www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 30, 2013

ကျန်းမာစေကြောင်း နှစ်သစ်ဆုတောင်း


ကျန်းမာစေကြောင်း နှစ်သစ်ဆုတောင်း

နှစ်သစ် ရောက်တော့မှာ ဖြစ်လို့ လူတိုင်း ပျော်ရွှင်နေကြ လိမ့်မယ် ထင်ပါတယ်။ နှစ်သစ်ဆိုတာ အမှန်တော့ လူသစ် ၊ စိတ်သစ် ၊ ခွန်အားသစ် နဲ့ ဘဝသစ် စတင်ဖို့ အကောင်းဆုံး အခွင့်အရေး တစ်ခု ဖြစ်ပါတယ်။နှစ်ဟောင်းက စိတ်ပျက် ဝမ်းနည်းစရာ တွေကို မေ့ထားပြီး နေ့သစ်ဆီကို မျှော်လင့်ချက် ကိုယ်စီနဲ့ ဆက်လက် လျှောက်လှမ်း ရမှာ ဖြစ်ပါတယ်။ နှစ်သစ်မှာ လူတိုင်း ပျော်ရွှင် ချမ်းမြေ့ ချင်ကြတယ်။ ပိုမိုပြည့်စုံ တဲ့ဘဝကို ပိုင်ဆိုင် ချင်ကြတယ်။ ကျန်းမာရေး ၊ လူမှုရေး ၊ စီးပွားရေး ကောင်းမွန်ဖို့ ဆုတောင်း ကြတယ်။ ဒီလို လုပ်တဲ့အခါ ဆုတောင်း ရုံမျှနဲ့ မပြီးသေးဘူး။ ကိုယ်တိုင် လိုက်နာ နိုင်ဖို့လဲ လိုအပ် ပါတယ်။ ကျန်းမာတယ် ဆိုရင် လူအများ ထင်လိုက်တာက သန်သန်မာမာ လှုပ်ရှားသွားလာ နိုင်ရင် ကျန်းမာတယ် ပေါ့။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ( WHO ) က သတ်မှတ်တဲ့ စံနှုန်းအရ ဆိုရင် ကျန်းမာခြင်း ဆိုတာ လူကျန်းမာဖို့ သာမက စိတ်ချမ်းသာ ဖို့လဲ လိုအပ်ပါတယ်။ ဒီနှစ်ခုလုံး ညီညွတ်မျှတမှ ကျန်းမာခြင်း အစစ်အမှန်လို့ ဆိုထားတယ်။ ဒီနှစ်ခုလုံး ညီညွတ် မျှတဖို့ဆိုတာ လက်တွေ့မှာ မလွယ်ကူ ပါဘူး။ လူဖြစ်လို့ ဝမ်းနည်းတာ ၊ ဝမ်းသာတာ ၊ စိတ်ဓာတ်ကျတာ ၊ စိတ်လှုပ်ရှားတာ ခံစားရတယ်။ ခန္ဓာဖြစ်လို့ ဖျားနာကိုက်ခဲ ဝေဒနာမျိုးစုံ ခံစားရတယ်။ နှစ်သစ်အတွက် ဆုမွန် မတောင်းမီ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာဖို့ လိုက်နာ ရှောင်ကြဉ် ရမယ့် အချက်တွေကို အရင် ဖော်ပြပါရစေ။

စိတ်ကျန်းမာရေး

စိတ်ကျန်းမာရေး အတွက် အိပ်ရေးဝဝ အိပ်စက်ပြီး စိတ်ကို အနားပေး ရတယ်။ အိပ်စက်ခြင်းက ဦးနှောက်ကို ကြည်လင် လန်းဆန်း စေတယ်။ အိပ်စက်ခြင်း ကြောင့် အားအင်တွေ ပြည့်ဝစေပြီး လုပ်ငန်းခွင်မှာ အောင်မြင် ပြီးစီးအောင် လုပ်ဆောင် နိုင်တာ တွေ့ရ ပါတယ်။ မှတ်ဉာဏ် ကောင်းဖို့ ၊ အကြံဉာဏ် ကောင်းဖို့ ကောင်းကောင်း အိပ်စက် အနားယူဖို့ လိုအပ်ပါတယ်။ လူတစ်ယောက် ဟာ နေ့စဉ် အနည်းဆုံး ၆ နာရီ အိပ်စက် အနားယူဖို့ လိုအပ် ပါတယ်။ စိတ်ကို အနား ပေးပြီးရင် အာဟာရ ဖြည့်တင်း ရတယ်။ စာဖတ်တာ ၊ တီဗွီကြည့်တာ က စိတ်ကို အာဟာရ ဖြည့်တင်းတဲ့ သဘောမျိုး ဖြစ်တယ်။ မိတ်ဆွေ အပေါင်းအသင်း နဲ့ နေထိုင်တာ တွေဟာ စိတ်ကို ကြည်လင် လန်းဆန်း စေတယ်။ တရားမှတ်တာ ၊ ယောဂ ကျင့်တာတွေ ကလဲ စိတ်ကျန်းမာရေး အတွက်ပဲ မဟုတ်ပါလား။ စိတ်ချမ်း သာစေဖို့ မေတ္တာတရား ဟာ အရေးကြီး ပါတယ်။ နှစ်သစ်မှာ လူအချင်းချင်း မေတ္တာထားပြီး ပတ်ဝန်းကျင် ကို ကူညီ နိုင်အောင် စဉ်းစားကြည့်ပါ။ အဖွဲ့အစည်း တွေနဲ့ ပရဟိတ လုပ်ဆောင် ကြည့်ပါ။ မိမိကိုယ်တိုင် ပျော်ရွှင် ချမ်းမြေ့ လာတာ တွေ့ရ ပါလိမ့်မယ်။ ပို အရေးကြီးတဲ့ အချက်က မိမိစိတ်ကို သန့်ရှင်း စင်ကြယ်အောင် ထားသင့်တယ်။ အတိတ်က အကြောင်းအရာ တွေအတွက် မိမိကိုယ်ကို အပြစ် ရှိတယ်လို့မခံယူပါနဲ့။ အတိတ်ဆိုတာ သင်ခန်းစာ ယူဖို့ အစိတ်အပိုင်း ဖြစ်ပြီး ပစ္စုပ္ပန် ဆိုတာ လက်တွေ့ အသုံးချ ရတဲ့ နယ်ပယ် ဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီးဆုံး ဖြစ်တဲ့ ပစ္စုပ္ပန် မှာနေပြီး အကောင်းဆုံး ကြိုးစားရင် အနာဂတ် ဆိုတာ အောင်မြင်မှုတွေ စုဝေးရာ နေရာတစ်ခု ဖြစ်လာ ပါတယ်။ စိတ်ကျန်းမာရေး အတွက် အခြေခံ ကျတဲ့ အချက် နှစ်ခုက စိတ်ကို အနားပေးပါ။ စိတ်ကို အာဟာရ ဖြည့်တင်းပါ။

ကိုယ်ကျန်းမာရေး

ကိုယ်ကျန်းမာရေး အတွက် အစားအသောက် ၊ အနေအထိုင်က အရေးကြီး ပါတယ်။ ကျန်းမာရေး အတွက် ကိုယ်လက် လှုပ်ရှားမှု နေ့စဉ် လုပ်ဆောင်ပါ။ လေ့ကျင့်ခန်းက စိတ်ရော ၊ ကိုယ်ပါ နုပျို လန်းဆန်း စေတယ်။ လှုပ်ရှားတဲ့ အရာမှန်သမျှ ကျန်းမာရေး အတွက် ကောင်းတယ်။ လေ့ကျင့်ခန်း အတွက် အလွယ်ဆုံး နည်းက လမ်းလျှောက်ခြင်း ဖြစ်ပါတယ်။ နေ့စဉ် နာရီဝက် အနည်းဆုံး လမ်းလျှောက်ဖို့ လိုအပ် ပါတယ်။ လမ်းလျှောက်ခြင်း အပြင် မိမိ ဝါသနာပါရာ အားကစား တွေကို လုပ်ပေး သင့်တယ်။ ရေကူး ၊ ကြက်တောင် ၊ GYM ကစားတာ တွေဟာ ကျန်းမာရေး အတွက် ကောင်းတဲ့ အလေ့အကျင့် ကောင်းတွေ ဖြစ်ပါတယ်။ ကျန်းမာရေး ဆိုတာ အသက်ကြီးကြီး ငယ်ငယ် လူတိုင်းနဲ့ သက်ဆိုင် ပါတယ်။ ကျန်းမာစေဖို့ အရေးကြီးတဲ့ အချက် တစ်ခုက အစားအသောက် ဖြစ်ပါတယ်။ အဝလွန်သူ ပေါများနေတဲ့ ဒီနေ့ခေတ်မှာ အဆီ စားခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ် သင့်တယ်။ အဆီအအိမ့် နေရာမှာ ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံ စားတဲ့ အလေ့အကျင့် မျိုးပြောင်းလဲ လုပ်ဆောင် ကြည့်ပါ။ အဝလွန်ခြင်း သာမက နှလုံး ၊ သွေးတိုး ၊ ဆီးချို စတဲ့ရောဂါ တွေကိုပါ ကာကွယ် ပေးတယ်။ နှစ်သစ်မှာ မိမိ ကျန်းမာရေး အတွက် ကောင်းကျိုး မပေးတဲ့ ဆေးလိပ် ၊ အရက် ၊ ကွမ်းယာ စတဲ့ အကျင့်ဆိုး တွေကို စဖြတ် ကြည့်ပါ။ လေ့လာ တွေ့ရှိ ချက်တွေအရ ဆေးလိပ် ၊ အရက်ဖြတ်ဖို့ ဆိုတာ အခက်ခဲဆုံး အလုပ်တွေ ထဲမှာ တစ်ခု အပါအဝင် ဖြစ်တယ်။ ဒါကြောင့် နှစ်သစ်မှာ အခက်ခဲဆုံး အလုပ် တစ်ခု အောင်မြင်အောင် စတင် လုပ်ဆောင် ကြည့်ပါ။ အကယ်၍ အောင်မြင်ပြီ ဆိုရင် ကျန်းမာရေး အတွက် သာမက နှစ်သစ် အတွက်ပါ မင်္ဂလာ တစ်ပါးဖြစ်လာ ပါလိမ့်မယ်။

ဆောင်ပုဒ်ကလေး လက်ဆောင်ပေးချင်

၂ဝ၁၄ ခုနှစ် နှစ်သစ် အတွက် လိုက်နာ စေချင်တဲ့ ကျန်းမာရေး ဆောင်ပုဒ်က '' စိတ်ကျန်းမာရေး အနားပေး ၊ ကိုယ်ကျန်းမာရေး လှုပ်ရှားပေး '' ဖြစ်ပါတယ်။ ကျန်းမာရေး အတွက် အကျိုးပြုမယ့် အမူအကျင့် တွေကို တစ်နှစ်ပတ်လုံး လိုက်နာ နိုင်အောင် ကြိုးစား ကြည့်ပါ။ ဆောင်ရန် ၊ ရှောင်ရန် ဖော်ပြပေးပြီး ဖြစ်လို့ နှစ်သစ် အတွက် ဆုမွန်ကောင်း တောင်းပါရစေ။ နှစ်သစ်မှာ နိုင်ငံသူ ၊ နိုင်ငံသား အားလုံး ပိုမို ကျန်းမာ၍ ပိုမို ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင် နိုင်ကြပါစေ။

ဒေါက်တာ အေးမင်းထူး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger