ပိုင်း ဆိုင်ရာ တိုးတက် မြင့်မားရေး အတွက်ကိုပါ ထည့်သွင်း လေ့ကျင့် နိုင်ခဲ့ ပါသည်။ စိတ်ဓာတ် စစ်ဆင်ရေး တပ်ဖွဲ့များ အနေဖြင့် တိုက်ပွဲဝင် စစ်သည်များ ၏ စိတ်ဓာတ် မြင့်မား စေရေး စစ်မြေပြင် အရောက် ဖျော်ဖြေမှုများ၊ ရန်သူအပေါ် စိတ်ဓာတ်ပိုင်း ဆိုင်ရာ ထိုးနှက် တိုက်ခိုက်မှု များအား ဆောင်ရွက် နိုင်ခဲ့သည်။ တပ်မတော် ဆေးတပ်ဖွဲ့များ အနေဖြင့်လည်း စစ်မြေပြင် ဆေးရုံ ဖွင့်လှစ်၍ တိုက်ပွဲဝင် စစ်သည်များ၏ ကျန်းမာ ကြံ့ခိုင်မှုအား ကာကွယ် စောင့်ရှောက် ပေးခဲ့သည်။ ထူးခြားချက် တစ်ခုမှာ စိတ်ဓာတ် စစ်ဆင်ရေး တပ်ဖွဲ့များ နှင့် တပ်မတော် ဆေးတပ်ဖွဲ့ တို့သည် လေ့ကျင့်ခန်း ဆောင်ရွက်ရာ ဒေသ တစ်ဝိုက်ရှိ ပြည်သူလူထု ကိုပါ ပြည်သူ့စစ် မဟာဗျူဟာနှင့် အညီ ဆေးဝါး ကုသပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု များ ပြုလုပ် ပေးခြင်း၊ ရှေ့တန်း ဖျော်ဖြေရေး အဖွဲ့များ၏ ရုပ်ရှင်၊ မျက်လှည့်၊ အငြိမ့်၊ ပြဇာတ် တို့ဖြင့် ဖျော်ဖြေပေးပြီး ပြည်သူတို့၏ ထောက်ခံ အားပေးမှုကို ရယူ နိုင်ခဲ့ ပါသည်။ 

(ကြည်း)၊ (လေ)၊ အမြောက်နှင့် သံချပ်ကာ ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်ခန်း အား တပ်များ အလိုက် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ မှစ၍ သက်ဆိုင်ရာ တပ်များ၏ လေ့ကျင့်ခန်း နယ်မြေများ တွင် ကြိုတင် လေ့ကျင့်ခဲ့ပြီး ပူးပေါင်း စစ်ဆင်ရေး ပြုလုပ်မည့် မိတ္ထီလာ (မုန်တိုင်) ဒေသ၌ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ မှစ၍ လေ့ကျင့်ခဲ့ခြင်း ဖြစ်ပါသည်။ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နှင့် ၂၅ ရက်နေ့ များတွင် လေ့ကျင့်ခန်း အား အစ၊ အဆုံး အပြီးသတ် လေ့ကျင့်မှု ဆောင်ရွက်ခဲ့ ပါသည်။ လေ့ကျင့်ခန်း ကြာမြင့်ချိန် မှာ ၂၆ နာရီခန့် ဖြစ်ပါသည်။ ၂၆ နာရီကြာ လေ့ကျင့်ခန်း ကြာမြင့်မှု ကာလအတွင်း တပ်များ စုဖွဲ့ခြင်း၊ ရှေ့တန်း စခန်းများသို့ ချီတက်ရန် ချီစစ် ဆင်ခြင်း၊ ရှေ့တန်း စခန်းများ၌ တပ်စွဲခြင်း၊ ရန်သူ့ အခြေအနေ အား ကင်းထောက်ခြင်း၊ စစ်ဆင်မည့် အခြေအနေ အား သုံးသပ်ခြင်း၊ စီမံချက် ရေးဆွဲခြင်း စသည့် တိုက်ပွဲ လုပ်ငန်းစနစ် များအား တိုက်စစ် မစတင်မီ အစီအစဉ် တကျပြုလုပ် ခဲ့ပါသည်။ စစ်ဆင်ရေး စီမံချက်ကြီး တစ်ခုလုံး အခြေပြု ထားသည့် သတ်မှတ် အချိန် (န-နာရီ) ကိုက် ဖြစ်အောင် မြောက်များ လှစွာ သောတပ်များ၊ တိုက်ခိုက် ပစ်ခတ်မှု များအား စီမံချက်ပါ အတိုင်း ပြုလုပ် နိုင်ခဲ့ ပါသည်။ ရန်သူ့ နေရာများ နှင့် အင်အားစု များအား တစ်ချိန်တည်း တစ်ပြိုင်တည်း အဆက်မပြတ် တိုက်ခိုက်နိုင်ခဲ့ ပါသည်။ လေကြောင်းမှ ပစ်မှတ် နေရာများ ပေါ်တွင် ဗုံး၊ ဒုံး၊ စစ်အမြောက် များဖြင့် တိကျ ထိရောက်စွာ ပစ်ခတ် ချေမှုန်းခြင်း၊ အမြောက်နှင့် မြေပြင်ပစ်ဒုံး တို့ဖြင့် ချေမှုန်း ပစ်ခတ်ခြင်း၊ တင့်၊ သံချပ်ကာ နှင့် ခြေလျင်တပ်ဖွဲ့ တို့မှ ရန်သူ့ နေရာ များအား တုန်လှုပ် ချောက်ချားဖွယ် ပစ်အား ( Firing Power ) နှင့် လျင်မြန်သော ချီတက် စစ်ကစားမှု ( Monoeuvre ) တို့ဖြင့် သိမ်းပိုက် စစ်ဆင်မှု တို့အား ကျေနပ် အားရ၊ စိတ်ဓာတ် တက်ကြွဖွယ် ဆောင်ရွက် နိုင်ခဲ့ပါသည်။ 

ပူးပေါင်း စစ်ဆင်ရေး ၏ အနှစ်သာရ ဖြစ်သော ပူးပေါင်း စစ်ဆင်နိုင်မှု စွမ်းရည်၊ အချိန် ကိုက်နှင့် ဟန်ချက်ညီ ဆောင်ရွက်နိုင်မှု စွမ်းရည် တို့အား မျက်ဝါးထင်ထင် တွေ့မြင် ရသော တပ်မတော် အကြီးအကဲ များ၊ တပ်မတော် တန်းမြင့် လေ့ကျင့်ရေး ကျောင်းများမှ ကျောင်းအုပ်ကြီး များ၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများ နှင့် စစ်ဦးစီး တက္ကသိုလ် မှ သင်တန်းသား အရာရှိကြီး များထံမှ ချီးကျူး လက်ခုပ်သံ များသည် လေ့ကျင့်ခန်း အစမှ အဆုံးထိ အသံမစဲ ချီးကျူး ဂုဏ်ပြုခဲ့ ရပါသည်။ 

ကမ္ဘာ၌ ငြိမ်းချမ်းရေး၊ လက်နက်များ ဖျက်သိမ်းရေး၊ လူ့အခွင့်အရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျန်းမာရေး စသည် စသည်ဖြင့် နှစ်လိုဖွယ်ရာ ဟန်ရေးပြမှု များ ရှိနေသော်လည်း သတင်းခေတ်၏ အကျိုး ကျေးဇူး အားဖြင့် လက်တွေ့ မြင်တွေ့ နေရသော ပုံရိပ်များမှာ ဒေသအနှံ့ ဖြစ်ပွား နေသော မငြိမ်သက် မှုများ၊ အင်အားကြီး နိုင်ငံများ၏ အကြောင်း အမျိုးမျိုးပြ ဝင်ရောက် စွက်ဖက်မှုများ၊ တရားသည် ဖြစ်စေ၊ မတရားသည် ဖြစ်စေ ¤င်းတို့ မနှစ်သက် သော အစိုးရ များအား ဖြုတ်ချရန် ကြိုးပမ်း အားထုတ်မှု များ၊ နှစ်သက်သော အစိုးရအား မျက်စိစုံမှိတ် ကာကွယ်ပေး နေမှုများ၊ လက်နက်သစ်၊ ခဲယမ်းသစ် ထုတ်လုပ် စစ်အင်အား တိုးချဲ့ နေမှုများ ကိုသာ လက်တွေ့ မျက်တွေ့ မြင်တွေ့ နေရသည်မှာ အခြေအနေ မှန်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးသည် ¤င်းတို့၏ ကာကွယ်ရေး နှင့် စစ်ရေး စွမ်းအား ကို ပေါ်ပေါ်ထင်ထင် ဖြစ်စေ၊ လျှို့ဝှက်၍ ဖြစ်စေ တိုးတက်အောင် ဆောင်ရွက် နေကြခြင်း လည်း ဖြစ်ပေသည်။ အိမ်နီးချင်း နိုင်ငံများ အပါအဝင် မဟာဗျူဟာ အရ အရေး ပါလာသော အာရှ - ပစိဖိတ် ဒေသနှင့် အရှေ့တောင် အာရှဒေသ ရှိ တပ်မတော် အသီးသီး သည်လည်း မိမိနိုင်ငံ နှင့် လျော်ညီသော ကာကွယ်ရေး စွမ်းအား ရှိစေရန် စစ်ရေး တည်ဆောက်မှု၊ လေ့ကျင့်မှု များအား စဉ်ဆက်မပြတ် ပြုလုပ်လျက် ရှိသည်။

မြန်မာ့ တပ်မတော် အနေဖြင့် နိုင်ငံတော် ကာကွယ်ရေး အတွက် ခိုင်မာသည့် Institution ဖြစ်သည် နှင့်အညီ ကာကွယ်ရေး စွမ်းအား တည်ဆောက် ရာ၌ ဒေသတွင်း နိုင်ငံများနှင့် အညီ ရင်ပေါင်တန်း ဆောင်ရွက် နိုင်ရေး ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်ခန်း အား ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ လေ့ကျင့်ခန်း ၌ ခေတ်သစ် စစ်ပွဲ၏ အခြေခံ သဘော တရားများ၊ စွမ်းရည် များအား ထည့်သွင်း ပြသနိုင်ခဲ့ ပါသည်။ မြန်မာ့ တပ်မတော် သည် ခေတ်မီ လက်နက်များကို ကျွမ်းကျင် ပိုင်နိုင်စွာ အသုံးပြု နိုင်စွမ်း ရှိသည့် စွမ်းရည် ထက်မြက် သော တပ်မတော် ဖြစ်ကြောင်း ပြသနိုင်ခဲ့ သည့်အပြင် ကုန်ကျစရိတ် များပြား လှသည့် စစ်ဆင်ရေး လေ့ကျင့်ခန်း ၌ မြန်မာ့ တပ်မတော်မှ တီထွင် ထုတ်လုပ် ထားသော စစ်လက်နက် ပစ္စည်းများ၊ ခဲယမ်းများ ကိုသာ အများဆုံး အသုံးပြု ခဲ့သဖြင့် မြန်မာ့ တပ်မတော်သည် စစ်ဆင်ရေး စွမ်းရည် သာမက တီထွင် ထုတ်လုပ်နိုင်မှု စွမ်းရည်၊ ခြို့ခြံ ချွေတာနိုင်မှု စွမ်းရည်( Cost Effective ) ရှိသော Standard Army ဖြစ်ကြောင်း သက်သေ ပြနိုင်ခဲ့ ပါသည်။ 

ကာကွယ်ရေး စွမ်းအား တိုးချဲ့ခြင်း၊ စစ်ရေး လေ့ကျင့်ခြင်း များသည် စစ်ပွဲ အတွက်သာ ကြိုတင် ပြင်ဆင်နေခြင်း မဟုတ်ပါ။ စစ်မဖြစ်အောင် ကြိုတင် ကာကွယ် နေခြင်းလည်း ဖြစ် ပေသည်။ လေးစား ခန့်ညား လောက်သော စစ်အင်အား ရှိမှသာ ကျူးကျော်လိုသူ၊ အဖျက် အမှောင့် လုပ်လိုသော သူများ နောက်တွန့် တော့မည် ဖြစ်ပါသည်။ (ကြည်း)၊ (လေ)၊ အမြောက် နှင့် သံချပ်ကာ ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်ခန်း အား အဆင့် မြင့်မား အောင်မြင်စွာ ပြုလုပ် နိုင်ခဲ့ခြင်းဖြင့် မြန်မာ့ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေး တာဝန် အတွက် လေးစား ခံ့ညား လောက်သည့် ကာကွယ်ရေး စွမ်းရည် ရှိကြောင်း မှတ်ကျောက်တင် ခံနိုင်ခဲ့ ပါသည်ဟု ဂုဏ်ပြု ရေးသား လိုက်ရ ပါသည်။



မောင်ဇော်ထွန်း(ရေနံ့သာ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger